❝ ဖက်ဒရယ်အရေခြုံ၍ ပြည်ထောင်စုကို အမဲဖျက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ❞

Views


၁။ ခုရက်ပိုင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ရှမ်းမြောက်ရဲ့ အဓိကမြို့တော် ဖြစ်တဲ့ လားရှိုးမြို့ကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ် ကြားနေရတယ်။ တကယ်တော့ လားရှိုးမြို့ဟာ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးမှာ ယာယီအပစ်အခတ် ရပ်စဲခဲ့ရတဲ့ နောက်ဆုံးခံစစ်မျဉ်းမြို့တော်လည်း ဖြစ်ခဲ့ရတာ တွေ့ရမှာဖြစ်တယ်။ ဒီနေရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ဆိုပေမယ့် အဓိက လှုပ်ရှားနေတာကတော့ တအာင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ TNLA ရဲ့လှုပ်ရှားမှုက တခြားလက်နက်ကိုင် တွေထက် ပိုပြီး ပေါ်ပေါ်လွင်လွင်ရှိတာလည်း တွေ့ရမှာဖြစ်တယ်။ အထူးသဖြင့် လားရှိုးရဲ့အနောက်ဘက်မှာရှိတဲ့ သိပ်မဝေးလှတဲ့ ‘အီနိုင်း’အထိ TNLA ရဲ့လွှမ်းမိုးမှု ရှိနေတာ၊ မန္တလေးအထွက်ဘက်မှာဆိုရင်လည်း စဉ့်အင်တံတားအထိ နယ်မြေ လွှမ်းမိုးမှုရှိနေတဲ့အနေအထားဟာ လားရှိုးမြို့ကို ထွက်ပေါက်မရှိအောင် ဝိုင်းထားတဲ့ အခြေအနေမျိုးဖြစ်နေတယ်ဆိုတာ သတိပြုရမှာဖြစ်တယ်။

၂။ ဒါပေမယ့် တပ်မတော်ကို အဓိက တိုက်မယ်ဆိုရင်တော့ တဖွဲ့ချင်းထက် အဖွဲ့လိုက်ကိုပဲ ပိုပြီး ဦးစားပေးတတ်တဲ့ သဘောသဘာဝရှိတာမို့ သူတို့ညာသံပေးမှု အပေါ်မှာ အလေးထား ပြင်ဆင်ထားကြဖို့တော့ လိုအပ်နေမှာ အမှန်ပဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လားရှိုးမှာသာ နောက်ထပ်တဖန်စစ်မီးစတင်ခဲ့ရင် မြန်မာပြည် အလယ်ပိုင်း မြို့တော်ဖြစ်တဲ့ မန္တလေးနဲ့ ထိစပ်နေတဲ့ ပြင်ဦးလွင်မြို့ကိုပါ အချိန်မရွေး နှောင့်ယှက် လာနိုင်တဲ့ အခြေအနေ ရှိနေတာကိုလည်း သတိပြုမိတာကြောင့်ဖြစ်တယ်။ လက်ရှိ အစိုးရအနေနဲ့ ရှမ်းမြောက် ရဲ့ အဓိက ကုန်သွယ်ရေးနေရာတွေဖြစ်တဲ့ မြို့ကြီးတွေကို လက်လွှတ်ထားရတဲ့ အခြေအနေမှာ တဖက်သောင်းကျန်းသူတွေ အနေနဲ့ နောက်တစ် ဆင့် ရည်မှန်းချက်အဖြစ် လားရှိုးမြို့ကို တိုက်မလာနိုင်ဘူးလို့ ယတိပြတ်ပြောလို့ရတဲ့ အနေအထားရှိမနေတာကို သတိပြုရမှာဖြစ်တယ်။ မြေပြင်မှာ လည်း ဒီကောလာဟလ တွေကို ခိုင်မာစေတဲ့ ရန်သူ့လှုပ်ရှားမှုတွေကိုလည်း မျက်မြင် တွေ့မြင်နေရတယ်။ အထူးသဖြင့် တအာင်းလက်နက်ကိုင် တပ်ဖွဲ့ရဲ့ စစ်ပြင်နေမှု ပုံစံတွေရယ်၊ သီပေါနဲ့ နမ္မတူကြားက လမ်းပိုင်းတစ်ခုကို အလွယ် တကူ ဖြတ်သန်းလို့မရအောင် မြေတူးစက်နဲ့ တူးဖော်ထားတဲ့ ဖြစ်ရပ်တွေဟာ နောင်ဖြစ်လာ နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ရာခိုင်နှုန်းအားဖြင့် ခိုင်မာစေတာ တွေ့ရမှာ ဖြစ်တယ်။

