❝ နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ မြန်မာ့လျှပ်စစ်စွမ်းအင် အခွင့်အလမ်း❞

Views


၁။ လက်ရှိ ကမ္ဘာကြီးတစ်ခုလုံးမှာ နိုင်ငံပေါင်း ၃၀ ကျော်က နျူကလီးယားစွမ်းအင် ဓာတ်ပေါင်းဖို ၄၄၄ လုံး လည်ပတ်နေပြီး ၆၅ ခုကျော်က တည်ဆောက်ဆဲဖြစ်သလို ကမ္ဘာ့လျှပ်စစ်ဓာတ်အားရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကို နျူကလီးယား စွမ်းအင်က ထုတ်လုပ် ပေးနေတာဖြစ်တယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ(IAEA) က ထုတ်ပြန် ထားတာ တွေ့ရတယ်။ နျူကလီးယားဓာတ်ပေါင်းဖို အများဆုံး အသုံးပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ၉၃ ခု၊ ပြင်သစ်က ၅၆ ခု၊ တရုတ်က ၅၅ ခု၊ ရုရှားက ၃၇ ခု၊ ဂျပန်က ၃၃ ခု၊ တောင်ကိုရီးယားက ၂၅ ခု၊ အိန္ဒိယက ၂၂ ခု၊ ကနေဒါက ၁၉ ခု၊ ယူကရိန်းက ၁၅ ခုနဲ့ ယူနိုက်တက်ကင်းဒမ်းမှာ ၉ ခုဆိုပြီး အစဉ်လိုက် ရပ်တည် နေတာ တွေ့ရမှာဖြစ်တယ်။

နျူကလီးယားဓာတ်ပေါင်းဖိုတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ

၂။ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ စနစ် တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေက ရှုပ်ထွေးတယ်ဆိုပေမယ့် အခြေခံသဘော တရားအဖြစ် နားလည်နိုင်တာကတော့ နျူကလီးယားလောင်စာတွေဓာတ်ပြုရာကနေ ထွက်လာတဲ့ စွမ်းအင်တွေကို အသုံးပြုပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်တာမျိုးဖြစ်တယ်။ ပိုပြီးရှင်းအောင်ပြောရရင် နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာ နျူကလီးယား ဓာတ်ပြု ပြိုကွဲခြင်းကနေ ထွက်လာတဲ့ အပူ(စွမ်းအင်)ကနေ ရေနွေးငွေ့ဖြစ်စေပြီး အဲ့ဒီကနေ တစ်ဆင့် တာဘိုင်တွေကနေ လျှပ်စစ်ဓာတ်တွေ ထုတ်လုပ်တာဖြစ်တယ်။ ဓာတ်ပေါင်းဖို တစ်ခုမှာလည်း လောင်စာချောင်းတွေ၊ ထိန်းချုပ်တံတွေ၊ အအေးခံအရည်ကန်တွေ၊ တာဘိုင် ဂျင်နရေတာတွေ အဓိကပါဝင်သလို ဓာတ်ပြုမှုတွေ အပြင်ကို ယိုစိမ့်မှု မဖြစ်စေ ဖို့အတွက်လည်း လုံခြုံရေးအတွက် အလုံပိတ်ထားတဲ့ စတီးလ်ကွန်တိန်နာတွေလည်း လိုအပ်တာ တွေ့ရမှာဖြစ်တယ်။

