အလုပ်ရုံဆွေးနွေးပွဲမှသည် နိုင်ငံရေးခရီးဆီ

Views

 

၁၅.၁၀.၂၀၂၄ ရက်နေ့မှာ NCA (၉) နှစ်ပြည့် အခမ်းအနား ကို MICC II မှာ ကျင်းပတယ်။ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ်၊ နိုင်ငံရေးပါတီတွေရယ် အခြားဖိတ်ကြားသင့်တဲ့ ဧည့်သည်တော်တွေရယ် နဲ့ မနက်ပိုင်းမှာ အခမ်းအနားလုပ်တယ်။ နေ့လည်ပိုင်းမှာတော့ “အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်ခဲ့တယ်။

 NCA ဆိုတာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး (တိုင်းရင်းသားရေး) ကို ရောထွေးပြီး ဆောင်ရွက်မယ်ဆိုတဲ့ Idealogy နဲ့ ဆောင်ရွက်ခဲ့တဲ့ တကယ့် အနှစ်သာရရှိတဲ့ စာချုပ်ဖြစ်တာမို့ အတော်များများသော NCA ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဒီစာချုပ်ကို Expired မဖြစ်ချင်ကြဘူး။ ဟုတ်တယ်လေ .... တိုင်းရင်း သားလက်နက်ကိုင်တွေအနေနဲ့ အပစ်အခတ်ရပ်စဲခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတွေဆောင်ရွက်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကိုသွားလိုရပြီ။ အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပကနေ ဆောင်ရွက်လိုရတယ်။ ဆိုတော့ ... လူနည်းစုဖြစ်ပါတယ်လို့ ခံစားနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအတွက် လွှတ်တော်ထဲမဝင်ခင်မှာ ခြေဥပြင်ဆင်ရေး အဆိုတွေကို ဒီကနေ အကြံပြုလို့ရတာ နည်းတဲ့ အခွင့်အရေးလား။ ဒါကြောင့်လဲ ၂၀၂၁ ဖေ ၁ ကိစ္စတွေဖြစ်ပြီး ဝိဝါဒကွဲပြားတဲ့ NCA ထိုးပြီးသား KNU အဖွဲ့အစည်းတောင်မှ “NCA ကနေ ကျုပ်တို့ထွက်ပါတယ်” ဆိုပြီး Official မပြောတာလေ။ ဟို ပဒိုစောတောနီး ဆိုတဲ့ ငတိ က ဘာဖြစ်တယ် ညာဖြစ်တယ် သာပြောနေတာ “ထွက်တယ်ဗျာ” လို့ တစ်ခွန်းမှမပြောတာသာကြည့်တော့။ ထားပါ .. ဆိုတော့ ဟုတ်ပြီ လက်ရှိမှာ NCA ဟာ ပျယ်ပြယ်သွားပြီ (သို့) ဆက်လက်ရှိနေတယ်ဆိုတဲ့ EAOs တွေကြား သဘောထားကွဲလွဲမှုတွေရှိနေပေမဲ့ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ NSPNC ဟာ NCA ရရှိလာဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေ၊ လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAOs တွေ၊ အသိသက်သေတွေနဲ့ ဖိတ်ကြားသင့်သူတွေ၊ အသိပညာရှင်/အတတ်ပညာရှင်တွေပါဝင် တက်ရောက်သော NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့တွေကို နှစ်စဉ် ကျင်းပပြီး “NCA မှသည် စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးဆီသို့” သွားနိုင်ရေး အလွတ် သဘောတွေ့ဆုံ ဆွေးနွေးမှုများမှ ယုံကြည်မှုတည်ဆောက်နိုင်ရေးကို သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ 

 Workshop မှာ တစ်ဖွဲ့(သို့)တစ်ဦး တစ်ယောက်အနေနဲ့ ၇ မိနစ်မျှ ဆွေးနွေး ခွင့်ရကြတယ်။ ၇ မိနစ်ဆိုတဲ့ အချိန်ဟာ တိုတောင်းလွန်းတယ်ဆိုပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရင်ထဲဘာရှိတယ်။ နိုင်ငံရေးပါတီတွေစိတ်ထဲ ဘယ်လိုဖြစ်ချင်တယ်  ဆိုတာတွေသိလာရတယ်။ အဲ့လိုသိလာရတော့ NSPNC အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကြိုတင်ပြင်ဆင်ဖို့ အချက်တွေရလာတယ်။

 အဲ ... ဒီနှစ် Workshop မှာ ထူးခြားချက်တစ်ခုက နိုင်ငံတော်တာဝန်ကို ယူထားတဲ့ နစက ဘာလုပ်နေတယ်။ ဘာဆက်လုပ်မယ်ဆိုတာတွေကို NSPNC က ချပြသွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ အတော့်ကို စိတ်ဝင်တစား လိုက်လံမှတ်သားကြတာတွေ့ရတယ်။