၃။ နောက်တစ်ချက်တွေးတောဖို့ လိုတာက တရုတ်နဲ့ သိပ်အစေးမကပ်တဲ့ K3C အဖွဲ့ဖြစ်တဲ့ KIA က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကန်ပိုက်တည်ဂိတ်ကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရတယ်။ ကန်ပိုက်တည် ဂိတ်ဟာ နေ့စဉ် ပျမ်းမျှ အမေရိကန် ဒေါ်လာ လေးသိန်းလောက်ဝင်ငွေရှိတဲ့ နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်တာမို့ အရေးပါတဲ့ နယ်စပ်မြို့တစ်မြို့ကို ထပ်မံလက်လွှတ်ခဲ့ ရတာဖြစ်တယ်။ တစ်ဖက်မှာ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ သိမ်းယူ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် ဒီစစ်ဆင်ရေး မတိုင်ခင် TNLA လှုပ်ရှား ထိန်းချုပ်ထားတဲ့ နယ်မြေတွေက မြို့နယ် (၈)မြို့နယ်အထိ ကျယ်ဝန်းလာတာ သတိပြုမိတယ်။ တအာင်းလက်နက်ကိုင်တပ် တွေရဲ့ ဖော်ပြချက်မှာ ခရိုင်ငါးခု ခွဲထားပြီး မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေအထိပါ နယ်မြေချဲ့ထွင်ရယူနိုင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ဒါက ဘာနဲ့ ပြန်ပြီးဆက်စပ် သလဲဆိုရင် ၁၉၉၃-၉၄ ညီလာခံမှာ PSLO အဖွဲ့က တောင်းဆိုခဲ့တဲ ‘ပလောင် တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း’ အဖြစ်နဲ့ မြို့နယ် ၁၀ ခုထည့် သွင်းပေးဖို့ တောင်းဆိုခဲ့တဲ့ဖြစ်ရပ်ကို ပြန်ပြီး သတိရ မိစေတယ်။ လက်ရှိ တအာင်း လက်နက်ကိုင်တပ်တွေ လှုပ်ရှားနေတဲ့ မန်တုံမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်တွေဟာ မြောက်ဘက်ကနေ ဆင်းလာတဲ့ KIA နဲ့ လက်ရှိအခြေအနေအရ ထိပ်တိုက် တွေ့ဆုံမှု တွေဖြစ်လာခဲ့တာ တွေ့မြင်နေရမှာဖြစ်တယ်။ အထူးသဖြင့် သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာ နှစ်ဖက်လက်နက်ကိုင်တပ်တွေက အခွန်အခရယူလို မှုနဲ့ပတ်သက်ပြီး အပြင်းအထန် နယ်မြေလုပြဿနာတွေ ဖြစ်ပွားနေတာကို လူမှုကွန်ရက်တွေမှာ ထင်ထင် ရှားရှား တွေ့မြင်နိုင်တယ်။