၃။ အဓိကကတော့ ယူရေနီယမ်လောင်စာတွေကို သတ္တုလောင်စာချောင်းအရှည်တွေ ထဲမှာ စုထည့်ထားပြီး အလုံပိတ်ကွန်တိန်နာထဲမှာ အအေးခံအရည်တွေနဲ့ ထည့်သွင်းထား တာဖြစ်တယ်။ လိုအပ်တဲ့ နျူကလီးယားကွင်းဆက်ဓာတ်ပြုမှု အနှေး၊ အမြန်နှုန်းတွေကို ထိန်းချုပ်ဖို့အတွက် နျူထရွန်ဓာတ်ပြုမှု တွေကို ဆန့်ကျင်နိုင်တဲ့ ဘိုရွန် (Boron) နဲ့ ငွေ (Silver)တို့လို သတ္တူတွေကို ထိန်းချုပ်တံတွေအဖြစ် အသုံးပြုကြလေ့ရှိတယ်။ Reactor vessel လို့ခေါ်တဲ့ အလုံပိတ် သတ္ထုတိုင်ကီ/ကွန်တိန်နာတွေကိုတော့ လောင်စာချောင်း တွေနဲ့ အအေးခံအရည်တွေ ပြင်ပကို စိမ့်မထွက်လာစေဖို့ တည်ဆောက်ထားတာ တွေ့ရ တယ်။ အအေးခံအရည်(Coolant)ကိုတော့ တစ်ချို့သော ဓာတ်ပေါင်းဖိုတွေမှာ Gas coolant နဲ့ အရည်ကြိုဆားတွေလို ionic liquid တွေ သုံးတတ်ကြပေမယ့် ဓာတ်ပေါင်းဖို တွေရဲ့ ၉၀ ရာခိုင်နှုန်းအများစုကိုတော့ ရေကိုပဲ အသုံးများ ကြတာတွေ့ရတယ်။ လုံခြုံရေးအဆောက်အဦပိုင်းမှာတော့ ငလျင်ဒဏ်နဲ့ သဘာဝဘေးအန္တရာယ်ဒဏ်တွေအပြင် မတော်တဆမှုတွေနဲ့ ရေဒီယိုသတ္တိကြွသတ္ထုတွေ ယိုစိမ့်မှုမရှိစေဖို့ ဒီဇိုင်းထုတ် တည်ဆောက်ထားလေ့ရှိကြတယ်။ အဓိကလုပ်ငန်းလည်ပတ်မှု သဘောတရားကတော့ လောင်စာက ဓာတ်ပြုနှုန်းကို မြင့်တက်စေပေမယ့် ထိန်းချုပ်တံနဲ့ ရေက အပူနှုန်းကို ပြန် လျော့ချပေးတယ်။ ပြန်ချလို့ဖြစ်တဲ့ရေက အပူစုပ်ယူလိုက်ရတဲ့အခါ ရေနွေးငွေ့ ဖြစ်ပေါ် လာပြီး လျှပ်စစ်ဓာတ်ဖြစ်ပေါ်စေတာမျိုးပါပဲ။

၄။ လက်ရှိကမ္ဘာမှာ အမေရိကန် နိုင်ငံက နျူကလီးယားစွမ်းအင် အများဆုံးသုံးစွဲတဲ့ နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုရဲ့ ၁၉ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်ကနေ ရယူထားတာ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ကာဗွန်ထုတ်လုပ်မှု အနည်းဆုံးဖြစ်တဲ့ ဒီနည်းပညာဟာ ကမ္ဘာ့နဲ့ အဝှမ်းဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နှစ်ပေါင်း ခြောက်ဆယ်လောက် အသုံးပြုပြီးဖြစ်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေ အတွက်တော့ ဘဏ္ဍာရေးအခက်တွေနဲ့ နည်းပညာ အခက်အခဲတွေ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ နည်းပညာလိုအပ်ချက်ကြီးမားမှုရှိသလို အသုံးပြုတဲ့ လောင်စာတွေ ရှားပါးမှုပြဿနာတွေအပြင် လုံခြုံရေးအရ အာမခံချက်ရှိဖို့လည်းလိုအပ်တာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်တော့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စွမ်း မရှိသေးတာတွေ့ ရတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ

၅။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံအနေနဲ့ သူ့ရဲ့ ပထမဆုံးဓာတ်အားပေး စက်ရုံအတွက် လိုအပ်တဲ့ ယူရေနီယံလောင်စာတွေကို ရုရှားအစိုးရပိုင် Rosatom အဏုမြူ ကုမ္ပဏီကနေ လက်ခံရရှိပြီးဖြစ်တာမို့ ကမ္ဘာပေါ် မှာ နျူကလီးယားစွမ်းအင်ထုတ်တဲ့ ၃၃ ခုမြောက်နိုင်ငံအဖြစ် စာရင်းဝင် လာခဲ့ပြီလည်းဖြစ်တယ်။ ကုန်ကျမှုတန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂ ဒသမ၆၅ ဘီလျံရှိတဲ့ ဒီစီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းကို ပြန်ဆပ်ရန် ရွှေ့ဆိုင်းခွင့်ပြုကာလ ၁၀ နှစ်နဲ့ ၂၈ နှစ်အတွင်းမှာ ပြန်ဆပ်ရမယ့် ရုရှားနိုင်ငံရဲ့ မတည် ချေးငွေနဲ့ တည်ဆောက်ခဲ့တာလည်းဖြစ်တယ်။ ဒီနျူကလီးယားစက်ရုံကနေ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၂၄၀၀ ကို ထုတ်လုပ်ပေးမှာဖြစ်သလို အိမ်ထောင်စု ၁၅ သန်း အထိ ဓာတ်အားပေးနိုင်တော့မှာလည်းဖြစ်တယ်။ ဒီစက်ရုံရဲ့ လည်ပတ်မှုသက်တမ်းကို အနှစ် ၆၀ ပေးထားသလို နောက်ထပ် နှစ် ၂၀ လောက်လည်း ထပ်မံသက်တမ်းတိုးနိုင်တယ်လို့ အကြမ်းဖျင်းသိရတယ်။ နျူကလီးယားလျှပ်စစ်စက်ရုံလည်ပတ်နိုင်ဖို့ အလုပ်သမား အင်အား ၂၀၀၀ လောက်လိုအပ်မှာဖြစ်သလို လက်ရှိအချိန်မှာ အလုပ်သမား ၁၅၀၀ ခန့်ကို လည်း ရုရှားနိုင်ငံမှာ သင်တန်းပေးနေပြီဖြစ်တယ်လို့ သိရတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မျှော်မှန်းချက်

