Views
၁။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခါနီးမှာ အင်္ဂလိပ်တွေ စဉ်းစားတွေးခေါ်ခဲ့တဲ့ ပုံစံက နယ်ခြားဒေသတွေဟာ သီးခြားလွတ်လပ်ရေးအနေနဲ့ မထိုက်တန်ဘူး။ အုပ်ချုပ်ရေးအရလည်း စော်ဘွားအဆင့်၊ ကော်မရှင်နာတွေနဲ့ အရေးပိုင်တွေ အုပ်ချုပ် တဲ့အဆင့်မို့ ကိုလိုနီအဖြစ်ဆက်ကျန်နေရစ်ခဲ့သင့်တယ် ဆိုပြီး တွေးတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပြည်မ ကိုယ်စားလှယ်အဖွဲ့က တောင်တန်းဒေသကို မချန်ထားဘဲ တစ်ခါတည်း လွတ်လပ်ရေးရဖို့ ရှမ်းပြည်ကိုသွားပြီး နယ်ခြားဒေသ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုပြုတယ်။ ဒါက ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့ရတဲ့ အခြေခံအကြောင်းတရားဖြစ်သလို ပင်လုံစာချုပ် ဖြစ်ပေါ်လာခဲ့ရတာဟာ ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့်ပဲ။ ဒီလို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှု မပြုခင်အထိ ရှမ်းစော် ဘွားတွေကလည်း လန်ဒန်ထိ သွားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဖို့တောင်းဆိုခဲ့သလို ကချင်ဒူဝါတွေလည်း အင်္ဂလိပ်ဘုရင်ခံဆီမှာ လွတ်လပ်ရေးရဖို့ တောင်းဆိုခဲ့ကြ သေးတာပဲ ။ သူတို့တင်ပဲလားဆိုတော့ ကရင် စောဘဦးကြီးကလည်း လန်ဒန်ကို သွားပြီး ကရင်ပြည်နယ်သတ်မှတ်နိုင်ဖို့ လွတ်လပ်ရေးတောင်းဆိုခဲ့သေးတာ တွေ့ရမှာ ဖြစ်တယ်။ ဒီနယ်ခြားဒေသခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို အင်္ဂလိပ်တွေ အနေနဲ့ အသိအမှတ်လည်း မပြုခဲ့သလို လိုက်လျောပေးခဲ့တာမျိုး လည်းမရှိခဲ့ဘူး။ ဒါ့ကြောင့် ပင်လုံ စာချုပ်သဘောကို နားလည်ရမှာက တိုင်းရင်းသား နယ်ခြားဒေသ တွေပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနဲ့ လွတ်လပ်ရေးသီးခြားရယူ နိုင်တဲ့ အခွင့် အရေးဆိုတာ ပြည်မဖြစ်တဲ့မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ ရေးစီးရာ လိုက်ပါလာတဲ့ နယ်ခြားဒေသကိုပါ တပါတည်း ထည့်သွင်းသတ်မှတ်ခံရမှုဆိုတာ မမေ့ဖို့လိုတယ်။ ဆိုလိုတာက မြန်မာပြည်ဟာ မဖြစ်မနေ လွတ်လပ်ရေးရဖို့ ကျိန်းသေနေပေမယ့် နယ်ခြားဒေသတွေကတော့ ပင်လုံစာချုပ်ကြောင့်သာ လွတ်လပ် ရေးရခဲ့တာလို့ ပြောရင် ပိုပြီးမှန်လိမ့်မယ်။
-