၄။ လက်ရှိမြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်စစ်ပွဲတွေဟာ ယခင်က တိုင်းရင်းသားလက်နက်ကိုင်တွေ အစဉ်တစိုက်တောင်းဆိုနေတဲ့ ဖက်ဒရယ်ရရှိရေး၊ တန်းတူညီမှုရရှိရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် လက်နက်ကိုင်စစ်ပွဲတွေ ဖြစ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေထက် ပိုမိုလွန်ကဲတဲ့ အကဲဆက်မှုတွေ ရှိနေတာ တွေ့မြင်နေရပြီဖြစ်တယ်။ ပိုဆိုးတာက မဟာမိတ်အဖွဲ့ တွေအဖြစ်နဲ့ တပ်မတော်ကို စုပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းမှာတင် နယ်မြေရယူလိုမှုနဲ့ အကျိုးစီးပွားအရ ပွတ်တိုက်မှုတွေရှိနေတာကို တွေ့မြင်နေ ရမှာဖြစ်တယ်။ အထူးသဖြင့် အိန္ဒိယရဲ့အရှေ့မြောက်ဖျားက ပြည်နယ်တွေအတွက် အဓိက ထောက်ပံ့ရေးစီမံကိန်းဖြစ်တဲ့ ကုလားတန် စီမံကိန်း မျိုးကို နှောက်ယှက် ဟန့်တားဖျက်စီးနိုင်ဖို့ ချင်းပြည်နယ်မှာရှိတဲ့ ပလက်ဝအထိ နယ်မြေကျူးကျော် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ရဲ့ လုပ်ရပ်ဟာ သာမန်ထက်ပိုတယ် ဆိုတာကို သတိပြုမိကြမှာ မလွဲလောက်ပါဘူး။ ဒီအချက်တွေကို ထောက်ရှုကြည့်တဲ့အခါ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ ပတ်သက်ရင် တရုတ်ထောက်ပံ့မှု မကင်းဘူး ဆိုတဲ့အချက်ရယ်၊ ပြည်တွင်းလက်နက်ကိုင်တွေထဲမှာ အင်အားကြီးလက်နက်ကိုင် တစ်ခုဖြစ်တဲ့ “ဝ”တပ်ဖွဲ့ ရဲ့ နောက်ကွယ်က အားပေးအား မြှောက်မှုတွေ ဟာ အဓိက ကျခဲ့တယ်ဆို တာ မငြင်းနိုင်လောက်ပါဘူး။ စစ်ဆင်ရေး ၁၀၂၇ နဲ့ပတ်သက်ရင် တရုတ်ရဲ့ ထောက်ပံ့မှုဟာ အကန့်အသတ် ရှိနိုင်ကောင်း ရှိနိုင်ပေမယ့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအပေါ်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်တဲ့အခါ ဗဟိုအစိုးရဖြစ်တဲ့ နစက အပေါ်မှာ မျက်နှာပမ်းလှအောင် ထိတွေ့ဆက်ဆံမှုတွေ စဉ်ဆက်မပြတ် ရယူနေတယ်လို့လည်း ရိုးရိုးသားသားတွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ဆင်ရေးအပြီးမှာ ပြည်ထဲရေး ဝန်ကြီးကို တရုတ်နိုင်ငံဖိတ်ခေါ်ပြီး ယွမ် ငါသန်း ချီးမြှင့်ခဲတာရှိသလို ဇွန်လ ၁၁ ရက်နေ့မှာလည်း ကင်းလှည့်ရေယာဉ်(၆)စီးကို မြန်မာနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့တဲ့ ဖြစ်ရပ်အပါအဝင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနဲ့ ကျန်းမာရေး ဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းကိုလည်း လွှဲပြောင်းပေးအပ်ခဲ့တဲ့ အခမ်းအနားတွေ ဆက်တိုက်တွေ့မြင်ခဲ့ရတယ်။ သေချာတာကတော့ နှစ်နိုင်ငံ အစိုးရ ကြားမှာ EAO ခံချင်တဲ့ လုပ်ရပ်က အလုပ်မဖြစ်ဘူးဆိုတာကို တရုတ်အနေနဲ့ ကောင်းကောင်းသိသွားပုံပါပဲ။