၆။ မြန်မာနိုင်ငံမှာ ၁၁၀ မဂ္ဂါဝပ်ထွက်ရှိတဲ့ အသေးစားနျူကလီးယား ဓာတ်အား ပေးစက်ရုံ တစ်ရုံတည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ တွေ့ရတယ်။ တကယ်လို့ နျူကလီးယားစွမ်းအင်ဓာတ်အားပေးစက်ရုံသာ လည်ပတ်နိုင်ခဲ့ရင် ယေဘုယျအားဖြင့် တော့ မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု ၄ သိန်းလောက်ကို လွမ်းခြုံနိုင်မယ်လို့တော့ ယူဆနိုင်တယ်။ ဒီပမာဏာဟာ ရန်ကုန်မြို့ တစ်မြို့စာကို မလွှမ်းခြုံနိုင်ပေမယ့် လူဦးရေနည်း တဲ့မြို့၊ စက်ရုံအလုပ်ရုံတွေများပြားတဲ့ နေရာတွေ တနည်းအားဖြင့် အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေ ထွန်းကားတဲ့မြို့တွေဆိုရင်တော့ အသုံးဝင်နိုင်တယ်လို့ ယူဆရမယ်။ ဒါပေမယ့် ကိုယ်တွေနိုင်ငံအနေနဲ့ တအိမ်ထောင်ချင်းစီအလိုက် လျှပ်စစ် သုံးစွဲမှု ပမာဏာကို တိတိကျကျ သိနိုင်ဖို့လည်း လိုအပ်နေသေးတယ်။ လက်ရှိ အချိန်မှာတော့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်းတာတွက်ချက်မှုတွေ( enginee ring surveys) ၊ ပတ်ဝန်းကျင်အကျိုးသက် ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ (EIA)၊ နျူကလီးယားဓာတ်အားပေး စက်ရုံဒီဇိုင်းနဲ့ဆောက်လုပ်ရေး၊ စက်ကိရိယာ၊ လောင်စာဆီ၊ စက်တပ်ဆင်ခြင်းအပိုင်း၊ အာမခံဝန်ဆောင်မှု၊ အသုံးပြုလောင်စာဆီစီမံခန့်ခွဲမှုနဲ့ လေ့ကျင့်ရေး သင်တန်းတွေ ပို့ချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အကြမ်းဖျင်းသုံးသပ်ပြောဆိုမှုတွေ ရှိကြတယ်။ ဒါနဲ့ဆက်စပ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တယ်။ အဲ့ဒီအခမ်းအနားကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ် ပေးခဲ့တာတွေ့ရတယ်။ တဖက်မှာတော့ ဒီစင်တာဖြစ်မြောက်ဖို့ရာ အဓိက အကူအညီပေးခဲ့တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachevနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Nikolay LISTOPADOV တို့ပါ တက်ရောက်ခဲ့တာ တွေ့ရတယ်။

၇။ တကယ်တော့ ခုလို နျူကလီးယားသတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ဖို့အတွက် ပထမဆုံးကနဦး ခြေလှမ်းအဖြစ်နဲ့ စတင်လျှောက်လှမ်းနိုင်ခဲ့တာဖြစ်တယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သမိုင်းတွေကို ပြန်ကြည့်ရင်လည်း နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်မှာ အတူပူးပေါင်းဆောင်ရွက်ကြမယ့် နားလည်မှုစာချွန်လွှာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ ROSATOM” ရဲ့ CEO တို့ဟာ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ ကတည်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ သဘောတူနားလည်မှုစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့တာ တွေ့ရတယ်။

၈။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၉)ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၇)ရုံ၊ ကျောက်မီးသွေးသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ် အားပေးစက်ရုံ (၂)ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ (၈)ရုံနဲ့ လည်ပတ်နေတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ရေအားလျှပ်စစ်ကနေ ၂၈ ရာခိုင်နှုန်း(၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နဲ့ လေစွမ်းအင်ကနေ ၁၁ ရာခိုင်နှုန်း (၂၀၀၀ မဂ္ဂဝပ်)အထိ ထုတ်လုပ်နိုင်ဖို့ လျာထား ဆောင်ရွက်နေတယ်လို့လည်း သိရတယ်။

