ဘယ်သူ သမိုင်းရေးနိုင်မလဲ

Views


ရှမ်းမြောက်က မြောက်သုံးဖွဲ့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်ကို ဆန့်ကျင်ဖက် အမြင်နှစ်ခု ဖြစ်လာတယ်။

-

ပထမအမြင်က မြောက်သုံးဖွဲ့က တရုတ်မွေးစားထားတာ။ ရှမ်းမြောက် ၁၀၂၇ စစ်ကလည်း တရုတ် ထောက်ပံ့ပေးမှုနဲ့ လုပ်တာ။ ဒါကြောင့် တရုတ်က အထောက်အပံ့တွေရပ်ပြီး မြောက်သုံးဖွဲ့ကို ပြန်ရှင်းပေးရမယ်၊ ဝင်ရှင်းပေးတာ လက်ခံတယ်ဆိုတဲ့အမြင်။

-

ဒုတိယအမြင်က မြောက်သုံးဖွဲ့ကို ( အထူးသဖြင့် TNLA ) တရုတ်က စစ်ရပ်ရမယ်လို့ပြောပြီး ခေါ်တွေ့တာ မြောက်သုံးဖွဲ့ကိစ္စက ပြည်တွင်းရေး တရုတ်နဲ့မဆိုင်ဘူး။ ဒါကြောင့် တရုတ်ဝင်ပြောစရာမလိုဘူး၊ စစ်မရပ် စေချင်ဘူးဆိုတဲ့အမြင်။

-

ပထမအမြင်ရှိတဲ့သူတွေက အစဉ်တစိုက် မြောက်သုံးဖွဲ့က တရုတ်ရဲ့ လက်ဝေခံတွေလို့ သတ်မှတ်ထားပြီး မြန်မာနိုင်ငံကို မပြိုကွဲစေချင်တဲ့ သူတွေ။ မြောက်သုံးဖွဲ့ကို တရုတ်ပံ့ပိုးပေးလို့ အားကောင်းနေတာလို့ ယူဆကြတယ်။

-

ဒုတိယအမြင်ရှိသူတွေက မြန်မာနိုင်ငံပြိုကွဲလည်းရတယ် စစ်တပ်ရှုံးဖို့ပဲ လိုတယ်လို့ အမြင်ရှိတဲ့သူတွေ။ သူတို့က မြန်မာနိုင်ငံ စစ်တပ်အာဏာစယူသွားကတည်းက R2P လာပါလို့ ဖိတ်ခေါ်နေခဲ့ကြတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားစစ်တပ် ဝင်မှရမယ်လို့ တလျှောက်လုံး ပြောခဲ့တဲ့သူတွေ။

-

အခု တရုတ်က သူ့နိုင်ငံအကျိုးကိုပါ ထိခိုက်လာလို့ မြောက်သုံးဖွဲ့ကို စစ်ရပ်ဖို့ခေါ်တွေ့ သတိပေးတော့မှ မြန်မာနိုင်ငံအရေးက ပြည်တွင်းရေးပါလို့ ပြန်ပြင်ပြောလာကြတာ။

-

မြောက်သုံးဖွဲ့ကို တရုတ်က မွေးစားထားတယ်လို့ပြောခဲ့ပြီး တရုတ်က မြောက်သုံးဖွဲ့ရဲ့ လက်နက်သယ်ယူတဲ့ လမ်းကြောင်းတွေပိတ်မယ်ဆိုမှ တရုတ်မကောင်းဘူး ပြောလာကြတာ။

-

မြန်မာနိုင်ငံအရေးက ပြည်တွင်းရေးပါ။ သို့ပေမဲ့ ပြည်ပနိုင်ငံတွေက နောက်ကွယ်က ကစားနေကြတယ်။ တည့်တည့်ပြောရရင် တရုတ်နဲ့ အမေရိကန် ကစားနေတာ။ ဒါကို မသိရင်တော့ မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် မပါသင့်သေးဘူး။

-

တိုင်းရင်းသားဆိုတဲ့ နာမည်ယူပြီး လက်နက်ကိုင်နေကြတဲ့ ( အများစု မူးယစ်ဆေးဝါးလုပ်နေတာ ) ကိုယ်နဲ့ ကိုယ့်လူ အနည်းငယ် ကောင်းစားရေးတွေသာ လုပ်နေကြတဲ့ ပြည်တွင်းလက်နက်ကိုင် ပြဿနာမှာ စစ်ကျွန်၊ စစ်အာဏာရှင်ဆိုတဲ့ စကားလုံးရယ်၊ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ စကားလုံးရယ်နဲ့ မြန်မာအချင်းချင်း ရန်တိုက်ပေးထားကြတယ်။

