နိုင်ငံ့အတွက် .. ငါတို့တာဝန်

Views


ပြည်သူ့ စစ်မှုထမ်း အမှတ်စဉ် (၁) သင်တန်းဆင်းခဲ့ချေပြီ။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့မြောက်မှ ကျူးကျော်သူ မြောက်သုံးကောင်သည် သူတို့မွေးစားအဖေ EAOs နှင့် ပထွေးနိုင်ငံတစ်ခု၏ အကူအညီဖြင့် ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်ကာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာ မြို့တို့ကို ကျူးကျော် တိုက်ခိုက်သည်နှင့် ကြုံရပြန်သည်။

-

၁၀၂၇ ခေါ် ပထမ အကြိမ် ကျူးကျော်စစ်အတိုင်း ရန်သူသည် ၂၀၂၁ ဖေ ၁ အရေးကြောင့် အလကားပဲတင်း ရရှိလိုက်သည့် PDF တွေ၏ အင်အား၊ ပထွေးနိုင်ငံကြီး၏ နည်းပညာအကူအညီများဖြင့် အင်နဲ့အားနဲ့ တိုက်ခြင်းဖြစ်သည်။ ရှင်းရှင်းပြောရရင်ဖြင့် ပြည်ထောင်စုနယ်မြေများအား သင်းတို့ နယ်မြေအဖြစ် ထပ်မံကြေညာနိုင်ရန်အတွက်လည်းကောင်း ပထွေးနိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက်လည်းကောင်း မရရ အောင်တိုက်မည့်သဘောပင်ဖြစ်သည်။

-

လက်ရှိ ကမ္ဘာ့မြေပုံပေါ်တွင်ရှိသော မြန်မာနိုင်ငံ မြေပုံသည် လွယ်လွယ်နှင့် ဖြစ်လာတာတော့မဟုတ်။ ဘိုးဘွားဘီဘင် ရှေးဗမာများအနေဖြင့် သွေးတွေ၊ ချွေးတွေ ပေးဆပ်ကာ စုစည်းထားခြင်းဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် အင်ပါယာများသည် အလိုအလျောက် ပေါ်ထွန်း စုစည်းလာခြင်းမဟုတ်။ ဗမာ စစ်ဘုရင်များ၏ လက်ရုံးရည်ဖြင့်တိုက်ကာ စုစည်းထားရသည့် အင်ပါယာဖြစ်သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှသည် ယနေ့ထိလဲ နိုင်ငံတော်၏ အစိတ်အပိုင်းအားလုံးမှာ အေးဆေးစွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမဟုတ်။ မြောက်မြားစွာသော တပ်မတော်သားများ၏ အသက်တွေ စွန့်လွှတ် စွန့်စားပြီးကာမှ ထိန်းသိမ်း ထားနိုင်ခဲ့ခြင်းဖြစ်သည်။

-

လွယ်လွယ်နှင့်မရခဲ့သည့် အချုပ်အခြာအာဏာမို့ ကျွန်တော်တို့ ၂၁ ရာစု မျိုးဆက်တွေလက်ထဲကျမှ ဆုံးရှုံးရသည် ဆိုခြင်းကား တကယ် နှလုံးနာစရာကောင်းလှသည်။ အရှေ့တောင်အာရှမြေပုံတွေထဲမှာ အင်မတန်မှလှပသည့် အမိမြေပုံ ကို နောက် မျိုးဆက် လူငယ်များလက်ထဲကို ပဲ့ကာရွဲ့ကာ ပေးကြမလားဆိုတာ မေးခွန်းဖြစ်လာချေပြီ။

-

မပေးပါ ..... မြန်မာဆိုသည့် စိတ်ရှိသည့် နိုင်ငံသားတိုင်း မပေးနိုင်ပါဆိုသည့် အဖြေကို ပေးကြမည်ဖြစ်သည်။ သို့သော် မပေးနိုင်ဘူးဆိုသည့် စကားလုံးတစ်လုံးတည်းနှင့်လဲ မပြီးသွားချေ။ လက်ကလဲ မပေးရအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

-

မပေးရအောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း။ ဟုတ်ကဲ့ ... တပ်မတော်ကို အင်အား ရှိစေရန်အတွက် စစ်မှုထမ်းပေးခြင်း၊ စစ်မှုထမ်းဆောင်ရန် အခက်အခဲရှိသူများမှာမူ တပ်မတော်ကို အင်အားရှိစေရန်အတွက် ထောက်ပံ့ပေးခြင်းတို့ဖြင့် ဝိုင်းဝန်းကြလျှင် တိုင်းပြည်၏ မည်သည့်အစိတ်အပိုင်းမျှ သင်းသူပုန်တွေ လက်ထဲ ရောက်စရာ အကြောင်း ကိုမရှိပါချေ။