ROSATOM ကော်ပိုရေးရှင်းနဲ့ အရှေ့တောင်အာရှ

၉။ ROSATOM ဟာ ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး နျူစွမ်းအင်လုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့ လုပ်ငန်းစုတစ်ခုဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှစပြီး တည်ထောင်ခဲ့ ပေမယ့် ကုမ္ပဏီခွဲပေါင်း ၃၆၀ ကျော်ရှိသလို ရုရှားနိုင်ငံမှာလည်း အကြီးဆုံး လျှပ်စစ် စွမ်းအင်ထုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်တာ တွေ့ရတယ်။ ဝန်ထမ်းပေါင်း ၂ သိန်း ၆ သောင်း ကျော်ရှိသလို နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်စက်ရုံ ၃၆ ခုမှာ တွင်တွင် ကျယ်ကျယ် ပါဝင်လုပ်ကိုင်နေတာလို့ သိရတယ်။ ၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာ ROSATOM ရဲ့ ဒေသဆိုင်ရာရုံးချုပ်တစ်ခုကို ဖွင့်လှစ်ခဲ့သလို ဗီယမ်နမ်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို နှစ်ခု၊ အင်ဒိုနီးရှားမှာလည်း ၁၀ မဂ္ဂါဝပ် ဓာတ်ပေါင်းဖို စီမံကိန်းတစ်ခု တည်ဆောက်ပေးခဲ့တာ တွေ့ရတယ်။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ တွေထဲက ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ နျူကလီးယား နည်းပညာနဲ့ ပတ်သက်တဲ့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးထားတာ တွေ့ရတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ( IAEA) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဘင်္ဂလားဒေရှ့် နိုင်ငံမှာ လည်း ROSATOM နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်စက်ရုံတစ်ခုကို ဒါကာမြို့ရဲ့ မြောက်ဘက် မိုင် (၁၀၀)ကျော်မှာရှိတဲ့ Padma ခရိုင် Rooppur မြို့နယ်မှာ တည်ဆောက် နေတာတွေ့ရမှာဖြစ်တယ်။

၁၀။ အချုပ်အားဖြင့်ဆိုရင်တော့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့ အတွက် ROSATOM နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိနိုင်တာဟာ မြန်မာနိုင်ငံအတွက်တော့ နိုင်ငံရေးအခန်းကဏ္ဍမှာသာမက စီးပွားရေးအခွင့်အလမ်းတွေမှာပါ အားသာချက် ရှိနိုင်တာ တွေ့ရတယ်။ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ အရှေ့ တောင်အာရှကို စီးပွားရေးအရ ရင်းနှီးမြုပ်နှံ့မှု ရှာဖွေနေတဲ့ ROSATOM နဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကတဆင့် နျူကလီးယား စွမ်းအင်ရရှိအသုံးပြုနိုင်ဖို့အတွက် သဘောတူညီချက်ရရှိခဲ့တာက ကောင်းသောအခွင့်အလမ်းတစ်ခုလည်း ဖြစ်ခဲ့တယ်။ လက်ရှိရည်မှန်းထားတဲ့ ၁၁၀ မဂ္ဂါဝပ်ဟာ အိမ်နီးချင်းဘင်္ဂလားဒေရှ့်နဲ့ နှိုင်းယှဉ်ရင် ပမာဏာအားဖြင့် နည်းပါးတယ်ဆိုပေမယ့် အနာဂတ်အတွက်တော့ ကနဦးခြေလှမ်းအစ ဖြစ်လို့ လက်ကမ်း ကြိုဆိုရမယ့် အခွင့်အရေးလည်းဖြစ်တယ်။ ဒီအခွင့်အရေးကလည်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ရင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လျှပ်စစ်ကဏ္ဍအတွက် အလွန်အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့နဲ့ ပတ်သက်ပြီး Rosatom State Corporation အမှုဆောင် အရာရှိချုပ်နဲ့ တွေ့ဆုံဆွေးနွေး နိုင်ခဲ့တာက အကျိုးဖြစ်ထွန်းစေခဲ့တာ တွေ့ရမှာဖြစ်တယ်။ ဘက်စုံလိုအပ်ချက်နဲ့ လျှပ်စစ်လိုအပ်ချက်ရှိနေတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ် ကို နည်းမျိုးစုံနဲ့ ဖြည့်တင်းဆောင်ရွက်တဲ့နေရာမှာ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ ရေအားလျှပ်စစ်ကလည်း ထည့်သွင်းတွက်ချက်ရမယ့် စီမံကိန်းဖြစ်သလို ဘေးထွက် ဆိုးကျိုးနည်းပြီး အကျိုးများစေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကလည်း မဖြစ်မနေ တည်ဆောက်ဖို့လိုတဲ့ စီမံကိန်း တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။



(နရီမိုး)

Post a Comment

Previous Post Next Post