၅။ ဆရာကြီး ဦးကိုကိုလှိုင်က ယူကရိန်းဟာ ရုရှားရဲ့လည်မျိုလို့ တင်စားခဲ့ဖူးတယ်။ ဆရာ့စကားခဏငှားယူသုံးရရင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဖို့အတွက် မြန်မာဟာ တရုတ်အတွက်မရှိမဖြစ်တဲ့ လမ်းပိုင်းတစ်ခုဆိုတာ ပိုပြီးသေချာပါတယ်။ ဒီရည်မှန်းချက် ရဖို့အတွက်လည်း ကျောက်ဖြူ-မူဆယ်လမ်းပိုင်းအတွက် ကားလမ်းနဲ့ရထားလမ်း ကို တရုတ်အနေနဲ့ ဖောက်ချင်နေခဲ့တာ ဆန်းမှ မဆန်းပဲ။ ဒီကြားထဲ ထိုင်ဝမ် ပြဿနာ မတက်ရလေအောင် တရုတ်အနေနဲ့ ဂရုစိုက်နေရသေးတယ်။ တောင်တရုတ် ပင်လယ်မှာရှိတဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ကလည်း တရုတ်အနေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်တာမျိုး မတွေ့ရဘူး။ တကယ်လို့ ထိုင်ဝမ်ပြဿနာသာ တက်လာခဲ့ရင် တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံအတွက် အကန့်အသတ်တွေရှိလာလိမ့်မှာ မြေကြီးလက်ခတ်မလွဲပဲ။ ဒါ့ကြောင့်လည်း အသက်ရှု ပေါက်ကောင်းကောင်းရဖို့အရေး မြန်မာနဲ့ ဆက်ဆံရေးကောင်းတွေ အဆင်ပြေနေ စေဖို့ အနီးကပ်ဆက်ဆံရေးတွေ ပြန်စနေတာမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်နေမိတာဖြစ်တယ်။ တကယ်တော့ (၆)လတာမျှကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှမ်းမြောက်စစ်ဆင်ရေးဟာ မြန်မာ တစ်နိုင်ငံတည်းကွက်ပြီး စီးပွားရေးတွေထိခိုက်နေတာမျိုးတော့မဟုတ်ဘူး။ မြန်မာ နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ယူနန်ပြည်နယ်ဟာ ဒီစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံး ခံနေရတာလည်း တွေ့ရတယ်။ အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါတဲ့ ကန်ပိုက်တည်စခန်း၊ လွယ်ဂျယ်၊ မူဆယ်နဲ့ ချင်းရွှေဟော်ဂိတ်တွေ ဟာ ဒီကနေ့ထိတိုင်အောင် ပြန်ပြီးဖွင့်လှစ်နိုင်တာမျိုး မရှိတော့ဘူး။ ဒါဟာ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအတွက် အရေးကြီးတဲ့ ကျောက်ဖြူ-မူဆယ် လမ်းမကိုပါ တိုက်ရိုက် ထိခိုက် နစ်နာစေတဲ့ ဖြစ်ရပ်ကြီး ဖြစ်လာစေခဲ့တယ်။

၆။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံတဲ့ EAO တွေအများစုဟာ ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး ကွန်ဖက်ထရိတ်ကို သွားလိုတဲ့ ရည်မှန်းချက်တွေနဲ့ တိုက်ပွဲ တွေဖော်ဆောင်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတယ်။ အထူးသဖြင့် ကျင့်ဝတ်သိက္ခာမဲ့တဲ့ TNLA တပ်တွေရဲ့ နယ်မြေချဲ့ထွင် သိမ်းပိုက်မှုတွေဟာ ဖက်ဒရယ် ခေါင်းစဉ်နဲ့ အတော်လေး အလှမ်းဝေးနေတာမျိုး တွေ့ရမှာဖြစ်တယ်။ ဘယ်တုန်းကမှ သမိုင်းအစဉ်အဆက် ပိုင်ဆိုင်ခဲ့ဖူးခြင်း အလျင်းမရှိခဲ့တဲ့ဒေသတွေကို နယ်မြေ တိုက်ယူရင်းက ကိုယ်တိုက်လို့ ကိုယ်ယူစနစ်မျိုး ကျင့်သုံးနေတာဟာ လက်နက်နဲ့ အင်အားကို အဓိကထားတဲ့ ပုံစံမျိုးဖြစ်လာခဲ့တာ တွေ့မြင်နေရတယ်။ ဒီစနစ်ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတစ်ရပ် တည်ဆောက်မယ် ဆိုတဲ့ အနာဂတ်လမ်းပြမြေပုံနဲ့လည်း အလှမ်းကွာဝေးနေတာ တွေ့မြင်ရမှာဖြစ်တယ်။ ဒီနေရာမှာ TNLA မှ မဟုတ်ဘူး။ အကျိုးစီးပွားအတွက် ချင်းပြည်နယ် ပလက်ဝအထိပါ နယ်မြေသိမ်းပိုက်ချဲ့ထွင်ရယူနေတဲ့ AA လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကလည်း ပြည်ထောင်စုကို ဘယ်သောအခါမှ ငြိမ်းချမ်းစေမှာ မဟုတ်ဘူးဆိုတာ တွေ့မြင် နေရတယ်။

