ရှမ်းမြောက်အနေအထား

Views


ကျောက်မဲ၊ နောင်ချိုဟာ ခရီးမိုင်အကွာအဝေးအရ ပြင်ဦးလွင်နဲ့ ပိုပြီး နီးကပ်တယ်။ နောင်ချိုကျခဲ့ရင် ရှမ်းတောင်မြို့‌တော်ဖြစ်တဲ့ တောင်ကြီးကို ဖြတ်ထွက်တဲ့ အင်တော-ကျောက်ဂူ လမ်းကိုပါ စိုးမိုးလို့ ရသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ရပ်စောက်ဒေသဟာ RC နဲ့ SSA ပါ နယ်မြေ ကစားတဲ့ဒေသဖြစ်လို့ ဒီဘက်အထိတော့ ကျွံဝင်စရာ မရှိဘူးလို့ သုံးသပ်ရတယ်။

-

ဒီထက်ပိုအရေးကြီးတဲ့အချက်က ကျောက်မဲ- နောင်ချို အခြေစိုက်တပ်တွေဟာ ပြင်ဦးလွင်ရဲ့ ရှေ့ကာကင်းလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ တိုက်ပွဲတွေက နောင်ချို- ကျောက်မဲ တစ်ခုတည်း မဟုတ်ဘူး။ မိုးမိတ်နဲ့ မိုးကုတ်မှာပါ တဆက်တည်း၊ တပြိုင်တည်း ဖြစ်နေတာ။ ကြည့်ရတာ တအာင်းအိမ်မက်ဟာ အရှေ့ဘက်မှာ လားရှိုး၊ တောင်ဘက်မှာ နောင်ချို- ကျောက်မဲ၊ မြောက်ဘက် နမ့်ခမ်းနဲ့ အနောက်ဘက်ကို မိုးကုတ်အထိ နယ်မြေရချင်ပုံ ရတာ သွားတွေ့တယ်။

-

တကယ်လို့ နောင်ချို- ကျောက်မဲ ကျရင် လားရှိုးဟာ ဒုတိယလောက်ကိုင်လိုပုံစံကြီး ထီးထီးကြီး ကွက်ကျန် နေခဲ့တော့မှာ သတိပြုမိတယ်။ ဒုံးတပ်ဖွဲ့အခြေစိုက် ကွမ်လုံကျပြီးတဲ့နောက်၊ ကုန်းကြမ်းဆိုတဲ့ အနားပတ်ပတ်လည်တပ်တွေ ကျပြီးတဲ့နောက်မှာ လောက်ကိုင်ဟာ ဘာမှ လှုပ်မရတဲ့ပုံစံ ဖြစ်သွားတယ်။

-

လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေမှာ ခံစစ်ပြင်တဲ့ ဒေသအခြေစိုက်တပ်တွေကို မြို့ထဲမှာသာ လှုပ်ရှားခွင့်ပေးပြီး မို့အပြင်မှာ သူတို့ရှိနေတယ်ပုံစုံမျိုးနဲ့ ချုပ်ထားလေ့ရှိတာ တွေ့ရတယ်။ ရုံး၊ ဌာနဆိုင်ရာနဲ့ တပ်တွေဟာ မြို့ပြင်ထွက်ဖို့ မဖြစ်နိုင်တဲ့အခါ ရန်သူ့လှုပ်ရှားမှုသတင်းပါ ကွင်းဆက်ပျောက်သလို ဖြစ်သွားပြီး ခြေချုပ်မိသလိုမျိုး ဖြစ်နေကြရတယ်။ ရှေ့တန်းစခန်းတွေမှာ လှည့်ကင်း၊ ပတ်ကင်း မထုတ်နိုင်ရင် ခံစစ်အတွက် စိုးရိမ်ရေမှတ် ဖြစ်ရသလို၊ ဒီသဘောမျိုး လုပ်သွားတာ တွေ့ရတယ်။

