ရွေးကောက်ပွဲမတိုင်ခင် ကြုံတွေ့ရနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေးအခင်း အကျင်း ပုံစံသစ်

Views


၁။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ရင် ရှမ်းမြောက်ရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့နဲ့ ရခိုင်ပြည်နယ် သံတွဲမြို့တွေမှာ ဟိုဂင်သဘောတူညီချက် ထားရှိပြီးတဲ့နောက်ပိုင်း တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေကြားမှာ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ့ရတယ်။ ရှမ်းမြောက်မှာတော့ TNLA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲစစ်ပွဲတွေအဖြစ် တရားဝင်ကြေငြာပြီး ရှမ်းမြောက် ဒေသဖြစ်တဲ့ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေကို တပြိုင်နက်တည်း တိုက်စစ် ဆင်လာတာတွေ့ရတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာ လားရှိုးမြို့မှာ အခြေစိုက်တဲ့ တိုင်းစစ်ဌာနချုပ်ကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် မြို့စောင့်တပ်တွေဖြစ်တဲ့ ဒေသအခြေစိုက်တပ်တွေကို ရှော့တိုက်ဒုံးနဲ့ Drop Bomb တွေအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာ တွေ့ရတယ်။ တကယ်တော့ ရှမ်းမြောက်မှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ဆိုပေမယ့် အဓိက တိုက်ခိုက်နေတာက TNLA ဖြစ်ပြီးတော့ လိုအပ်တဲ့ လက်နက် ခဲယမ်းတွေကိုတော့ MNDAA က နောက်ကွယ်ကနေ ပံ့ပိုးကူညီနေတာ တွေ့ရတယ်။ ရှမ်းမြောက်နဲ့အပြိုင် ရခိုင်ပြည်နယ်ဘက်မှာတော့ AA လက်နက်ကိုင်တပ်ဖွဲ့ဟာ သံတွဲမြို့ကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ တွေ့ရတယ်။ လားရှိုးမြို့ဟာ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်သလို တပ်မတော်ရဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့မြို့ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ဘက်က သတင်းတွေဟာ ရှမ်းမြောက် သတင်းတွေကို ဖုံးလွှမ်းမှုရှိနေတာလည်း တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာတော့ သံတွဲအခြေစိုက်ဖြစ်တဲ့ ဒေသခံတပ်တွေဟာ မြို့မကျရေးအတွက် လက်ရှိအချိန်ထိတိုင်အောင် အပြင်းအထန် ခံစစ်ပြင် ခုခံနေတာ တွေ့ရတယ်။

၂။ ပြည်တွင်းစစ်ရေးနဲ့အပြိုင် စိတ်ဝင်စားဖို့ ကောင်းတဲ့သတင်းတစ်ခုက နစကရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်နိုင်ငံချင်းတောင်မြို့မှာ ကျင်းပတဲ့ စိမ်းလန်းသော ဖွံ့ဖြိုး တိုးတက်မှုဖိုရမ်ကို ဇူလိုင် ၈ ရက်နေမှာ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီဖိုရမ်ကို အိမ်နီးချင်းကောင်းစိတ်ဓာတ်၊ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCC SCO အဖွဲ့အစည်းက ကမကထ ပြုကျင်းပခဲ့တာဖြစ်သလို ဥက္ကဋ္ဌ ဖြစ်တဲ့ Ms.Shen Yueyue ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာ တွေ့လိုက်ရတယ်။ သမ္မတ ရှီကျင့်ဖျင်ကတော့ SCO ဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမှာ အမျိုးအစားသစ်ပုံစံတစ်ခုဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒီပြည်ပခရီးစဉ်အတွင်းမှာပဲ နစကရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌဖြစ်သူ မစ္စရှန်ယွဲ့သွဲ့ (Ms.Shen Yueyue)နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ် ပေးနိုင်ရေးဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရတယ်။

