❝အရူးကွက်နင်းတဲ့ တိုင်းပြည်❞

Views


ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ဟာ ပိုပြီးဆင်းရဲသွားတယ်ဆိုပြီး ကုန်လွန်ခဲ့ပြီးသော ၁၀ စုနှစ်တနှစ်စာက ခေတ်တွေနဲ့ နှိုင်းယှဉ်ပြကြတယ်။ ထုံးစံအတိုင်း ဒေါ်စုလက်ထက်မှာ ဒေါ်လာဈေးက ဘာလာဘလာ၊ ဆီဈေးက ဘလာဘလာပေါ့။ ဒါပေမယ့် ဒီအစိုးရဟာ တိုင်းပြည်ကို အကောင်းပကတိအတိုင်း အုပ်ချုပ်ခဲ့ရတာလား၊ ဒေါ်စုလက်ထက်တုန်းကလို သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကနေ တိုင်းပြည်ကို အေးအေးလူလူ လက်ပြောင်း/လက်လွှဲ ရယူခဲ့ရတာမျိုးရှိရဲ့လား၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကရော ဒေါ်စုလက်ထက်နဲ့ သမ္မတကြီးဦးသိန်းစိန်တုန်းကလို စစ်တွေအကြီးအကျယ်ဖြစ်နေတာ မျိုးရှိခဲ့ရဲ့လား ဆိုတာကိုတော့ ဝေဖန်စောဒကတက်ဖို့ မေ့နေခဲ့ ကြတယ်။ (တကယ်တော့ အရူးကွက်နင်းတာပါ)

---

၂၀၂၁ ခုနှစ် ၂ လပိုင်း ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ၁ လပိုင်း ၃၁ ရက်အထိ ((၂)နှစ်အတွင်း မှာ) နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် (၁၄)ခုက ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေကြောင့် ၃၈၁ ဦးသေဆုံးခဲ့ပြီး ၁၄၇၈ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ ဒီထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အဆိုးဆုံးပဲ။ ရဲတပ်ဖွဲ့ဝင် ၁၆၂ ဦးအထိ အသတ်ခံခဲ့ရတဲ့ တိုင်းဒေသကြီးတစ်ခုအဖြစ်နဲ့ စာရင်းဝင်ခဲ့တယ်။ ၂ နှစ်အတွင်းမှာ ပြည်သူ ၄၇၃၇ ဦး သေဆုံးပြီး ၄၁၅၀ ဦးက ဒဏ်ရာရှိခဲ့ရတယ်။ ဒီထဲမှာ CDM မလုပ်လို့/သံပုံးမတီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆံပင်ရိတ်ခံရတဲ့ ပြည်သူ ၄ ဦးရှိခဲ့သလို ဆေးမှင်ကြောင် ထိုးခံရတဲ့ ပြည်သူ ၁ ဦးလည်း ရှိခဲ့တယ်။

---

လက်နက်/ခဲယမ်းဖမ်းဆီးရမိမှုမှာလည်း ၂ နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၃၅၇ ကြိမ် ဖမ်းဆီး ရမိခဲ့သလို လက်ပစ်ဗုံးအရေအတွက်မှာလည်း ၁၉၄၆ လုံးအထိ ဖမ်းဆီးရမိခဲ့တယ်။ စာသင်ကျောင်းမှာ မိုင်းထောင်/ဗုံးခွဲတာက စုစုပေါင်း ၈၂ ကြိမ်ကွဲပြီး ဗုံးတွေ့ပြီး မကွဲတာက ၂၆ ကြိမ်၊ ဌာနဆိုင်ရာရုံးအဆောက်အဦမှာ မိုင်းထောင်/ဗုံးကွဲ တာက ၈၈၅ ကြိမ်နဲ့ ဗုံးတွေ့ပြီး မကွဲတာက ၁၅၆ ကြိမ်၊ တခြား ရုံး/ဌာနဆိုင်ရာ အဆောက်အဦ မဟုတ်တဲ့ လမ်းတံတားတွေမှာ မိုင်းထောင်ဖျက်ဆီးဖောက်ခွဲတာက ၄၂၁၄ ကြိမ်၊ ဗုံးတွေ့ပြီး မကွဲတာက ၁၄၈၂ ကြိမ်နဲ့ စုစုပေါင်း ၆၈၄၅ အကြိမ်ထိ ရှိခဲ့တယ်။ လက်နက်/ခဲယမ်းဖမ်းဆီးရမိမှုမှာလည်း ၂၀၂၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က မန္တလေးမြို့တွင်း ဖမ်းဆီးရမိတဲ့ လက်နက်အရေအတွက်တွေဟာ တပ်ရင်း တစ်ရင်းစာ ပမာဏာလောက်အထိ ရှိခဲ့သလို မတ္တရာမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက် အရေအတွက်ဟာလည်း အလက်ပေါင်း ၆၀ ကျော်အထိ ရှိခဲ့တယ်။