၂။ ခွဲထွက်ခွင့်ဆိုတဲ့ နေရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇ ခုနှစ်)မှာ သက်ဆိုင်ရာ ပြည်နယ်က တင်ပြလာရမယ့်နေရာမှာတောင် လွှတ်တော်ကိုယ်စားလှယ် အမတ် သုံး ပုံ နှစ်ပုံအောက် မလျော့တဲ့အနေအထားရှိရမယ်။ သမ္မတထံ တင်ပြရမယ်။ ပြည်နယ်ရဲ့ လူထုဆန္ဒခံယူပွဲကျင်းပစေရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ပြဋ္ဌာန်းထား တာတွေ့ရမှာဖြစ်တယ်။ သဘောက ပြည်သူက သဘောတူမှ ခွဲထွက်ခွင့်ရမယ်ဆိုတဲ့ အနေအထား ဖြစ်တယ်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာမှာ ပထမဆုံး ရှစ်ပြည်နယ် မူကိုကိုင်ပြီး ခွဲထွက်ရေးကိစ္စကို ရှမ်းပြည်က အရင်ဆုံးစတင်လာတယ်။ ပြီးတော့ ကရင်ခွဲထွက်ရေးတွေ စလာခဲ့တယ်။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ထွန်းမြတ်နိုင် ဦးဆောင်တဲ့ AA သွားနေတဲ့ ရက္ခိတ လမ်းစဉ်ဟာ ကွန်ဖန်ထရေးရှင်းခေါင်းစဉ် အောက်က ခွဲထွက်ရေးဆိုတဲ့ လမ်းစဉ်ဖြစ်နေတာ တိတိကျကျ တွေ့နိုင်တယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသား မျိုးနွယ်စုတိုင်းမှာ လူမျိုး၊သမိုင်းအလိုက်ကတော့ ရှေးသမိုင်းတွေ အပြိုင်အဆိုင် ရှိကြတာပါပဲ။ လက်ရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင်တွေ တွေးနေသလိုမျိုး ရှေးပဒေသရာဇ်ခေတ် တုန်းကလို ကိုယ့်ထီး ကိုယ့်နန်းနဲ့ နေရအောင်ကလည်း မြန်မာပြည်ထဲက နယ်ခြားဒေသတွေဟာ ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အုပ်ချုပ်ရေးစနစ်မတူပေမယ့် တစ်နိုင်ငံတည်းအတူရှိခဲ့တယ်ဆိုတာကို မမေ့ကြဖို့လိုတယ်။
-
၃။ အာဝါမီလိဂ်ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ရှိတ်ဟာစီနာက မေလ ၂၆ ရက်နေ့ ဝန်ကြီးချုပ် ရုံးမှာ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက်အစည်းအဝေးမှာ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အချို့ကို ဖဲ့ယူပြီး အရှေ့တီမောလို ခရစ်ယာန်နိုင်ငံအသစ် တစ်ခု ထူထောင်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားထားတယ်။ မြန်မာ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယမှာ ခွဲထွက်ရေး သူပုန်တွေ့ရှိတယ်။ ထိုင်ဝမ်ကိစ္စဖြစ်နေတဲ့ တရုတ်ဟာ ခွဲထွက်ရေးကို အားမပေးမှာတော့ သေချာတယ်။ ဒါ့ကြောင့်လည်း “ဝ”နိုင်ငံဖြစ်ပေါ်လာဖို့အတင်းအကြပ် အားပေးတာမျိုး မလုပ်တာ တွေ့ရမှာဖြစ်တယ်။ ဆိုလိုတာက တရုတ်အကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ သတင်း စာရှင်းလင်းပွဲထဲက ထွန်းမြတ်နိုင်ရဲ့ ရပ်တည်ချက်တွေကို ပြန်သုံးသပ် ကြည့်ရင် …ကမ်းရိုးတန်းပထဝီနယ်မြေပုံစံအရ ရခိုင်နိုင်ငံသစ်အိမ်မက် မက်နေတာဟာ သိပ်တော့ မထူးဆန်းဘူးလို့ ဆိုရမယ်။
-