၃။ ပြီးခဲ့တဲ့ ဘန်ဒေါင်းသဘောတူချက် (၅)ရပ်ရဲ့ နှစ် (၇၀)ပြည့်အခမ်းအနားမှာ သမ္မတ ရှီကျင့်ဖျင့် ပြောခဲ့တဲ့ မိန့်ခွန်းထဲက Global South ဒေသလွှမ်းခြုံရေးနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား တည်ရှိမှုက ပိုပြီး သတိပြုစရာ ဖြစ်လာခဲ့တာတွေ့ရတယ်။ ပုံမှန်အားဖြင့်တော့ Global South ဆိုတာ ကမ္ဘာ့ တောင်ဘက် အခြမ်းလို့ ဘာသာပြန်လို့ရပေမယ့် မူလရည်ရွယ်ထားတဲ့ အဓိပ္ပာယ်က ဖွံ့ဖြိုးဆဲ နိုင်ငံများကို အဓိက ရည်ရွယ်လိုရင်းဖြစ်တယ်။ အဲ့ဒီဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲ မှာ ကိုယ်တွေမြန်မာနိုင်ငံလည်း ပါသလို ဒီထဲမှာပါတဲ့ နိုင်ငံအများစုဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အတိုင်းအတာတစ်ခုထိ နောက်ကျကျန်နေတာမျိုး၊ နိုင်ငံရေးပိုင်းမှာလည်း ညီညွှတ်မှုမရှိသလို တည်ငြိမ်မှု ကင်းမဲ့နေကြတာတွေရှိသလို လူမှုရေးအပိုင်းမှာလည်း လူမျိုးစုတွေ များပြားတာမို့ ပဋိပက္ခတွေလည်း မြောက်များစွာ ရှိနေတတ်တဲ့ နိုင်ငံတွေရှိနေတာ တွေ့ရတယ်။ ပိုဆိုးတာက ကိုလိုနီစနစ်ဆိုးကနေ လွတ်မြောက်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်တာနဲ့ အညီ အုပ်ချုပ်ရေးစနစ်မှာလည်း ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ကြသလို လူမျိုးရေးခွဲခြားပြီး အုပ်ချုပ်ခြင်းခံခဲ့ရတာမို့လည်း တိုင်းရင်းသားအချင်းချင်းနဲ့လူမျိုးအချင်းချင်းတွေ ကြားမှာညီညွှတ်မှုမရှိတဲ့ ပြဿနာမျိုး အဓိက ရင်ဆိုင် နေကြရတာလည်းဖြစ်တယ်။ အထူးသဖြင့် ကမ္ဘာ့စူပါ ပါဝါ အင်အားကြီးနိုင်ငံတစ်ခုအဖြစ်နဲ့ ထိပ်ဆုံးကို ရောက်ဖို့ ရည်မှန်းချက်ထားနေတဲ့ တရုတ်ဟာ Global South လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ်မှာ စီးပွားရေးနဲ့ နိုင်ငံရေးအရ လွှမ်းမိုး ဦးဆောင်နိုင်အောင် ကြိုးစားလာတာလည်း မျက်ဝါးထင်ထင် မြင်တွေ့နေရတယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ဩဇာ လွှမ်းမိုးမှု ရှိတဲ့ နိုင်ငံတွေအပေါ်မှာ အခြေခံ အဆောက်အဉီနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံတာတွေ လုပ်နိုင်ဖို့ ပိုကြိုးစားလာတာမျိုး တွေ့ရတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက အဓိကထား ဆောင်ရွက်နေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းမှာလည်း နှောင်ကြိုးပါနိုင်တဲ့ အကူအညီတွေနဲ့ ဒေသတွင်းနိုင်ငံတွေပေါ်မှာ ဩဇာလွှမ်းမိုးမှုရှိအောင် မဟာဗျူဟာ ရည်မှန်းချက်ကျကျနဲ့ ပုံဖော်ဆောင်ရွက်နေတယ်ဆိုတဲ့ ဝေဖန်မှုမျိုးလည်း ရင်ဆိုင်နေရတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေအပေါ်မှာ အချုပ်အခြာနဲ့ အုပ်ချုပ်ရေး စနစ်တွေကိုပါ လွှမ်းမိုးမှုရှိနိုင်မလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ကြုံတွေ့နေရတယ်။