-

အာဏာရရှိရေးကိုသာသိသည့် နိုင်ငံရေးသမားများ ၅ နှစ် အာဏာရရှိချိန်တွင် မြန်မာတို့၏ မျိုးချစ်စိတ်ကို ဘယ်လိုပဲ ပျက်စီးသွားအောင် ဖျက်ဆီးခဲ့ဖျက်ဆီးခဲ့ ဘိုးဘေးတွေ၏ သွေးများ ရစ်ပတ်စီးဆင်းလျက်ရှိသော မြန်မာလူငယ်များ၏ အမျိုးချစ်စိတ်မှာ ၁၀၂၇ ကျူးကျော်စစ်မှာ ဖုံးနေသောပြာများ လေနှင့်အတူ လွှင့်စင်သွား သကဲ့သို မီးဟုန်း ဟုန်းတောက်ကာ ပြန်လည်နိုးထလာတော့သည်။

-

အချိန်ကိုကိုက်ပြီး ထုတ်သလားတောင်မှတ်ရသည့် “ပြည်သူ့စစ်မှုထမ်း” ဉပဒေကလည်း ရေကန်အသင့် ကြာအသင့် ဖြစ်တည်လာတော့ တပ်မတော်တွင်းကို မျိုးချစ်လူငယ်များ တခဲနက် မိမိသဘောနှင့်အတူ ဝင်လာကြသည်။ စစ်မှုထမ်းဉပဒေနှင့် မပတ်သက်ဘဲ မိမိသဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်သူကလည်း ဝင်ကြသည်။ စစ်မှုထမ်းဟောင်းများမှလည်း တပ်မတော်တွင်း ပြန်လည်သတင်းပို့ကြသည်။ ပိုပြီး စိတ်အား တက်ဖို့ကောင်းသည်မှာ တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူများ၊ ပြစ်ဒဏ်ကျခံနေဆဲ သူများမှာလဲ တာဝန်ပေးအပ်ဖို့ တောင်းဆိုလာကြသည်။

-

ဒါသည်ကား မြန်မာ စိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာ ဟူသည် မြန်လဲမြန်သည်။ မာလဲမာသည်ဆိုသည်။ မည်သည့် နိုင်ငံကိုမှကျူးကျော်လိုစိတ်မရှိသလို မိမိနိုင်ငံကိုလည်း ကျူးကျော်လာလျှင် ငြိမ်ခံနေမည့် လူမျိုးမဟုတ်ကြ။

-

တိုင်းတစ်ပါးအားကိုးနှင့် အမိပြည်ထောင်စုမြေပုံကို ဖဲ့ထုတ်ရန် ဆောင်ရွက်လာသည့် သင်းသူပုန်များနှင့် ရင်ဆိုင်ရန် အသင့်ရှိနေကြပြီဖြစ်သည်။ နောက်ဆုံးရထားသည့် သတင်းများအရ မိမိတို့ တပ်မတော်သားများသည် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာ တို့တွင် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ ကြံ့ကြံ့ခံခုခံနေကြောင်း သိရှိရသလို ကျူးကျော်သူ သူပုန်များ အကျအဆုံးများလျက်ရှိကြသည်တဲ့။

-

ကျူးကျော်သူများ အားကိုးနေသည့် နိုင်ငံသည် မိမိတို့မြန်မာနိုင်ငံကို ဘိုးဘေးတွေခေတ်မှသည် ယခုထိ အနိုင်ယူခဲ့တာမရှိခဲ့။ ဆင်ဖြူရှင်မင်းတရား၏ ရွှေကြက်ယက်မှာ အလောင်းတွေထပ်အောင်တိုက်ခဲ့သည်မှအစ ၁၉၅၄ ဘုရင့်နောင်စစ်ဆင်ရေးဖြင့် ဝက်ဝက်ကွဲထွက်ပြေးရသည်ကအလယ် ယခု ကျူးကျော်စစ်အဆုံး သင်းတို့ကို ငါတို့၏ ဇာတိသွေး များပြကြရဖို့ တာဝန်ရှိလာချေပြီ။

-

နိုင်ငံတော်အလံ မလဲစေရန် ဆောင်ရွက်နေကြသော တပ်မတော်သားများ နေရာဆီသို့ သင်တန်းဆင်းပြီးသား စစ်သည်များ လိုက်လံအားဖြည့် ကြပါစို့။ ငါတို့ နိုင်ငံတော် ပဲ့မထွက်သွားဖို့ ငါတို့ ထမ်းကြရမည် ... စစ်သည်တော်တို့။ ငါတို့ နိုင်ငံတော် မြေပုံကို ဘိုးဘေးတွေပေးခဲ့သည့်အတိုင်း အနာဂတ်လူငယ်များလက်ထဲကို ထည့်ပေးဖို့ စစ်ကိုနိုင်အောင်တိုက်ဖို့လိုပါသည် ... စစ်သည်တော်တို့။

-

“သင်းနိုင်ငံသား သူပုန်များ သံမှုန့်စားတောင်

ဒို့ဓားမတုံးပြီ ....

စစ်မြေပြင်လမ်းနောက်မဆုတ်တမ်း ချီတက်တိုက်ကြမည်

အမျိုးအတွက် ... ငါတို့ တာဝန်

နိုင်ငံ့အတွက် .. ငါတို့ တာဝန်

ပြည်သူ့အတွက် .. ငါတို့ တာဝန်”



Crd. မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post