၄။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ AA က အွန်လိုင်းကနေ နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ဒီထုတ်လွှင့်မှုဟာ ၂နာရီနဲ့ မိနစ် ၄၀ လောက်ကြာခဲ့တာ တွေ့ရတယ်။ ပုံမှန်သတင်းစာရှင်းလင်းပွဲတွေမှာ ‘ရခိုင့်အမျိုးသား အဖွဲ့ချုပ်/ ရခိုင့်တပ်တော် သတင်း စာရှင်းလင်းပွဲ’လို့ သုံးနှုန်းပေမယ့် ပြီးခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာတော့ ‘အာရက္ခ ပြည်သူ့အစိုးရ ULA/AA ‘ဆိုပြီး သုံးနှုန်းသွားတာ မျိုးတွေ့ရတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)ပါ သတ်မှတ်ထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေတောင် သုံးစွဲခွင့်မရှိတဲ့ ကိုယ်ပိုင်အစိုးရပုံစံမျိုး သတ်မှတ် ပြောဆိုနေတာက ပြည်ထောင်စုအတွက် အန္တရာယ်ကြီးတယ်။ ပိုဆိုးတာက လူမျိုးတူ ဖြစ်တဲ့ ALP ပါတီကိုလည်း အခြေအနေပေးရင်ပေးသလို လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်ကလည်း ထွန်းမြတ်နိုင် မကြာခဏပြောနေတဲ့ ရခိုင်ပြည်နယ်မှာ တိုင်းရင်း သားပေါင်းစုံ ချစ်ကြည်နေထိုင်ရေးဆိုတဲ့ အချက်နဲ့လည်း ကင်းကွာနေတာ တွေ့ရ တယ်။ လက်ရှိအချိန်မှာ AA အနေနဲ့ ဘူးသီးတောင်းဒေသက ဘင်္ဂလီရွာတွေကို အတင်း အကြပ် စစ်မှုထမ်းစေတာ၊ ဘင်္ဂလီတွေကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်နေတာ၊ ကျေးရွာတွေထဲကနေ မောင်းထုတ်ပြီး နေအိမ်တွေကို မီးရှို့နေတဲ့ ဖြစ်ရပ်တွေအပြင် ပလက်ဝ ဒေသမှာရှိတဲ့ ချင်းတိုင်းရင်းသား တွေအပေါ်မှာလည်း မုဒိန်းကျင့်တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ပေါ်ထွက်နေခဲ့တယ်။ ဒါဟာ ဖက်ဒရယ်ခေါင်းစဉ်အောက်ကနေ လူမျိုးစွဲ၊ ဒေသစွဲ စိတ်နဲ့ သီးခြားနိုင်ငံတော်အသစ်တစ်ရပ်ထူထောင်လိုရေးဆိုတာ သိသာ ထင်ရှားနေတာတွေ့ရမှာဖြစ်တယ်။ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို အစပြုဖို့ မဟာမိတ်အနေနဲ့ ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင်အချင်းချင်းမှာတောင် နယ်မြေလု ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာတွေ့ရတယ်။ နမ္မတူဒေသက သတ္တုတွင်းတစ်ခုနဲ့ပတ်သက်ပြီး KIA နဲ့ TNLA အငြင်းပွားနေကြတယ်။ နမ့်ခမ်းဘက် မှာလည်း SSPP ကို TNLA က မောင်းထုတ်ထားတာတွေ့ရတယ်။ TNLA အုပ်ချုပ်တဲ့ ဒေသတွေမှာ တခြားတိုင်းရင်းသားနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်းတွေ ဖွင့်ခွင့်မရလို့ ဂွမ်မော်ကိုယ်တိုင် လူမှုကွန်ရက်ပေါ်တက်ပြီး KIO/KIA နယ်မြေမှာ တခြားတို င်းရင်းသားတွေအတွက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေရှိပါတယ်ဆိုပြီး