 တဆက်တည်းမှာပဲ NSPNC အနေနဲ့ “အနာဂတ်နိုင်ငံတော်ကိုထုဆစ်ပုံဖော် ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွဲစည်းပုံအခြေခံဉပဒေ ထဲက “တိုင်းဒေသကြီးဝန်ကြီးချုပ် ခန့်အပ်ခြင်း” နဲ့ပတ်သတ်ပြီး မဲများရာပါတီက ခန့်အပ်ခြင်းမဟုတ်ပဲ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ဝန်ကြီးချုပ်ခန့်ထားနိုင်ဖို ဘာတွေပြင်သင့် တယ် ဘယ်လိုချဉ်းကပ်သင့်တယ်ဆိုတာရယ်၊ ဖယ်ဒရယ်စနစ်အတွက် ဘာတွေ လိုအပ်တယ်ဆိုတာရယ်၊ ရွေးကောက်ပွဲဟာ PR နဲ့လုပ်သင့်လား (ဒါမှမဟုတ်) မဲများရာယူနဲ့လုပ်သင့်လားဆိုတာရယ်တွေကို အချက်နဲ့အလက်နဲ့ တွေ့ရှိချက် တွေရှင်းပြသွားတယ်။ NSPNC အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရ ပါတီကို အာဏာလွှတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှ ပါဝင်ဖိုကိုပါ ကြိုတင်ပြင်ဆင် ထားတယ်လို ယူဆမိတယ်။

 NSPNC က ချပြပြီးတဲ့အချိန်မှာတော့ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ က ၇ မိနစ်ဆီစတင်ဆွေးနွေးကြတယ်။ အားလုံးရဲ့ ဆွေးနွေးချက်တွေထဲမှာ ဝိဝါဒ ကွဲပြားတာတွေလဲ တွေ့ခဲ့ရသလို ဘုံသဘောတူညီတာတွေကိုလဲတွေ့ခဲ့ရတယ်။

 ဝိဝါဒကွဲပြားတာတွေကတော့ ထုံးစံအတိုင်း ခြေဉ အသစ်ပြန်ရေးမလား ပြန်ပြင်မလားဆိုတာပါပဲ။ အဲ့အထဲမယ် ၂၅% ကို လွှတ်တော်ထဲ ဘယ်လိုဆက်ထား မယ်ဆိုတာကိုလဲ အကြံပြုတင်ပြသွားတာကိုတော့ ထူးထူးခြားခြား ကြားရပြန် တယ်။

 ဘုံသဘောတူညီချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရမယ်ဆိုတာပါပဲ။ ဦးကိုကိုကြီး တိုလို နိုင်ငံရေးသမားတွေလဲ နောက်ဆုံးမှာ နိုင်ငံရေးနည်းကို နိုင်ငံရေး နည်းနဲ့အဖြေရှာရမယ်ဆိုတာကို လက်ခံကြောင်းပြောသွားတယ်။ နောက် စစ်ဘုရင် ဝါဒတွေထွန်းကားနေတာမို ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေကိုလဲကြားခဲ့ရတာမို တချိန်မှာ အားလုံးရဲ့ အဆုံးသတ်ဟာ ငြိမ်းချမ်းရေးဆိုတာကိုတော့ ဝမ်းမြောက်ဖွယ်သိရတယ်။

နိုင်ငံရေးမကျေနပ်ချက်ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးတာဟာ နိုင်ငံတော်အတွက်လဲ အထိနာသက်သာစေသလို မိဘပြည်သူအတွက်လဲ တည်ငြိမ် အေးချမ်းမှုအသီးအပွင့်ကိုခံစားရတာမို အကောင်းဆုံးသော ရွေးခြယ်မှုတစ်ခုအနေ နဲ့ Constant တည်ရှိနေမှာပါ။

 ဆိုတော့ ... အနှစ်ချုပ်ရမယ်ဆိုရင် NCA ၉ နှစ်ပြည့်နဲ့အတူ လုပ်သွားတဲ့ Workshop ဟာ ငြိမ်းချမ်းရေးခရီးအတွက် အထောက်အကူပြုသလို နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်မယ်လိုလဲ ယူဆပါတယ်။ NSPNC အနေနဲ့လဲ Workshop မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေမှသည် ထာဝရ ငြိမ်းချမ်းရေးခရီးဆီ လျှောက်လှမ်းနိုင်မယ်လိုလဲ မျှော်လင့်မိပါတယ်။

 စကားမစပ် .... NSPNC က ၉ နှစ်ပြည့် Workshop မှာ ဘယ်သူတွေ ဘာပြောခဲ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုလဲ မိဘပြည်သူထံ ချပြလိုရတဲ့ အချိန်မှာ ချပြသင့်တယ်လို တိုက်တွန်းအကြံပြုအပ်ပါတယ်ခင်ဗျာ။


  “အပစ်ရပ်မှသည် ထာဝရငြိမ်းချမ်းရေးခရီးဆီ

  နိုင်ငံရေးဆွေးနွေးပွဲများနှင့်အညီ ချီတက်ရန်ရည်

  အားလုံး ဝိုင်းလို ကြိုးစားကြရပါမည် .....”


မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post