ပြတ်သားချိန် တန်ပြီ

Views


Geopolitics အရ ကြည့်ရင် လက်ရှိ စစ်ရေးအရ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်နဲ့ မဟာဗျူဟာမြောက် လမ်းမကြီးဖြစ်တဲ့ မန္တလေး-မူဆယ် လမ်းတစ် လျှောက်က မြို့ကြီးတွေကိုသာ လက်လွှတ်ခဲ့ရရင် ဗဟိုအစိုးရရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုဟာ အတော်လေး နောင်မှာ စကားပြောလာ ဖို့ ရှိနေတာ ကို မြင်တွေ့နေရ တယ်။ (ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရမှာလည်း ဒီပြဿနာကြီး မလွှဲမသွေ ဖြေရှင်းရမှာပါပဲ)

----

လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ ပြဿနာ/စစ်ပွဲတွေဟာ ဖက်ဒရယ်အရ ပြည်နယ် တွေကို အာဏာခွဲဝေပေးရတာမျိုးမဟုတ်ဘဲ (တနည်းအားဖြင့်) ဖွဲ့စည်းပုံမှာ ဥပဒေပြဌာန်းပြီး ပြေလည်သွားတာမျိုးမဟုတ်ဘဲ…. တပ်မတော်ဘက်က နယ်မြေဆုံးရှုံး လက်လွှတ်မှု ရှိလာလို့ အကြမ်းဖက်တွေက စိုးမိုးနယ်မြေချဲ့လာတာမျိုး ဖြစ်နေတယ်။

---

အထူးသဖြင့် မိုင်အားဖြင့် အတော်ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာ နိုင်ငံ ဟာ ရခိုင်ပြည်ကိုသာ UWSA လိုမျိုး ကွန်ဖက်ဒရိတ်ဆန်ဆန် လက်လွှတ်ခဲ့ရရင်… ဆုံးရှုံးမှု အတော်လေး ကြီးမားပါလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့် ရဲစခန်းတွေအပြင် ၊ ဒေသအခြေစိုက် တပ်မတော်စခန်းတွေပါ ဒီဒေသကနေ ဖယ်ပေးခဲ့ရရင် …အနာဂတ် ပြည်ပရန်အတွက် အတော်လေး နောင်မှာ ပြဿနာရှိလာနိုင်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ ဥပမာ စီးပွားရေးအရ ငပလီလိုကမ်းခြေနေရာမျိုးကို လက်လွှတ်ပေးရ တာမျိုးက နောင်အစိုးရတွေအနေနဲ့ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ AA အနေနဲ့ ငပလီလို ကမ်းခြေမျိုးကို ပိုင်ထားခဲ့ရင်တောင် လူမျိုးစွဲ ကြီးတဲ့ အခြေခံစိတ်နဲ့တင် ပြည်တွင်းက ခရီးသွားလည်း မျှော်မှန်းနိုင်မှာမဟုတ်သလို ဗဟိုအစိုးရ ကို ကျော်လွန်ပြီးတော့လည်း နိုင်ငံတကာ ခရီးသွားတွေကိုလည်း မျှော်လင့်နိုင်စရာ အကြောင်းမရှိပါဘူး။

---

တဆက်တည်း သတင်းတွေမှာ တွေ့နေရတာက မတ္တရာမြို့နယ်ထဲက သန်း ၂၀၀ ကျော် တရုတ်ရင်းနှီးမြုပ်နှံ့ထားတဲ့ ဘိလပ်မြေစက်ရုံကို မန်း PDF တွေ သိမ်းပိုက်သွားတဲ့ ဖြစ်စဉ်ပါ။ ရခိုင်ကနေ မျဉ်းအဖြောင့်ဆွဲလိုက်ရင် မူဆယ်အထိ တိုက်ရိုက်ပေါက်တဲ့ မဟာဗျူဟာမြောက်လမ်းမကြီးကို အစိုးရနဲ့ Proxy လက်နက်ကိုင်တပ်ဖွဲ့ ကို အချိုးကျ စီးပွားရေးပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့ တရုတ်ကြိုးစားနေတာ သေချာနေပြီလားလို့တောင် တွေး ရမလိုပါပဲ။

---

လောက်ကိုင်နဲ့ သိန္ဓီကို တပ်မတော်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်သူ တွေ ဘက်က ဝမ်းသာ အားရရှိတာ တွေ့ရတယ်။ လားရှိုး၊ ကျောက်မဲနဲ့ နောင်ချိုက စစ်ရှောင်တွေ အိမ်ပြန်ခွင့်ရဖို့ဆိုတာ တစ်ဖက်ဖက်က အနိုင်တိုက်လိုက်မှ ရမယ်ဆိုတဲ့ အတွေးမျိုး ရှိလာ နေတာ ဆန်းတော့ မဆန်းဘူး။ နိုင်ငံတော်အလံကို တောင် ခွေးကို ခြုံပေးတဲ့ ကိုးကန့် တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်း ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒီလိုပဲ နမ့်ဆန်နဲ့ မန်တုံ နှစ်မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားပြီး ပအောင်/တအာင်းတွေအနေနဲ့ ရတနာထွက်တဲ့ မိုးကုတ်ကို ဖင်ခုထိုင်ချင်လို့ နယ်မြေချဲ့နေတာကိုလည်း ဘယ်လိုမှ လက်သင့်ခံပေးစရာအကြောင်းမရှိဘူးလို့ မြင်မိတယ်။

---

လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ EAOs အရေခြုံပြီး ပြည်ပလွှမ်းမိုးမှုနဲ့ နယ်မြေချဲ့နေတဲ့ စစ်ပွဲတွေ ဖြစ်လာတာတွေ့ရတယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးမှုနဲ့ ပြည်ထောင်စု ပြိုကွဲဖို့ အထိ အကျိုးသက်ရောက်မှု များစေတာမို့ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်မှသာ ဒီအန္တရာယ်တွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post