ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက်လုပ်မယ့် ရုရှား

Views


ရုရှား က မြန်မာမှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်မယ်။

-

ဒီစံမံကိန်းနဲ့အတူ အကြီးစားရေနံချက်စက်ရုံကြီးပါ ဆောက်မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတော့ ကိုယ့်တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုတဲ့ အသိနဲ့ တမဟုန်ချင်း အပျော်တွေ ကူးစက်သွားပြီး ဝမ်းသာပီတိတွေ ဖုံးလွှမ်းသွားခဲ့တယ် ။

-

ဒါပေမယ့် ဒီအပျော်တွေက တင်္ဒဂပဲ ဖြစ်လိုက်ရတယ်။

-

ရှေ့မှာဖြစ်ခဲ့တဲ့ စီမံကိန်းတွေ အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ပြန်တွေးမိတဲ့အခါ ဒီစီမံကိန်းလည်း အောင်မြင်ဖို့ မလွယ်ပါဘူးဆိုတဲ့ အသိ ချက်ချင်းပြန်ဝင်လာပြီး စိတ်ပျက်အားငယ်သွားခဲ့ရတယ်။ မအောင်မြင်နိုင်ဘူး လို့ ပြောတာဟာ အဆိုးမြင်ဝါဒနဲ့ ပြောတာမဟုတ်ပါဘူး။

-

သုတေသန ပြုစရာမလိုလောက်အောင်ကို ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့မှတ်တမ်းတွေက တကယ့်ကို စိတ်ပျက်စရာ၊ သင်ခန်းစာ ယူစရာ ကောင်းခဲ့ပါတယ်။

-

၂၀၁၂ -၁၃ လောက်က ထားဝယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ မေတ္တာ တောင်ခြမ်း စစ်ဆင်ရေးဒေသလို့ လူသိများတဲ့ ဖောင်းတော-ကျောက်ထု-ကထောက်နီဒေသဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။

-

အဲဒီတုန်းက ဦးသိန်းစိန် ခေတ်၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြီးက တိုင်းပြည်ဘာစီးပွားရေးမှ လုပ်စရာမလိုဘဲ ဒီစီမံကိန်းက ရတဲ့ငွေတွေနဲ့ပဲ တိုင်းပြည်ချမ်းသာတော့မယ့်သယောင် ရေးနေကြတဲ့ ဆောင်းပါးတွေ ဖတ်ဖူးသလို NDC လို့ ခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် စာတမ်းတွေမှာလည်း ဒီစီမံကန်းအကြောင်း ဝိုင်းပြီး အမွှမ်းတင်ရေးခဲ့ကြတာ ဖတ်ဖူးတယ်။

-

ကိုယ်တိုင် အဲဒီဒေသ မှာ တာဝန်ထမ်းဆောင်ရင်း လေ့လာကြည့်တော့ ဒီစီမံကိန်းက မရေမရာပါပဲ။ ဒီကြားထဲ လုပ်ငန်းက မစရသေးဘူး။ ကိုယ်ကျိုးအတ္တသမားတွေ ခပ်များများ၊ အာဏာပိုင်တွေနဲ့ ပေါင်းကြံမယ့်အုပ်စုက ရှိသေးပြန်တယ်။ နောက်မကြာပါဘူး။ အဲဒီစီမံကန်းကြီး ပျက်သွားတဲ့ သတင်းကြားလိုက်ရတယ်။

-

စီမံကိန်း ပျက်ရတဲ့ အကြောင်းကို လေ့လာကြည့်တော့ နောက်ကွယ်ကအကြောင်းက စင်္ကာပူကနေ ငွေပုံအောသုံးပြီး ဖျက်ဖို့ စီမံခဲ့တယ်ဆိုတာ သိရသလို ဒေသခံတွေ လောဘအတ္တတွေကလည်း ကြောက်စရာ ကောင်းလောက်ကြီးထွားခဲ့တာလည်း ပါတယ်လို့ဆိုပါတယ်။

-

ဒီစီမံကိန်းမြေ နဲ့ လမ်းတစ်လျှောက်မှာပါတဲ့ မြေတွေ သီးပင် စားပင်တွေကို မတော်တရား အလျော်တောင်း လို့ သက်ဆိုင်ရာ ထိုင်းကုမ္မဏီ( အီတာလျံဖြစ်မယ်ထင်တယ် ) က မလျော်နိုင်တော့ဘူးဆိုကာ ထွက်ခွာသွား ပါတော့တယ်။

-

တနင်္သာရီဟာ တန်ဖိုးရှိတဲ့ သယံဇာတတွေအများကြီး ထွက်သလို ပင်လယ်ကမ်းရိုးတန်းရှည်လျားလွန်းလို့ ပထဝီ နိုင်ငံရေး အရလည်းအလွန်တန်ဖိုး ရှိပါတယ်။ ဒါပေမယ့် ဘယ်သယံဇာတ တူးတူး မအောင်မြင်ပါဘူး။ ဝိုင်းပြီး ဆန္ဒပြကန့်ကွက်ကြတာကိုး။

-

ကျွန်တော်တာဝန်ထမ်းဆောင်စဉ်က အစိုးရက ထိုင်းကုမ္ပဏီကို ကျောက်မီးသွေးတူးခိုင်းတာကို ဝိုင်းပြီး ဆန္ဒပြကြလို့ သွားရှင်းရင်းနဲ့ မီဒီယာပေါ်ရောက်သွားရတဲ့ ပြဿနာမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။