တခုတ် တရ ရေးသားပြနေရတာတွေ့ရတယ်။ ဒီကြားထဲ အညာဒေသမှာလည်း လက်နက်ရဖို့ EAO တွေဆီကို လူပေးရတဲ့ဓလေ့ထုံးစံတွေဖြစ်နေတာတွေ့ရတယ်။ ဒီအကျိုးဆက် ကနေပဲ စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင် အင်အားစုတွေ အစုလိုက် အပြုံလိုက် အင်အားကြီးထွားလာနေတယ်။ အဖွဲ့ငယ်စင်ပြိုင်တွေပေါ်လာပြီး အချင်းချင်း သတ်ဖြတ်တာတွေကို ဘယ်သူကမှအထိမ်းအကွပ်လုပ်လို့ မရတော့တာမျိုး ဖြစ်လာ တယ်။ ပြည်ထောင်စုဟာ တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်းမှ မခိုင်မာတော့ရင် ဦးနေဝင်းခေတ်ကလိုပဲ ကောက်သင်းကောက်သလို ပြန်စုစည်းရမယ့် သဘော ဖြစ်နေတာ တွေ့ရတယ်။
-
၅။ မြန်မာပြည်လွတ်လပ်ရေးဆုံးရှုံးသွားတဲ့အခါ အင်္ဂလိပ်တွေက မြန်မာမင်းတွေ အုပ်ချုပ်ခဲ့တဲ့အတိုင်း တိုင်းကြီး ၈ တိုင်းနဲ့ အုပ်ချုပ်တယ်။ စော်ဘွားပြည်နယ် ၃၃ ပြည်နယ်ရှိသလို ကရင်နီမှာလည်း ပြည်နယ် ၅ ခုရှိတယ်။ ဒီပြည်နယ်တွေဟာ ဘယ်တုန်းကမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရခဲ့ဘူး။ အင်္ဂလိပ်တွေဟာ စော်ဘွားတွေကို Internal အုပ်ချုပ်ရေးအာဏာပဲ ပေးအပ်ထားတာတွေ့ရမှာဖြစ်တယ်။ ၁၉၄၇ မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်ပုံ အက်ဥပဒေကို အခြေခံသလို ပင်လုံစာချုပ်မှာလည်း ကချင်နဲ့ ချင်းဟာ ပြည်နယ် မရှိသေးသလို ချင်းဟာလည်း ချင်းဝိသေသတိုင်းအဆင့်ပဲရှိသေးတယ်။ ဖက်ဒရယ်လို့ ဆိုလိုက်ရင် EAO တွေဘက်ကလည်း ကိုယ့်နဂိုမူရင်းပိုင်ဆိုင်မှုအခြေအနေတောင် မေ့ထားပြီး ရှစ်ပြည်နယ်မူ၊ ဗမာပြည်နယ်ဖွဲ့ရေး၊ ပြည်နယ်အသစ်ထူထောင်ခွင့်ရရေး၊ ခွဲထွက်ရေးနဲ့ ကွန်ဖန်ထရိတ်ဆိုပြီး ရှေ့တန်းတင်လာကြတာတွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိ EAO တွေအနေနဲ့ ဘာဒီမိုကရေစီနဲ့ဖက်ဒရယ်မှ လိုချင်နေတာမျိုး မတွေ့ရဘူး။ ဖက်ဒရယ်ဆိတ်ခေါင်းချိတ်ပြီး လူမျိုးစွဲ၊ ဒေသစွဲနဲ့ စစ်ဘုရင် ဝါဒမျိုးနဲ့ အုပ်ချုပ်ချင်နေကြတာတွေ့ရတယ်။ အရင်ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေမှာ တပ်မတော်က ဖက်ဒရယ်စကားလုံးကို လက်မခံလို့ လက်နက်ကိုင်ပြီး တော်လှန်ရပါတယ်လို့ အကြောင်းပြတယ်။ ဒီဘက်ခေတ် တပ်မတော်ကိုယ်တိုင် ဖက်ဒရယ်ကို ဦးဆောင်ပြောတဲ့အခါမှာ ကွန်ဖက်ထရေးရှင်းဆိုပြီး ခွဲထွက်ရေး ကဏ္ဍကို ဇောင်းပေး ပြောလာကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ခံယူတဲ့ ငြိမ်းချမ်းရေး စကားလုံးဟာ ရိုးသာမှု ရှိမနေတာ အတိုင်းသားတွေ့ရတယ်။
-