-

အကောင်းဆုံး ဖြစ်မယ့်အရာတခုကတော့ တအာင်းအခြေစိုက်ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မုန်တုံ ဒေသတဝိုက်ကို စစ်ရေးအရ မှတ်ပုံတင်၊ အရပ်သားတွေကို နေရပ်စွန့်ခွာခိုင်းပြီး ဗုံးကြဲတိုက်ခိုက်မှု လုပ်မှသာ ရန်သူ့ တိုက်စစ်အဟုန်ရပ်မယ့် သဘောရှိတာ တွေ့ရတယ်။ ရန်သူဘက်က လုပ်တဲ့ ဗျူဟာက တိုက်ပွဲစတင်မှုပြပြီး မြို့နေလူထု စစ်ရှောင်သွားအောင် အဓိက ဖန်တီးတာ တွေ့ရတယ်။

-

တပ်မရှိတဲ့မြို့၊ မြို့နေလူထု မရှိတဲ့ဒေသဟာ ရန်သူ့လက်အောက်ကျဖို့ ခဏလေးပဲအချိန်ယူရမယ်။ ဒါပေမဲ့ ကာလကြာရှည် တည်ဆောက်ခဲ့ရတဲ့ အုပ်ချုပ်ရေး ယန္တရား တွေကတော့ အကုန်ပျက်စီး ကုန်တာ တွေ့ရတယ်။ ဒီအချက်ကပဲ တပ်မတော်က ပြန်တိုက်ယူတဲ့အခါ အချိန်ပေးရမဲ့၊ အချိန်ယူရမဲ့ အကြောင်းတရားဖြစ်တာ တွေ့ရတယ်။ သာမန် စခန်းကုန်းကျလို့ စခန်းတခုကို ပြန်တိုက်ယူရတာမျိုး မဟုတ်ပဲ၊ ဆုံးရှုံးသွားရတဲ့ မြို့အုပ်ချုပ်ရေး စနစ်ကိုပါ ပြန်ရအောင် တိုက်ယူရမှာ ဖြစ်လို့ စိန်ခေါ်မှု ပိုများတယ်။ မြို့တွင်းစစ်ပွဲ တွေလည်း ဆင်နွှဲရဖို့ ရှိကောင်း ရှိလာနိုင်တယ်။

-

အဖြေကတော့ ဗခ ဇော်မင်းထွန်းပြောခဲ့သလို မှတ်ပုံတင်ထားတဲ့ ရန်သူ့ဌာနချုပ်တွေကို လက်နက်ကြီးနဲ့ ပစ်မှပဲ ရတော့မယ်။ ဒီလို ပစ်နိုင်ဖို့လည်း အရပ်သားနဲ့ စစ်ရေးပစ်မှတ်ခွဲခြားနိုင်ဖို့ တရားဝင်ကြေငြာချက်ထုတ်ပြန်ပြီး လုပ်ရမယ်။ ရန်သူ့ဌာနချုပ်တွေ၊ ရန်သူ့ စီးပွား အခွင့်အလမ်းတွေကို တန့်အောင် မလှုပ်နိုင်သရွေ့ ကိုယ့်တပ်တွေက ဒီလိုပဲ ရန်သူ့တိုက်စစ်ကို ခုခံနေရတဲ့ပုံစံမျိုးပဲ နှစ်ပါးသွားနေရလိမ့်မယ်။ အချိန်ကြာ လာတာနဲ့အမျှ ကိုယ့်တပ်တွေဟာ လွယ်လင့်တကူ လက်လျော့ပေးတတ်တဲ့ စိတ်မျိုးလည်း ဝင်သွားနိုင်တာ သတိပြုရမယ်။ လက်ရှိ EAO တွေရဲ့ ရည်မှန်းချက်က ဘာဖက်ဒရယ်အခင်းအကျင်းမှမဟုတ်တော့ဘူး။ ပြည်ထောင်စုဟာ ဒီအတိုင်းဆက်သွားနေရင် ပိုဆိုးတဲ့ အခြေအနေမျိုးပဲ ကြုံရလိမ့်မယ်လို့ တွေးမိတယ်။ ဗီယမ်နမ်ကို ပူတင် ဘာလို့သွားလဲ ဆိုတာ ဒါကအဖြေပဲ။ မတည်ငြိမ်တဲ့ နိုင်ငံမှာ ဘယ်လိုနိုင်ငံကမှ Investment လာလုပ်မှာ မဟုတ်ဘူး။

(နရီမိုး)

Post a Comment

Previous Post Next Post