-

လွန်ခဲ့တဲ့ ၄ နှစ်လောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပြောင်းလာစမှာ ကျိုက်မရောမြို့နယ်ရှိ ထိုင်း မြန်မာ ဖက်စပ်ဘိလပ်မြေ စက်ရုံကြီးဆီကို ရောက်တော့ အံ့မခန်းလောက်အောင် ကြီးမားလွန်းတာကို ကြည့်ပြီး အံ့ဩဝမ်းသာဖြစ်မိတယ်။

-

အဲဒီစက်ရုံကြီး ဆောက်စက ဒေသခံတွေ ဝိုင်း ဆန္ဒပြကြပေမယ့် စက်ရုံပြီးတော့ ဒေသခံ ပြည်သူလူထု တစ်သောင်းလောက်ကို အလုပ်ကိုင် ပေးထားနိုင်လို့ ငြိမ်သွားကြတယ်။

-

ဒါပေမယ့် နိုင်ငံရေး အပြောင်းအလဲလည်းဖြစ်ရော သောင်းကျန်းသူတွေရောက်လာပြီး စက်ရုံကို အန္တရာယ် ပြုလာလို့မလည်ပတ်နိုင်တော့တဲ့အပြင် လက်ပြတ်တို့အုပ်စုက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ယူသွားကြလို့ အခုတော့ စက်ရုံက အရိုးနဲ့သရေပဲ ကျန်ပါတော့တယ်။

-

ဒါကြောင့် ဘယ်ကုမ္ပဏီက မြန်မာပြည်မှာ အလုပ်လာလုပ် ချင်ပါတော့မလဲ။

-

၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်တော့ ကရင်ပြည်နယ်ထဲက ကျွန်တော်တို့ ရွာတွေဖြစ်တဲ့ မိကရင် ဝတ်ကြီး ကော့ဖျန် ထုံတောင် ဘန်ဘွေးကုန်း ရွာတွေဆီကို ဂျပန်တွေရောက်လာခဲ့ကြတယ်။

-

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တွေ ပြန်အထွက်မှာ ဂျပန်စစ်သား အများအပြားကို ဖွတ်ထား ကယ်ထား ပေးဖူးတော့ ဂျပန်တွေက ကျေးဇူးဆပ်ချင်ကြတယ်။

-

အဲဒီဒေသမှာ ကျောက်မီးသွေးတွေ ထွက်လို့ ကျောက်မီးသွေးစက်ရုံဆောက်ပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက်ပေးဖို့လုပ်ပါတယ်။

-

အန္တရာယ်မရှိကြောင်းကိုလည်း ရွာ ဥက္ကဌတွေရော ဘုန်းကြီးတွေပါမကျန် ဂျပန်ကိုခေါ်သွားပြီး သူတို့ စက်ရုံကို လိုက်ပြကာ လေ့လာခိုင်းပါတယ်။

-

ဒါပေမယ့် ဝိုင်းပြီး ဆန္ဒပြကန့်ကွက်လိုက်ကြလို့ အဲဒီ စီမံကိန်းလည်း ပျက် ၊ ဂျပန်လည်း ပြန်မလာတော့တဲ့ အထိ ဖြစ်သွားရပါတယ်။

-

ဆိုတော့ ပြောချင်တာ မြန်မာပြည်မှာ ဘာစီမံကိန်းလုပ်လုပ် ပျက်အောင် ဖျက်မယ်ဆိုတဲ့ နောက်ကွယ်က လက်မဲကြီးတွေ ရှိကို ရှိနေသလို လက်မဲကြီးတွေ ပြောသမျှ လိုက်လုပ်ပေးရတဲ့ လူအုပ်စုကြီးတွေလည်းရှိနေ ပြန်တယ်။ နောက်ကွယ်က လက်မဲဆိုတာကလည်း အခြားလူတွေ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဒေသတွင်း က အမေရိကန် တပည့်နိုင်ငံတွေပါပဲ။ သူတို့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတာလည်း ပါတာပေါ့။

-

ဒေါ်စုကြည် ၅ နှစ်မှာတောင် ဘာအကူအညီမှ မပေးခဲ့တဲ့ အမေရိကန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကောင်းဖို့ထက် ဆိုးဖို့ ပျက်စီးဖို့ကိုသာ ခေတ်အဆက်ဆက် ဦးတည်လုပ်ဆောင်ခဲ့တာ ဒီနေ့အထိ မရပ် သေးပါဘူး။

-

ဒါပေမယ့် အမေရိကန်က သူ့အကျိုးစီးပွားအတွက် ဒီလိုလုပ်တာ ဘာမှပြောလို့ မရပေမယ့် မြန်မာတွေ ဖြစ်လျက်နဲ့ မြန်မာပြည်ပျက်စီးဖို့ အမေရိကန် ခိုင်းသမျှ လိုက်လုပ်ကြတာကိုတော့ အံ့ဩမဆုံး ဖြစ်မိတယ်။

-

ဒီလူအုပ်စုကြီးကြောင့်ပဲ ဒီတိုင်းပြည်ကြီးအခုလို ပျက်စီးနေရတာကိုတော့ သိစေချင်တယ်။ ပြင်ကြစေချင် ပါတယ် ။

-

မပြင်ဘဲ ဒီအတိုင်း ခိုင်းသမျှ ဆက်လုပ်နေကြအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကျောက်ခေတ်ဆီ ပြန်ရောက်သွားပါလိမ့်မယ်။



#အောင်နိုင်သူ(ဇွဲကပင်)

Post a Comment

Previous Post Next Post