၄။ အပေါ်က စိုးရိမ်နေတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ကြည့်ရင် ပြည်တွင်းမှာရှိတဲ့ ပြည်သူအများစု ကတော့ လက်ရှိရှမ်းမြောက်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ တရုတ်အနေနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအပေါ်မှာ ကြားခံအဖြစ်အသုံးချပြီး အစိုးရအပေါ်မှာ ထိန်းချုပ်ဖို့၊ အထူးသဖြင့် တပ်မတော်ကို လွှမ်းမိုးမှုရှိအောင် ဆောင်ရွက်နေတာလားဆိုတဲ့ စွပ်စွဲမှုတွေ လည်းရှိနေခဲ့ပြီဖြစ်တယ်။ ပိုပြီး သံသယ ဖြစ်စေတဲ့ အချက်အလက်တွေအရ လက်ရှိဖြစ်နေတဲ့ ရှမ်းမြောက်တိုက်ပွဲတွေ၊ ရခိုင်မှာ AA ဖော်ဆောင်နေတဲ့ စစ်ပွဲတွေနဲ့ မန္တလေးအထက် မတ္တရာနဲ့မိုးကုတ် တစ်ဝိုက်တွေမှာ စစ်ရေးအရ ပြင်းပြင်ထန်ထန် ထိုးစစ် ဆင်နေတဲ့ အခင်းအကျင်းတွေက တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်းနဲ့ စီးပွားရေး စင်္ကြ့လျာထားတဲ့ နယ်မြေတစ်လျှောက်လုံး တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ကို ထင်ထင်ရှားရှား တွေ့မြင်နေရ တာဖြစ်တယ်။ ဒီအချက်ကပဲ တရုတ်ဩဇာလွှမ်းမိုးမှုရှိတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေအနေနဲ့ နောက်ကွယ်မှာ အခြားသော ပံ့ပိုးကူညီသူမရှိဘဲ လားရှိုးမြို့လို တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့မြို့ကို တိုက်လာနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်နေကြတာ ဖြစ်တယ်။ ဟိုဂင်သဘောတူညီချက်ကို ဖောက်ဖျက်ပြီး မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနဲ့ ကျောက်မဲ ဒေသတွေကို ဟန်ချက်ညီညီ တိုက်စစ်ဆင်လာတဲ့အပေါ်မှာ ကြားဝင် စေ့စပ်ပေးထားတဲ့ တရုတ်အနေနဲ့ တခွန်းတပါဒမျှ မဟခဲ့တာကလည်း အတော်လေး ထူးဆန်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ယူဆနေကြတယ်။ တကယ်လို့များ လားရှိုးကိုသာ တပ်မတော်အနေနဲ့ လက်လွှတ်ခဲ့ရရင် တရုတ်အနေနဲ့ အချိန်ကိုက် အပစ်အခတ် ရပ်စဲရေးဆိုပြီး ကြားဝေစေ့စပ်လေဦးမလားဆိုတဲ့ ခန့်မှန်းချက် တွေလည်း ရှိနေခဲ့ပြီ ဖြစ်တယ်။

၅။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပမယ်ဆိုတဲ့ အာမခံချက်မျိုးလည်း အစည်းအဝေးတွေတိုင်းမှာ မကြာခဏ ပြောကြားထားတာ တွေ့ရတယ်။ ပြည်လုံးကျွတ် ရွေးကောက်ပွဲဆိုပေမယ့်လည်း နယ်မြေလုံခြုံရေးအရ အပိုင်းလိုက်သာ ကျင်းပရမယ့် အနေအထားမှာ လက်နက်ကိုင်တွေအနေနဲ့ လက်ရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အပိုင်စားရဖို့ ရွေးကောက်ပွဲမတိုင်ခင် ပြင်းပြင်းထန်ထန် ကြိုးစားနေတာ တွေ့ရတယ်။ အထူးသဖြင့် MNDAA အနေနဲ့ လောက်ကိုင်ဒေသကို အထူးဒေသ(၁)အဖြစ် ကင်ပွန်းတပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ထူထောင် နေသလို TNLA အနေနဲ့လည်း လက်ရှိယာယီ သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ နမ္မတူ ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတာ တွေ့မြင်နေရတယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ရှမ်းမြောက်မြို့တော်ဖြစ်တဲ့ လားရှိုးမြို့အပါအဝင် ဆက်စပ်မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေ အထိပါ စစ်ရေးအရ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ မတ္တရာလို ဒေသတွေကို NUG ရဲ့လွတ်မြောက်နယ်မြေဒေသအဖြစ် အချိန်ကိုက် ကြေငြာနိုင်ဖို့ EAO တွေအပြိုင် ကြိုးစားနေတာ သတိပြုမိတယ်။ ဒါဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းပုံစံသစ်ဖြစ်ပေါ်လာဖို့ EAO တွေကြိုးစားနေတဲ့ ရည်မှန်းချက် တစ်ခုလည်း ဖြစ်တယ်။