၇။ ရှမ်းမြောက်စစ်ဆင်ရေးကို အခြေခံပြီး မဟာမိတ်ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် အစုအဖွဲ့တွေဟာ မူလက ကျားဖြန့်ရှင်းလင်းရေးဆိုပြီး နာမည်ကောင်းလှလှ တပ်ထားကြပေမယ့် တကယ်မြေပြင်လှုပ်ရှားမှုတွေကတော့ လူမျိုးနဲ့ ဘာသာအပေါ်မှာ အခြေပြုတဲ့ စုဖွဲ့မှုတွေကိုပဲ အားပြုတည်ဆောက်ခဲ့တာ တွေ့မြင်ခဲ့ရတယ်။ နယ်မြေ သိမ်းပိုက်ရရှိလာတာနဲ့အမျှ မဟာမိတ်အချင်းချင်းကြားမှာ ကတိကဝတ်နဲ့ စည်းမျဉ်း တွေ ဆိုတာထက် အာဏာနဲ့ အကျိုးစီးပွားကို အခြေခံပြီး လက်နက်နဲ့သာ ဖြေရှင်း ဆောင်ရွက်လာတတ်တာမျိုးကို ခပ်စိပ်စိပ် တွေ့မြင်လာရတယ်။ အထူးသဖြင့် ဒီမိုကရေစီ ကျင့်စဉ်ရဲ့အဓိက ပြယုဒ်ဖြစ်တဲ့ လူထုထောက်ခံမှုဆိုတာတွေကို လေးစား လိုက်နာတာမျိုး မရှိတော့သလို ဘုံအကျိုးစီးပွားထက် နိုင်ငံရေးရည်မှန်းချက်တွေကို လစ်လျူရှုပြီး ဖက်ဒရယ်စနစ်အပေါ်မှာတောင် ဖွင့်ဟပြောဆိုတာမျိုး မရှိတော့တာ တွေ့မြင်နေရတယ်။ ပိုဆိုးတာက ပြည်ထောင်စုကြီးအပေါ်မှာ တမြေတည်းနေ၊ တရေတည်းသောက်တဲ့ တိုင်းရင်းသားအချင်းချင်းဆိုတဲ့ ခံယူချက်တွေထက် နယ်မြေ တစ်ခုတည်းမှာ အတူယှဉ်တွဲနေထိုင်တဲ့ အခြားသောတိုင်းရင်းသားလူမျိုးစုတွေရဲ့ ဖြစ်တည်မှု Identity ကိုတောင် လက်သင့်ခံမပေးနိုင်တော့တဲ့အထိ ဖယ်ကျဉ်လာတာ မျိုး တွေ့မြင်လာခဲ့ရတယ်။

