“KIA ရဲ့ ခြေလှမ်းအသစ်နဲ့ စိုးရိမ်ရမယ့် ဆက်စပ်နယ်မြေဧရိယာများ ”

Views


မနေ့က သတင်းတစ်ခုမှာ KIA က ရွှေလီမြစ်ဝှမ်းတကြောကို တပ်မဟာ (၁၁) အဖြစ်နဲ့ သတ်မှတ်လိုက်ပြီဆိုတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့တယ်။ ဒီသတင်းဟာ ကောလာဟလ (သို့တည်းမဟုတ်) ဝါဒဖြန့်တာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ဒီနယ်မြေ တွေကိုသာ KIA အနေနဲ့ တပ်မဟာ (၁၁)အဖြစ်နဲ့ တိုးချဲ့နယ်မြေ ဖွဲ့ယူခဲ့တာမှန်ရင်တော့ နောင်မှာ ငြိမ်းချမ်းရေးစကားပြောဖို့ အစိုးရအာဏာပိုင်တွေ အတွက် အတော်လေးခေါင်းခဲ ကြရဦးမယ့် ပြဿနာလို့ထင်မိတယ်။ ထပ်တိုး နယ်မြေဧရိယာကို သတ်မှတ်တဲ့နေရာမှာလည်း အရှေ့ဘက်က မန်ဝိန်းကြီး၊ တောင်ဘက် က မဘိမ်း၊ မြောက်ဘက်က ရွှေကူဒေသအထိ ပါတယ်လို့လည်း ပြောဆို ထားတာ တွေ့လိုက်ရတယ်။

---

လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပြန်ဆက်စပ်ကြည့်ရင် ဗန်းမော်ဟာ စိုးရိမ်ရေမှတ်အဆင့်ထိ ရောက်နေတာ တွေ့ရမယ်။ အထူးသဖြင့် ဗန်းမော်အရှေ့ခြမ်းဘက်မှာရှိတဲ့ ဒေါ့ဖုန်းယန်- လိုင်ဇာသွားကားလမ်းကိုလည်း အသုံးပြုခွင့်မရှိတော့သလို မံစီနဲ့ လွယ်ဂျယ်ဘက်သွား တဲ့ လမ်းကိုလည်း KIA တို့ ထိန်းချုပ်ထားတာ တွေ့ရတယ်။ ဧရာဝတီ မြစ်ရိုးတကြောမှာရှိတဲ့ ဆင်ဘိုနဲ့ တိုင်းစစ်ဌာနချုပ်ရဲ့လက်တကမ်းမှာပဲရှိတဲ့ ဝိုင်းမော်တို့ကိုသာ လက်လွှတ်ခဲ့ရရင် မြစ်ကြီးနားအောက်ဘက်ကနေ တောင်ဘက်တောက်လျှောက် ဗန်းမော်၊ ပြီးတော့ လွယ်ဂျယ်၊ မံစီ၊ မန်ဝိန်းကြီးနဲ့မူဆယ်တဝိုက်ဟာ လွတ်မြောက်ဧရိယာကြီးတစ်ခုလုံး အဖြစ်နဲ့ ပေါ်ထွက်လာဖို့ရှိနေတာ တွေ့ရမယ်။

----

တကယ်လို့ KIA ပြောသလို မန်ဝိန်းကြီး၊ မဘိမ်းနဲ့ ရွှေကူ ဧရိယာကိုသာ တပ်မဟာ (၁၁)အဖြစ်နဲ့ တိုးချဲ့သတ်မှတ်ခဲ့ရင် TNLA နဲ့ပါ နယ်မြေဧရိယာအားဖြင့် သဘောတူညီချက်ရယူပြီးဖြစ်နိုင်တယ်လို့ ယူဆရမယ်။ အကြောင်းက မဘိမ်းရဲ့ အောက်ဘက်ဧရိယာဖြစ်တဲ့မိုးမိတ်ဟာ တပ်မတော်နဲ့ TNLA တို့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တဲ့ ဧရိယာတစ်ခုဖြစ်ခဲ့သလို မဘိမ်းနဲ့ မန်ဝိန်းကြီး ကို မျဉ်းဖြောင့် အတိုင်းဆွဲရင် ရွှေလီမြစ်အတိုင်း KIA နဲ့ TNLA နယ်မြေဟာ သိသိသာသာ ပိုင်းခြားနေ ပြီးဖြစ်တာလည်း တွေ့ရမှာဖြစ်တယ်။

---

တကယ်တော့ ဗန်းမော်အပါအဝင် ရွှေကူ၊ ကသာနဲ့ ထီးချိုင့်ဒေသတွေဟာ ဧရာဝတီမြစ်ရဲ့ အဓိက ရေလမ်းကြောင်းမှာ အဖက်ဖက်က အရေးပါတဲ့ မြို့ကြီးတွေဖြစ်တာ တွေ့ရမှာဖြစ်တယ်။ ပိုဆိုးတာက အင်းတော်၊ ကသာ -မဘိမ်း-မံစီ- မန်ဝိန်းကြီး လမ်းကြောင်းကိုသာ KIA တို့ထိန်းချုပ်နိုင်ခဲ့ရင် နယ်စပ်ကစီးဆင်းလာမယ့် မူးယစ် ဆေးဝါး၊ မှောင်ခိုလက်နက်နဲ့တရားမဝင်ပစ္စည်းတွေအကုန်လုံးက စစ်ကိုင်းတိုင်းထဲကို အတား အဆီးမရှိ စီးဝင်လာတော့ မှာဖြစ်တယ်ဆိုတာ သတိပြုရမှာဖြစ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတွေးမယ်ဆိုရင် ဗန်းမောက်ဘက်ကထွက်တဲ့ ရွှေလုပ်ကွက်နဲ့ သစ်တွေ၊ ပင်လည်ဘူး- ဖောင်းပြင် တကြောလုံးက တရားမဝင်ပစ္စည်းတွေကလည်း နယ်စပ်ကို လွယ်လင့်တကူ အပြန်အလှန်အားဖြင့် ရောက်ရှိသွားနိုင်တော့မှာဖြစ်တယ်။ တကယ့်ကို စိုးရိမ်ပူပင်ရမယ့် နယ်မြေဧရိယာဖြစ်တယ်ဆိုတာ သတိချပ်ရပါ့မယ်။



(နရီမိုး)

Post a Comment

Previous Post Next Post