---

လက်ရှိအချိန်မှာ စစ်ပွဲတွေကြောင့် နယ်စပ်မြို့တွေကို သွားလို့ မရနိုင်ဘူးဆိုပေမယ့် ပြည်မထဲမှာကိုပဲ NUG လက်အောက်ခံ PDF တွေရဲ့ လုပ်ရပ်ကြောင့် တိုင်းနဲ့ ပြည်နယ် (၁၄)ခုရဲ့ မြို့နယ် ၂၀၄ မြို့နယ်မှာ လမ်းတံတားပေါင်း ၈၅၆ စင်းအထိ ဖောက်ခွဲဖျက်ဆီးခံ ထားရတယ်။ ၃၇၅ မြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးနဲ့အဆောက်အဦပေါင်း ၉၇၆ လုံးအထိ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ဒီလိုဖျက်ဆီးခဲ့မှုတွေထဲမှာ ကျွန်းလှနဲ့ ကောလင်းကြားက ဒေါင်းမြူချောင်းကူးတံတား၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက တံတားတွေ အပါအဝင် မြဝတီမှာရှိတဲ့ ချစ်ကြည်ရေးတံတားကို မိုင်းခွဲတိုက်ခိုက်တာတွေက ထင်ရှားတဲ့ ဖြစ်ရပ်တွေ အဖြစ်တွေ့နိုင်တယ်။ ဒါတောင် မိုင်တဲလ်တာဝါတိုင်နဲ့ MPT တာဝါတိုင်တွေကို ပျော်ပျော်ကြီး မိုင်းခွဲ ချိုးဖျက်တာတွေ မရေးသေးဘူး။

---

၂၀၂၃ ခုနှစ်အတွင်းမှာ လူနေအိမ်နဲ့ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံပေါင်း ၁၆၆၁ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်။ အများဆုံးကတော့ နိုင်ငံပိုင် စာသင်ကျောင်းတွေ၊ နယ်မြေခံရဲစခန်းတွေနဲ့ ယာဉ်ထိန်းရုံးတွေဟာ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ခဲ့တယ်။ နိုင်ငံပိုင်မဟုတ်တဲ့ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံကလည်း ၄၄ ခု အထိဖြစ်ခဲ့တယ်။ မှတ်မိတဲ့သူတွေဆို ကောင်းကောင်းသိပါလိမ့်မယ်။ လှိုင်သာယာက စက်မှုဇုန်တွေကို မီးရှို့ပြီး ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် စက်ရုံပစ္စည်းတွေကိုယူသွားကြတဲ့ ဖြစ်ရပ်တွေဟာ လောလောလတ်လတ်ပဲရှိသေးတယ်။