၈။ အချုပ်ဆိုရရင် AA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ သီးခြားနိုင်ငံတော် တစ်ရပ်အနေနဲ့ ရပ်တည်ခွင့်ရဖို့အရေး ကွန်ဖက်ထရိတ်အထိ တောင်းဆိုနေတဲ့ လုပ်ရပ်တွေ အပြင် အခြေခံဥပဒေပြင်ပကနေ ဥပဒေမဲ့ နယ်မြေတိုးချဲ့သိမ်းပိုက်ရယူထားတဲ့ တအာင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ တိုင်းရင်းသားအားလုံး စုစည်း နေထိုင် ကြတဲ့ ပြည်ထောင်စုကြီးပုံစံနဲ့ အလှမ်းကွာဝေးနေတာ တွေ့မြင်နေရမှာဖြစ်တယ်။ ပြည်တွင်းမှာနေထိုင်တဲ့ တစ်ချို့သော တိုင်းရင်းသားမျိုးနွယ်စုတွေဟာ သမိုင်းကြောင်း ၊ပထဝီအနေအထားနဲ့ သတ်မှတ်ထားတဲ့ လူဦးရေပုံစံအရ ရှင်းလင်းသေချာတဲ့ စုဖွဲ့မှုမျိုးရှိပေမယ့် အခြားသော နေရာတွေမှာတော့ အတူယှဉ်တွဲရောနှော နေထိုင် တတ်တာမျိုးလည်း ရှိတတ်ကြသေးတယ်ဆိုတဲ့ အချက်ကို သတိပြုရမှာ ဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းကို လက်နက်ကိုင်အင်အားသုံးပြီး ဖြေရှင်းမှုတွေအစား အဆုံးအဖြတ် ပေးနိုင်တဲ့ အင်အားစုတွေနဲ့ လက်နက်ကိုင် အသီးသီးတွေ ကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကသာ တိုင်းပြည်မနစ်နာစေတဲ့ အကောင်းဆုံး သော လမ်းကြောင်းဖြစ်တယ်ဆိုတာ သတိချပ်ရမှာဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ပြီး နယ်မြေသိမ်းပိုက်ချဲ့ထွင်ရယူတာဟာ ဖက်ဒရယ်အစစ်အမှန်မဟုတ်ဘူး။ ရှမ်းမြောက်ဒေသတွေကို သိမ်းပိုက်ထားပြီး နှစ်နိုင်ငံရဲ့ ဗဟိုအစိုးရတွေက စီးပွားရေး အရ အဆက်အဆံ မလုပ်နိုင်ကြတော့ရင် တစ်ခုခုတော့လွဲနေတာတော့ သေချာပြီ။ စစ်ပွဲကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်တွေကို ပြည်သူတွေက ကျောကော့အောင် ခံစားနေပြီ။ လမ်းတံတားတွေမိုင်းခွဲခံရလို့ နာရီပိုင်းကြာမယ့် ခရီးကို ရက်သတ္တ ပတ်ကြာအောင် ပြည်သူတွေက ရှောင်ကွင်းလမ်းတွေကနေ ဒုက္ခခံပြီး သွားလာနေ ကြရပြီဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကိုယ်လျှောက်လှမ်းနေ တဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် လွဲ/မလွဲ ပြန်စစ်ဆေးသင့်ပြီ။ ဖက်ဒရယ်စစ်မှန်ရဲ့ လားဆိုတာကိုလည်း ပြန်ပြီးသတိပြုသင့်ပြီ။ အထူးသဖြင့် ဖွဲ့စည်းပုံမှာ ရေးဆွဲပြဋ္ဌာန်း ထားတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံတော်ရဲ့ မည်သည့် အစိုးရအဖွဲ့နဲ့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့တွေမှာမဆို သက်ရောက်မှုရှိမှာ မဟုတ်ဘဲ နိုင်ငံတော် တွင်းမှာနေထိုင်တဲ့ နိုင်ငံသူ/နိုင်ငံသား တွေဆီကသာ တိုက်ရိုက် သက်ဆင်း တယ်ဆို တာကို လက်နက်ကိုင်နေကြတဲ့ EAO တွေအနေနဲ့ သတိပြု ကြဖို့ လိုအပ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။



(နရီမိုး)

Post a Comment

Previous Post Next Post