Passport လျှောက်မည့်သူများ လူလိမ်ပွဲစားများကို အားမကိုးပဲ ကိုယ်တိုင်လျှောက်ထားသင့်

Views


နေပြည်တော်၊ စက်တင်ဘာ ၂၃


မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားမည့်သူများအနေဖြင့် လူလိမ်ပွဲစားများကို အားမကိုးဘဲ ကိုယ်တိုင်လျောက်ထားသင့်ကြောင်း နေပြည်တော်ရှိမြန်မာနိုင်ငံကူးလက်မှတ် (Passport )ရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။ 

-

"လတ်တလောမှာ မသိနားမလည်တဲ့သူတွေကို အခွင့်ကောင်းယူပြီးတော့ ပွဲစားတွေက ငွေကြေးအဆမတန် တောင်းခံပြီး လိမ်လည်လုပ်ဆောင်နေတာတွေရှိပါတယ်။ အထူးသတိထားကြဖို့လိုပါတယ်။ မသိနားမလည်ရင် လူကိုယ်တိုင် လာရောက်မေးမြန်းနိုင်သလို။ ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ လူကိုယ်တိုင်လာရောက်လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။" ဟု ၎င်းကပြောသည်။ 

-

Passport လျှောက်ထားရာတွင် လွယ်ကူချောမွေ့ပြီး အခက်အခဲမရှိကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးကိစ္စများဖြင့် အရေးပေါ် အရေးကြီး ပြည်ပသို့ထွက်ခွာလိုသူများအတွက် Green Channel ဖြင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့မှ နေပြည်တော် Passport ရုံးတွင် လာရောက်လျှောက်ထားသူ တစ်ဦးကပြောသည်။ 

-

"ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုသွားပြီး။ ဆေးကုသဖို့ လာလျှောက်တာပါ။ Green Channel နဲ့လျှောက်လို့ရတယ်ဆိုတာကို ဒီရုံးမှာပဲ လာပြီး စုံစမ်းမေးမြန်းပြီး လျှောက်လိုက်တာပါ။ စာရွက် စာတမ်းကတော့ ဆေးရုံတက်တဲ့ လက်မှတ်။ ခံစားနေရတဲ့ ဘာရောဂါဆိုတဲ့ဟာရယ်။ ဆေးကုသပေးတဲ့ ဆရာမကြီးရဲ့ ဆေးမှတ်တမ်း မှတ်ချက်ပေါ့။ ပြီးရင် ကျွန်မက ဘန်ကောက်ကို ဆေးသွားကုမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘန်ကောက်ဆေးရုံကနေ ဆေးစာလက်မှတ်။ သူတို့ဆီမှာ လာကုမယ့်အကြောင်း ဆေးစာပါတယ်။ ထုံးစံအတိုင်း မှတ်ပုံတင်တို့ သန်းခေါင်စာရင်းတို့ Smart Card တို့ Passport အဟောင်းတို့ ဆေးကုသထားတဲ့ စာရွက်စာတမ်းတွေ အကုန်လုံးနဲ့ လျှောက်ပါတယ်။ နေပြည်တော်ကို လျှောက်တာပါ။ နေပြည်တော် ဌာနမှူးရုံးကနေ ဖုန်းဆက်တယ်။ Passport ရုံးကနေ Green Channel နဲ့ ဆက်လျှောက်လို့ရပါပြီဆိုတဲ့ အကြောင်းကို နေပြည်တော်ရုံးကနေ ဖုန်းဆက်ပေးပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို အမြန်ချောနဲ့ ပို့လိုက်ပါတယ်။ နေပြည်တော်ကနေ အကြောင်းကြားတာက တစ်ပတ်အတွင်း အကြောင်းကြားတယ်။ Green Channel နဲ့ လျှောက်တာက ဘာမှအခက်အခဲမရှိဘူး။ ဒီက ဝန်ထမ်းတွေက ကူညီကြတယ်။ လိုအပ်တဲ့ ဟာတွေကိုလည်း လမ်းညွှန်ပြောပြပေးတယ်။ ဘာလုပ်ရမယ်။ ဘယ်ဌာနကို သွားရမယ်ဆိုတာ အာလုံးကူညီပေးတဲ့ အတွက် လွယ်လွယ်ကူကူ ချောချော မွေ့မွေ့နဲ့ ပြီးသွားပါပြီ။ နိုင်ငံခြားကို ဆေးကုသမှုခံယူဖို့ပဲ ဖြစ်ဖြစ် အခြား အကြောင်းတစ်ခုခုနဲ့ ဖြစ်ဖြစ် နိုင်ငံခြားကို သွားဖို့လိုအပ်လာပြီဆိုရင် Green Channel ကနေ လျှောက်ရင် ပိုပြီးမြန်တယ်။ အဆင်လည်းပြေတယ်။ လာလျှောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဝက်ဆိုဒ်ကတော့ passport.gov.mm လို့နားလည်ပါတယ်။ သိချင်တာတွေလည်း စုံစမ်းမေးမြန်းလိုရပါတယ်"ဟု ၎င်းကပြောသည်။

-

မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားလိုပါက ရန်ကုန်မြို့ ရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်ရှိ ရုံးခွဲ ၁၉ ရုံးတွင် နေ့စဥ် သတ်မှတ် အရေအတွက်များ အတိုင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ Passport လျှောက်ထားရာတွင် ၂၀၂၃ ခုနှစ် ဖေဖော်ရီလမှ စ၍ Online Booking တင် Appointment Date ရယူ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


KT

Post a Comment

Previous Post Next Post