---

CDM လုပ်ရင် အစိုးရ ပြိုလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးရုံဝန်ထမ်းတွေ၊ စာသင်ကျောင်းနဲ့ တက္ကသိုလ် အပါအဝင် မီးရထားဝန်ထမ်းစက်ခေါင်းမောင်းတွေကအစ ရုံးမတတ် ပဲ ရုန်းထွက်ဆိုပြီး ဖိအားပေးခဲ့ကြတယ်။ ကိုဗစ်ဒုတိယလှိုင်းကြောင့် ပြည်သူတွေ သောက်သောက်လဲသေနေချိန်မှာ ကျန်းမာရေးဝန်ထမ်း ခန့်အပ် အင်အား ၁၀၃၂၁၄ ရှိတဲ့အထဲက ၄၇၂၅၄ အထိ CDM လုပ်ခဲ့ကြတယ်။ ဒီအခြေအနေဆိုးကိုကျော်ဖြတ်ဖို့ တပ်မတော်ရဲ့ ဆေးတပ်ဖွဲ့ဝန်ထမ်းတွေကိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်။ မုံရွာမှာဆိုရင် ဗွီနိုင်းတွေပါ ထုတ်ပြီး Social Punishment လုပ်ဖို့ ဖိအားပေးခဲ့ကြတယ်။

---

ဘယ်အစိုးရ တက်တက် ကိုယ်အုပ်ချုပ်နေချိန်မှာ တိုင်းပြည်ကို တည်ငြိမ်စေချင်တာက အစိုးရတိုင်းရဲ့ ဆန္ဒပဲ။ စက်ရုံ၊ အလုပ်ရုံတွေကို မီးရှို့ဖျက်ဆီးတယ်။ မီးရှို့ ဖျက်ဆီးခံရတဲ့ နိုင်ငံမှာ ဘယ်ပြည်ပကလာပြီး ရင်းနှီးမြုပ်နှံမှုလာလုပ်မလဲ။ စက်သုံးဆီတွေ ဈေးကြီးလို့ အော်ကြတယ်။ ကမ်းလွန်ရေနံတွေကို ဖက်စပ် လုပ်တဲ့ ကုမ္ပဏီတွေ ဒီနိုင်ငံထဲကနေ ထွက်သွားအောင်လည်း နီပိန်းတွေပဲ လုပ်ခဲ့ကြတာမဟုတ်ဘူးလား။ ပြည်ပက ရင်းနှီးမြုပ်နှံ့မှုတွေမလာအောင်၊ ပြည်တွင်းက ပို့တဲ့ကုန်ပစ္စည်းကိုလည်း ဆန်ရှင်မိအောင် ပထွေးဆီမှာ ဝိုင်းပြီးတောင်းဆိုခဲ့ကြတာလည်း ခင်ဗျားတို့ပဲ မဟုတ်ဘူးလား။ ဘဏ်တွေ ပြိုလဲရအောင် ကောလာဟလတွေ အချိန်ကိုက်ထုတ်တယ်။ ရွှေတိဂုံက ရွှေတွေခွာပြီး ဝန်ထမ်းတွေကို လစာပေး နေရပါပြီဆိုပြီး ပြည်သူနဲ့ အစိုးရကိုပင်းတိုက်တယ်။ ဒီကောလာဟလကြောင့်ပဲ ကိုယ့်ပိုက်ဆံကို ရာခိုင်နှုန်းတစ်ခုထိပေးပြီး နေပူပူကြီးထဲမှာ တန်းစီထုတ်ရတယ်။ ဒီလောက် အဖက်ဖက်က ပျက်စီးနေတဲ့ နိုင်ငံ၊ လက်နက်ပေါင်း ရာနဲ့ချီမှောင်ခိုသွင်းပြီး အဖွဲ့စုံလက်နက်ကိုင်သတ်ဖြတ်နေတဲ့ နိုင်ငံမှာ ဘယ်ကောင် လာအုပ်ချုပ် အုပ်ချုပ် တိုင်းပြည်က ဒီအတိုင်းရှိနေမှာပဲ။ အကျိုးတရားဆိုတာ အကြောင်းတရားမရှိဘဲ အလကားမဖြစ်ဘူး ညိုကီတို့။ ဒါကို သဘောပေါက်ဖို့လိုတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post