၆။ အချုပ်အားဖြင့်ဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ နယ်မြေဆုံးရှုံးထားတဲ့ တပ်မတော်ကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ငါးစာနဲ့ မျှားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲကို ဖြတ်လမ်းက လိုက်ခွင့်ရအောင် ကြိုးစားမှုတစ်ခုလို့ပဲ သုံးသပ်ရမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)မှာ အရေးကြီးတဲ့ တစ်ချို့သောပုဒ်မတွေဟာ လွှတ်တော်ရဲ့ သဘောတူညီချက်ရမှ ပြင်ဆင်နိုင်မယ်ဆိုပေမယ့် NCA ကနေလည်း ကြားဖြတ်ပြင်ဆင်နိုင်တဲ့ သဘောရှိတာ တွေ့ရတယ်။ ဒီလိုအခင်းအကျင်းမျိုးရှိထားတဲ့အတွက် တပ်မတော်အခက်၊ EAO အချက်ပုံစံမျိုးဖြစ်အောင် EAO တွေက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ခိုင်ခိုင်မာမာဖြစ်အောင် ကြိုးစား နေကြခြင်းဖြစ်တယ်။ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ တရုတ် အကျိုးစီးပွားကို ကာကွယ်ပေးရမယ့် တပ်မတော်(သို့) အစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ဆိုတဲ့နေရာမှာ အကန့်အသတ်ရှိနေတဲ့သဘောမျိုးရှိနေတာ တွေ့ရတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ဆိုတဲ့ နေရာမှာ နယ်မြေ အတည်တကျ သတ်မှတ်နိုင်ခြင်း မရှိသေးတာကလည်း ခုလက်ရှိ TNLA နဲ့ SSPP တို့ဖြစ်ပွားနေတဲ့ အပြန်အလှန် ပဋိပက္ခတွေကို ကြည့်ရင် သိသာစေတယ်။ နစက အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးမယ်လို့ ဆိုထားပေမယ့်လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေဟာ လောက်ကိုင်လိုမျိုး ပြည်ထောင်စုရဲ့ အစိတ်အပိုင်း မျိုးမဟုတ်ဘဲ ရှမ်းမြောက်ဒေသ တစ်ခုလုံးကိုပါ အန္တရာယ်ရှိလာတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်တွေကိုကို ရွေးကောက်ပွဲ မတိုင်ခင် တုံ့ပြန်ရှင်းလင်းဖို့လည်း လိုအပ်နေသေးတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေနိုင်ငံရဲ့ ပထဝီနယ် မြေအရေးပါမှုကို အသုံးချလိုတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ လက်နက်ကိုင်တွေကြားမှာ ဖက်ဒရယ်ခေါင်းစဉ်ကို လိုအပ်သလိုအသုံးချပြီး စစ်ဘုရင်ဝါဒနဲ့ နယ်မြေချဲ့ သိမ်းပိုက်နေမှုကို တပ်မတော်အနေနဲ့ မည်သို့မျှ လက်သင့်ခံပေး လိမ့်မှာမဟုတ်ပါဘူး။ ထို့အတူ နစက အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ EAO တွေရဲ့ မြို့သိမ်း တိုက်ပွဲတွေကြားမှာ နိုင်ငံတော်ရဲ့ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးစစ်ရာ ကိစ္စတွေကို အကောင်းဆုံး ထိန်းကြောင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံရေး အခင်းအကျင်းပုံစံက ဘယ်လိုပဲဖြစ်ပါစေ… ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာမဆုံးရှုံးစေရေးအတွက် စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ သက်ရှိ စည်းရိုးဖြစ်သော တပ်မတော်သားအားလုံးဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အမိနိုင်ငံတော် အတွက် အောင်ပွဲများ ရယူပေးနိုင်လိမ့်မည်ဟု ယုံကြည် မိပါတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post