-

ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ မှိုင်းနဲ့ သွေးခွဲထားပြီး တိုင်းရင်းသား အာဏာရူးတွေ လက်နက်ကိုင်ခေါင်းဆောင်တွေ ဖြစ်လာတယ်။ ထုတ်ဖော်ပြောဆိုလာလို့ ရတဲ့အချိန်ရောက်လာတော့ ဗမာ မလာရဆိုတာနဲ့ မြန်မာအများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုသာ ထိခိုက်လာကြတယ်။

-

မြန်မာနိုင်ငံကို နောက်ကွယ်က ကစားနေတာ အခုမှမဟုတ်ဘူး ကြာပြီ။ ဒီမိုကရေစီအစိုးရလို့ ဖြစ်လာတော့ ပိုအရှိန်မြှင့်လာကြတယ်။ အာဏာ လောဘကြီးတဲ့ နိုင်ငံရေးသမားတွေကို ပိုက်ဆံနည်းနည်း ထုတ်ပေးပြီး အလိုကျ ခိုင်းခဲ့ကြတယ်။

-

တရုတ်နဲ့ပတ်သက်ပြီး အမြင်အသစ်ဖြစ်လာတဲ့သူတွေက နိုင်ငံနဲ့ပတ်သက်ပြီး ခံယူချက် မမှန်ကြဘူး။ သူတို့ ခံယူချက်က စစ်တပ်ရှုံးဖို့ဆိုတဲ့ ခံယူချက်ပဲရှိတယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေ ဘယ်လိုဖြစ်ဖြစ် ဆိုတဲ့သူတွေ။

-

မြန်မာနိုင်ငံ ပြိုကွဲသွားတာ စစ်တပ်ကြောင့်ဆိုပြီး လက်ညိုးထိုးဖို့သာ အဓိက ထားကြတယ်။

-

မြောက်သုံးဖွဲ့ကို တရုတ်ဝင်ထိမ်းပေးဖို့ အလိုရှိတဲ့သူတွေက ဘယ်သူ့ကြောင့်မှ နိုင်ငံအပြိုကွဲ မခံနိုင်ဘူးဆိုတဲ့ သူတွေ။ သူတို့က စစ်တပ်ဘက်ကလည်း မဟုတ်ဘူး အတိုက်အခံဘက်ကလည်း မဟုတ်ဘူး။

-

တရုတ်ကိုယ်တိုင် မြောက်သုံးဖွဲ့ မြန်မာပြည်ထဲမရှိတော့အောင် လုပ်ပေးရင်လည်း ကြိုက်တယ် လိုအပ်ရင် ကိုယ်တိုင်လည်း ဝင်ချမယ်ဆိုတဲ့ သဘောထားရှိတယ်။

-

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ကြီးကြီးမားမား ပြောင်းလဲသွားမယ့် သမိုင်းဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံက ပုံမှန်အတိုင်းပဲ ဆက်ရှိနေနိုင်သလို ပြိုကွဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်။

-

တရုတ်က သူ့အကျိုးစီးပွါးမထိခိုက်အောင် မြန်မာနိုင်ငံမှာ စစ်မဖြစ်တော့အောင် လုပ်မှာဖြစ်သလို အမေရိကန်ကလည်း တရုတ်အကျိုးစီးပွါး ထိခိုက်အောင် မြန်မာနိုင်ငံထဲ စစ်ပွဲတွေ မရပ်အောင် လုပ်မှာပဲ။

-

တရုတ်က မြောက်သုံးဖွဲ့ လက်နက်သယ်ယူတဲ့ လမ်းကြောင်းကို ပိတ်မှာဆိုသလို အမေရိကန်ကလည်း မြန်မာစစ်တပ် လေယာဉ်ဆီကအစ ဝယ်လို့မရအောင် ပိတ်မှာပဲ။

-

နောင်တစ်ချိန် မကြာမီ မြန်မာနိုင်ငံထဲမှာ အမြင်နှစ်မျိုးရှိနေကြတဲ့ တစ်ဖက်ဖက်က အနိုင်ရပြီး သမိုင်းရေး ကြလိမ့်မယ်။

-

တစ်ဖက်ကနိုင်ရင် စစ်တပ်ကြောင့် နိုင်ငံကြီးပြိုကွဲသွားတယ်လို့ သမိုင်းရေးလိမ့်မယ်။

-

တစ်ဖက်ကနိုင်ရင် နိုင်ငံပြိုကွဲအောင် သူတို့ဝိုင်းလုပ်ပေမဲ့ မပြိုကွဲခဲ့ဘူးလို့ သမိုင်းရေးကြလိမ့်မယ်။





မိုးတင့်ဆွေ

Post a Comment

Previous Post Next Post