၆။ အစိုးရအနေနဲ့ရခိုင်ပြည်နယ်ထဲက တောင်ပိုင်းမြို့တစ်ချို့တစ်ဝက်နဲ့ တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံ့မှုရှိထားတဲ့ မြို့တစ်ချို့ကလွဲရင် တော်တော်များများကို လက်လွှတ်ထားရတယ်။ ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ “ရခိုင်အိမ်မက်”ဟာ ပြည်ထောင်စုကနေ ခွဲထွက်ရေးဆိုတာကို ဦးတည်နေတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လာရသလို တစ်ဖက်မှာ မယုတ်မလွန်ဖြစ်အောင် ပြည်သူရွေးချယ်တဲ့ အဖွဲ့အစည်းကို အစိုးရတစ်ရပ်အနေနဲ့ လက်ခံမယ်လို့လည်း ဆိုထားပြန်သေးတယ်။ လက်ရှိ စစ်ရေးအရ အသာစီးရနေပေမယ့် AA လက်နက်ကိုင် အဖွဲ့ကို နောက်ကျော မလုံစေတဲ့အချက်ကတော့ ရခိုင်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ရခိုင်ရွာတွေ မရှိတာဖြစ်လို့ ရေရှည်ထိန်းဖို့ အတွက်တော့ AA အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေမှာပါ။ တကယ်လို့များ ဒီလိုဖြစ်လာရင် ဘင်္ဂလီတွေ ကြီးစိုးတဲ့ ဘူးသီးတောင်၊ မောင်းတောဒေသမှာ ဘင်္ဂလီတွေကိုပဲ အုပ်ချုပ်ခွင့် ပြန်ပေး ရနိုင်တာ တွေ့ရတယ်။ တကယ်တော့ ပင်လုံစာချုပ် ဖြစ်တည်ကတည်းက ဘယ်ကွန်ဖက်ထရိတ်မှ ဦးတည်စေခဲ့တာမျိုး မရှိဘူး။ လက်ရှိ AA ရဲ့သတင်းစာ ရှင်းလင်းပွဲကိုကြည့်ရင် ခွဲထွက်ခွင့်ရဖို့ (သို့တည်းမဟုတ်) ကွန်ဖန်ထရိတ်အထိ သွားနိုင်ဖို့ကသာ ရည်မှန်းချက်ဖြစ်နေတာ တွေ့ရမှာဖြစ်တယ်။ တကယ်လို့များ ခွဲထွက်ခွင့်ရရင် အင်အားကြီးနိုင်ငံတစ်ခုခုနဲ့ချိတ်ဆက်ပြီး ရေတပ်စခန်း အထိုင်ချနိုင် တာမျိုးအထိပါ ရည်ရွယ်ထားပုံပါပဲ။ ဗဟိုအစိုးရအနေနဲ့ AA ကိုင်ဆွဲထားတဲ့ ဒီပြဿနာ တွေနဲ့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုပြိုကွဲ ဖို့အထိ အန္တရာယ်များတာကို သတိပြုရပါ့မယ်။ အစိုးရအနေနဲ့ ရခိုင်မြောက်ပိုင်း ဒေသတွေကို လက်လွှတ်ခဲ့ရရင် အိမ်နီးချင်းနိုင်ငံကနေ အတားအဆီး မရှိတော့တဲ့ လူမြိုတဲ့ ပြဿနာ ကိုလည်း ဒိုင်ခံ ရှင်းရပါတော့မယ်။ ဖက်ဒရယ်စကားလုံးထက်ပိုတဲ့ အပြောအဆို၊ အပြုအမူတွေ လုပ်ဆောင်နေသော မည်သည့် တိုင်းရင်းသား လက်နက်ကိုင်တွေကိုမဆို တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၁၉(စ)၊ ပုဒ်မ၂၀(င)နဲ့ ပုဒ်မ ၃၃၉ အရ ကာကွယ်တားဆီးဖို့ လိုအပ်ကြောင်း၊ မဟုတ်ရင်… AA ကိုတုတဲ့ လက်နက်ကိုင်တွေ အလားတူတန်းစီ ထွက်လာရင် ပြည်ထောင်စုဟာ ဒီထက်ပိုကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ရနိုင်ချေရှိကြောင်း သတိပြုနိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
(နရီမိုး)