အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဖျက်သိမ်းခံ NLD ကိုယ်စားလှယ်ဟောင်းတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါစို့

Views

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဧည့်စာရင်းတိုင်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦး ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုမျိုး အကျည်းတန်အရုပ်ဆိုးတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာ အချိန်ကာလတစ်ခုအထိ ကြာမြင့်နေပြီဖြစ်တဲ့ ရန်ကုန်လိုမြို့ပြကြီးမှာ ယခုလို တစ်စခန်းပြန်ထလာတယ်ဆိုတာ လုံခြုံရေးအပေါ် စိန်ခေါ်လိုက်တဲ့ အချက်ပေးခေါင်းလောင်းသံအလား မှတ်ယူရမှာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဲဒီလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရအနေနဲ့ မကြာခင်မှာ ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာရယ်၊ ရွေးကောက်ပွဲအတွက် လာမယ့်အောက်တိုဘာ လ ၁ ရက်နေ့မှာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ ရွေးကောက်ပွဲ လုပ်မယ့် ရည်ရွယ်ချက်တွေ၊ ဒီမိုကရေစီနိုင်ငံတည်ထောင်မယ့် ရည်ရွယ်ချက်တွေကို ရည်ရွယ် ချက်ရှိရှိ ဖျက်လိုဖျက်ဆီးလုပ်တဲ့ အောက်တန်းကျတဲ့ အကြမ်းဖက်အဖျက်လုပ်ရပ် ဖြစ်နေလို့ပါပဲ။

 အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ နောက်ကွယ်ကနေ စေခိုင်းဦးဆောင်နေတဲ့သူတွေ (တစ်နည်းအားဖြင့်) တိုက်ရိုက်ပါဝင်ပတ်သက်နေသူ အများစုဟာ ဖျက်သိမ်းခံ NLD လွှတ်တော်ကိုယ်စား လှယ်ဟောင်းတွေနဲ့ ဖျက်သိမ်းခံ NLD ပါတီဝင်တွေဖြစ်နေတာကို တွေ့ရမှာဖြစ်သလို အားလုံးလည်း သိထားပြီးဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှာ မဲခိုးပြီး အနိုင်ရလာတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို တပ်မတော်က အရေးပေါ်အခြေအနေကြေညာပြီး ထိန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိစ္စအရပ်ရပ်ကို တရားဥပဒေနဲ့အညီဖြေရှင်းဖို့ တာဝန်ရှိတဲ့သူတွေက ဖျက်သိမ်းခံ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေ မလုပ်ဘဲအေးအေးချမ်းချမ်းနဲ့ နေခွင့်ပေးတယ်၊ ပြန်လွှတ်ပေးတယ်။ အဲဒီလို လုပ်ပေးခဲ့တာ ကိုတောင် လွှတ်တော်ကိုယ်စားလှယ်အများစုက တရားဥပဒေနဲ့မညီတဲ့ CRPH/NUG/PDF စတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေဖွဲ့စည်းပြီး နိုင်ငံအနှံ့မှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။

 ဘယ်လောက်တောင်ဆိုးသလဲဆိုရင် အဲဒီအကြမ်းဖက်အဖွဲ့တွေဟာ "ငါနဲ့မတူ ငါ့ရန်သူ” ဆိုတဲ့အယူဝါဒကိုစွဲကိုင်ပြီး ကလေးလူကြီးပါမချန် အပြစ်မဲ့ပြည်သူတွေနဲ့ ရဟန်းသံဃာတွေကို ဒလန်ခေါင်းစဉ်နဲ့ အကြောင်းမဲ့အပြစ်ရှာပြီး စွပ်စွဲသတ်ဖြတ်တာတွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းမဲ့သတ်ဖြတ်တာတွေ၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရက်ရက်စက်စက် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ လမ်း/တံတားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ လူနေအဆောက်အဦတွေ၊ အစိုးရ အဆောက်အဦတွေကို ဗုံးခွဲ၊ မီးရှို့ တိုက်ခိုက်ဖျက်ဆီးတာတွေ စတဲ့အကြမ်းဖက် လုပ်ရပ် ပေါင်းစုံ ကျူးလွန်ခဲ့ကြတယ်။

 အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တော အနန္တဂိုဏ်းဝင် ရဟန်းသံဃာတွေနဲ့ ဆရာ/ဆရာမတွေကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြ တာတွေက လောကီရေးရာအရရော၊ လောကုတ္တရာအရပါ ဘယ်လိုမှ လက်ခံလို့မရတဲ့ အကြမ်းဖက်မှုတွေဖြစ်ပါတယ်။

ဖျက်သိမ်းခံ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရဟန်း/သံဃာ (၈၄)ပါးနဲ့ သီလရှင် (၂)ပါး ပျံလွန်တော် မူခဲ့ရသလို ပညာရေးဝန်ထမ်း ဆရာ/ဆရာမ (၇၄)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၇)ဦးနဲ့ အခြား ဝန်ထမ်း (၂၇၇)ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၇၂၈၄)ဦး သေဆုံးခဲ့ရပါတယ်။ ဒါက တရားဝင် အတည်ပြုလို့ရတဲ့ အချက်အလက်မျှသာဖြစ်ပြီး လူမသိ၊ သူမသိ အသတ်ခံ၊ လက်စအဖျောက်ခံလိုက်ရတဲ့ ပြည်သူလူထုတွေလည်း အများအပြား ရှိနေသေးတယ်ဆိုတာ အသေအချာပါပဲ။

ဒါ့အပြင် အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စတဲ့ လူနေအဆောက်အဦအပါအဝင် အခြေခံအဆောက်အဦပေါင်း (၁၀၉၃၀)လုံး တို့လည်း ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါကလည်း အဲဒီအကြမ်းဖက်သမားတွေ မီးရှို့ဖျက်ဆီးသွားလို့ ရွာလုံးကျွတ်ပြာကျကုန်တဲ့ ကျေးရွာတွေက နေအိမ်အရေအတွက်တွေ မပါသေးပါဘူး။

တကယ်တော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဥပဒေပြုရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းတွေလုပ်ဖို့ အဓိကတာဝန်ရှိတဲ့သူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့ တရားဥပဒေစိုးမိုးရေးပိုင်းတွေ၊ အုပ်ချုပ်ရေး ပိုင်းတွေ စတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက် လုပ်ကိုင်လာတာကို လွှတ်တော်မှာ တွေ့လာရ ပါတယ်။

ဥပမာအားဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဦးရွှေမန်း က နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ခ၊ လစာစရိတ်နဲ့ ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးအဆို တင်သွင်း ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေမှာ မအောင်မြင်တာတွေရှိနေတဲ့အတွက် အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူပြီး လုပ်ဆောင်ဖို့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ဦးရွှေမန်းက သမ္မတ ဦးသိန်းစိန် ထံ သဝဏ်လွှာပေးပို့ တောင်းဆိုခဲ့ သလို ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဦးရွှေမန်းက အဲဒီလိုမျိုး ကာလုံအစည်းအဝေး ခေါ်ယူခိုင်းတဲ့ သတင်းကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေကြားမှာ ရိုက်ခတ်မှုတွေ အတော်ကြီးသွားခဲ့ရပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုယ့်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းတွေကို အဓိကထား မလုပ်ဘဲ ကိုယ်နဲ့မသက်ဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက် စွက်ဖက်ခဲ့တာဖြစ်ပါတယ်။

ယခုလို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဒီမိုကရေစီမရင့်ကျက်သေးလို့ဖြစ်တယ်လို့ ယေဘူယျအားဖြင့် ယူဆနိုင်ပေမယ့် အားမနာတမ်း ဝေဖန်ကြည့်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဖျက်သိမ်းခံ NLD အုပ်စုတွေရဲ့ အာဏာကို မတရားနည်းနဲ့ လိုချင်ခဲ့တဲ့ ဝိသမလောဘကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

 မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့မှာဆိုရင်လည်း မြန်မာနိုင်ငံ မှာလိုမျိုး အငြင်းပွားမှုဖြစ်စဉ်တွေ၊ အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလောက် အချိန်မကြာခဲ့ဘူး၊ ဆိုးဆိုးရွားရွား မဖြစ်ပွားခဲ့ပါဘူး။ ဖက်ဒရယ်စည်း မျဉ်းခံဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ မလေးရှား၊ ဒီမိုကရေစီအစွန်းရောက်တဲ့ စင်ကာပူ ဒီနိုင်ငံတွေ မှာဆိုရင်လည်း အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးတယ်။ ဒီလိုမျိုးဖြစ်ခဲ့တာချင်းအတူတူ ဒီမိုကရေစီမရင့်ကျက်သေးတဲ့ မြန်မာနိုင်ငံမှာပဲ ဆိုးဆိုးရွားရွားဖြစ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အခုဆိုရင် တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၅၂)ပါတီ ရှိပါ တယ်။ နိုင်ငံရေးပါတီဆိုတာက ပြည်သူလူထုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ တိုင်းရင်းသား ပါတီတွေဆိုရင်လည်း တိုင်းရင်းသားတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ လူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ပါတီနဲ့ ပြည်သူလူထုကို ဆန့်ကျင်တိုက်ခိုက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို အားပေးထောက်ခံနေတဲ့ပါတီတွေဟာ ဆန့်ကျင်ဘက်တွေဖြစ်တယ်။

 ဒီနေရာမှာ ကြည့်လိုက်မယ်ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း USDP ပါတီနဲ့ပေါင်းပြီး တရားဝင်စာထုတ်ထားတာ (၂၇) ပါတီရှိသလို USDP ပါတီနဲ့မပေါင်းဘဲ အကြမ်းဖက်လုပ်ရပ် တွေကို ဆန့်ကျင်ကြောင်း သီးခြားစာထုတ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရှိတာကို တွေ့ရပါ တယ်။

ဆိုတော့ ယခုလို အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း မထုတ်ပြန်တဲ့ ကျန်နိုင်ငံရေးပါတီတွေရဲ့သဘောကဘာလဲ…? ဒီလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေကို ထောက်ခံတယ်ဆိုတဲ့သဘောလား…? ဆိုတဲ့မေးခွန်းတွေ ရှိလာခဲ့သလို သူတို့တွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက် ထောက်ခံနေတာလားလို့ ယူဆစရာ ဖြစ်လာပါတော့တယ်။ ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း အဲဒီနိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘောထားရှိသလဲဆိုတာ မေးခွန်းထုတ်ရမလိုပါပဲ။

ဖျက်သိမ်းခံ NLD ကိုယ်စားလှယ်ဟောင်း အများစုနဲ့ ဖျက်သိမ်းခံ NLD ပါတီဝင်အများစုကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကိုယ်တိုင်ပါဝင်ပတ်သက်နေသလို ထောက်ခံ အားပေးပြီး ပြည်သူလူထုကို ဆန့်ကျင်နေတာ တွေ့ရပေမယ့် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းအပါအဝင် အနည်းစုလောက်ကတော့ ပြည်တွင်းမှာ အေးအေးဆေးဆေး နေထိုင်လျှက်ရှိပြီး အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း သူတို့ရဲ့ သဘောထားနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ပြန်ပြောဆိုလာတာတွေ တွေ့ရပါတယ်။ ဒီအချိန်မှာ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ထုတ်မပြောနိုင်တဲ့ အချို့သောနိုင်ငံရေးပါတီမှာ နိုင်ငံရေးသမား အချို့ ရှိနေတာကတော့ အံ့သြစရာတစ်ခုလို့တောင် ဆိုရပါမယ်။

အဓိက ပြောချင်တာက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမှာ အဓိကတာဝန်ရှိသူတွေဟာ ဖျက်သိမ်းခံ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့ ပါတီဝင်တွေပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အကြမ်းဖက် လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း တရားဝင်စာထုတ်ထားတဲ့ နိုင်ငံရေး ပါတီတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမှာ အဓိက တာဝန်ရှိပြီး နောက်ကွယ်ကနေ စေခိုင်းဦးဆောင်နေသူ ဖျက်သိမ်းခံ NLD ကိုယ်စားလှယ် ဟောင်းတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ပါတယ်။ နိုင်ငံနဲ့ ပြည်သူတွေကောင်း ကျိုးအတွက် တကယ်လည်း ဆန့်ကျင်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဖျက်သိမ်းခံ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ကိုနိုင်ငံရေးပါတီတွေရော၊ ပြည်သူအားလုံးကပါ ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မင်းဦး

Post a Comment

Previous Post Next Post