NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့

Views

 


NUGPDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ

(မေလ ၂၈ ရက်နေ့ မြဝတီ၊ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးဖြစ်ပါသည်)

 




ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲ့များရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့သတင်းများကို မြင်တွေ့မိပြီး အကြမ်းဖက်အားပေးနေသူများ သိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

-

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ PDF အချင်းချင်းသတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗွီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်း စိတ်နှလုံးထိခိုက်ဖွယ်မြင်ကွင်းဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန်ကြိုးတုပ်စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ် ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့အဖွဲ့သားများ ဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြ တိုက်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ၄င်းတို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ချို့က ခိုးယူထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ်သတ်ဖြတ်နေကြတာကို တွေ့ရ ပါတယ်။

-

ဗွီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလို့မရဘဲ လူစိတ် ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရပါတယ်။ မြင်တွေ့ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများကိုလည်း အားမပေး သင့်ဘူးလို့ ထင်မြင် မိပါတယ်။

-

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလို ပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံလို့၊ အမြင်မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာရှိနေတဲ့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြလို့နေအိမ်တွေပေါ် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပါတယ်။ ကျေးရွာအတွင်းက နေအိမ် ၅၀ လုံးခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ်များပါဝင်နေပြီး လက်နက်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

-

NUG အဖွဲ့ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲ့များဟာ ဒီလို လူသတ် အကြမ်းဖက်လုပ်ရပ်များသာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက် တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိတာကို သူတို့ရဲ့ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက်သတင်းတွေမှာ သက်သေအထောက်အထားများနဲ့တကွ မကြာခဏမြင်တွေ့ ကြားသိ နေရပါတယ်။

-

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာရှု့မြင် သုံးသပ်ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ် အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ကျင့်သုံးနေတာကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဖိအားပေးလိုတာ တစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်းစတဲ့ ကိစ္စရပ် တွေကို လျစ်လျူရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနှင့် ထောက်ပံ့ဖို့ကြိုးစားနေကြတာ မလုပ်သင့်တဲ့ လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေး လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွား နေခြင်းဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG၊ PDF တွေကို ငွေကြေး ထောက်ပံ့ခြင်း၊ နေထိုင်စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ်သဘောထိတွေ့မှုပြုလုပ်ပေး နေခြင်းဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့ သဘော သက်ရောက်နေပါတယ်။

-

PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တာကြောင့် လက်နက်မရှိတဲ့ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာ တင်မကတော့ဘဲ အချိန်ကြာလာတဲ့အခါမှာ PDF အကြမ်းဖက်အဖွဲ့အချင်းချင်းလည်း ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန် နေကြခြင်းဖြစ်ပါတယ်။

-

ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများမသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိသာသာ ပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပို့တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။

-

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းများကလည်း နိုင်ငံတကာကို သတင်းများ ပေးပို့ပြီး NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ ထောက်ခံအားပေး နေတာဟာ အလွန်အံ့ဩဖွယ် ကောင်းလှပါတယ်။

-

အမေရိကန်အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အကူအညီပေးရေး ရန်ပုံငွေထဲကနေ မြန်မာနိုင်ငံက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေနဲ့ NUG၊ PDF အဖွဲ့များအတွက် စစ်လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို့ ကြေညာထားတာတွေ့ရပါတယ်။ မည်သို့ပင် Nonlethal Aid လို့ ခေါင်းစဉ်တပ်နေပေမဲ့ လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ အကြမ်းဖက်မှုတွေ လုပ်ဖို့နဲ့ လက်နက်ဝယ်ဖို့ ထောက်ပံ့ကြေးဖြစ်သွားတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူတို့ကိုအားပေးထောက်ခံမှုပြုတယ်ဆိုတဲ့ အချက်ဟာလည်း NUG၊ PDF အဖွဲ့များအတွက် စိတ်ဓာတ်ခွန်အားများရရှိစေကာ ယခုလို ရက်စက်ကြမ်းတမ်းတဲ့လုပ်ရပ်များကို အတိုင်းအဆမရှိ အထိန်းအကွပ်မဲ့ ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။

-

ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေမှန်တွေကို သေချာစွာ လေ့လာစိစစ်ဖို့လိုပြီး နစကအစိုးရဆန့်ကျင်ရေး လော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက်သတင်းမှားတွေမှာပဲ လမ်းဆုံးမနေကြဖို့ ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူတွေရဲ့ အဖိုးတန်တဲ့ဘဏ္ဍာငွေတွေကို အကြမ်းဖက်ဝါဒ နဲ့အကြမ်းဖက်မှုတွေ ဖန်တီးတဲ့နေရာမှာ အသုံးမပြုမိစေဖို့ စေတနာရှေ့ထားပြီး ထောက်ပြရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အလားတူပဲ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့လည်း မိတ်ဆွေတို့ရဲ့လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုရာ ရောက်တယ်ဆိုတာကို သိစေအပ်ပါတယ်။

-

NUG၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက် နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက် NUG၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။

-

ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်းနဲ့ လော်ဘီများ အချင်းချင်းလည်း ပြည်သူတွေဆီကနေ လိမ်လည်ကောက်ခံထားတဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ နိုင်ငံ ရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး တိုက်တွေ၊ ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြတဲ့ မြင်ကွင်းတွေနဲ့ ပတ်သတ်ပြီး ပြည်တွင်း/ပြည်ပက သူတို့ကိုထောက်ခံနေတဲ့သူတွေ ကိုယ်တိုင် အယုံအကြည်မရှိကြတော့တဲ့ အခြေအနေများ ဖြစ်ပေါ် နေပါတယ်။ ၎င်းတို့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲမှုတွေနဲ့ တစ်စထက်တစ်စ ပြိုကွဲနေပြီ ဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့ လွဲမှားတဲ့လက်နက်ကိုင် လမ်းစဉ်နဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရယူဖို့ကြိုးစားနေမှုများကို သိရှိနားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျနေပြီဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေခြင်းများကို ရွံရှာမုန်းတီး နေကြပြီဖြစ်ပါတယ်။

-

ယခုဖော်ပြခဲ့တဲ့ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေး အတွက် ဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

အမည်မဖော်လိုသူပြည်သူတစ်ဦး

Post a Comment

Previous Post Next Post