ရုရှား၏ဒရုန်းဖျက်စနစ်များ

Views


မူလက ဒရုန်းများကို အပျော်တမ်းဓာတ်ပုံဗီဒီယိုရိုက်ကူးရေးနယ်ပယ်အပါအဝင် အရပ်ဘက်လုပ်ငန်းများ မှာသာ အသုံးပြုဖို့အတွက် ရည်ရွယ်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ယခုအချိန်အခါတွင် ဒရုန်းကို ဘက်စုံထောင့်စုံမှနေ၍ အသုံးပြုလာကြပြီ ဖြစ်သည်။ အထူးသဖြင့် စစ်ရေးကိစ္စများတွင် တွင်ကျယ်စွာ အသုံးပြုလာခြင်း ဖြစ်သည်။

-

ယနေ့ခေတ်တိုက်ပွဲများကို ကြည့်ပါလျှင် ဒရုန်းကြောင့်ပေးဆပ်လိုက်ရသည့် ဆုံးရှုံးမှုများက အလွန်ကြီးမား သည်ကို တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် တိုက်ခိုက်မှုတချို့တွင် ဒရုန်းများကြောင့် တင့်များ၊ အခြေခံ အဆောက်အဦများ ဆုံးရှုံးရသည်အထိဖြစ်သည်။

-

တစ်ဖက်တွင် တိုက်ခိုက်မှုများရှိလာသလို အခြားတစ်ဖက်တွင် ထိုတိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက် နိုင်စွမ်းရှိသည့်အရာများ ပေါ်လာစမြဲ ဖြစ်သည်။ ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေသော ဒရုန်းများကို တန်ပြန်တိုက်ခိုက်မည့် စနစ်ကိုလည်း နိုင်ငံအများအပြားက တီထွင်လာကြသည်။ တီထွင်ဖန်တီးနိုင်မှု စွမ်းပကားမြင့်မားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းမှ နိုင်ငံများက အဆိုပါစနစ်အပေါ် စိတ်ဝင်စားမှုလည်း မြင့်တက်လာသည်။

-

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံကလည်း အလားတူစနစ်မျိုးကို တီထွင်ဖန်တီး ထုတ်လုပ်ထားနိုင်သည် ကိုတွေ့ရသည်။ ရုရှားတို့ဖန်တီးထားသော ဒရုန်းဖျက်စနစ်အမျိုးမျိုးအနက် ယခုနောက်ဆုံး ရေပန်းစားနေသည့်စနစ်မှာ Defence ဟုခေါ်သော ရွေ့လျားရေဒီယို-အီလက်ထရွန်နစ် စနစ်ဖြစ်သည်။

-

ထိုစနစ်သည် အရေးကြီးအခြေခံအဆောက်အဦများဖြစ်သော စွမ်းအင်ကဏ္ဍဆိုင်ရာစက်ရုံများ၊ ရေနံချက် စက်ရုံများ၊ သိုလှောင်ရုံများနှင့် အစိုးရရုံးအဆောက်အအုံများအပေါ် ဒရုန်းဖြင့်တိုက်ခိုက်ခံရမည့်အခြေအနေမှ ကာကွယ်ပေးနိုင်စွမ်းရှိသည်။

-

တခြားသောဒရုန်းဖျက်စနစ်များထက် ထူးခြားသည့်အခြေအနေတစ်ခုမှာ Defence စနစ်က မောင်းသူမဲ့ လေယာဉ်များကို ရှာဖွေ၊ ထောက်လှမ်း၊ ခြေရာခံဖော်ထုတ်ခြင်းနှင့် ဖျက်ဆီးရေးလုပ်ငန်းများကိုပါ တစ်ပါတည်းလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

-

အဆိုပါစနစ်ကို နိုင်ငံပိုင်ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် Rostec ၏ ရေဒီယို အင်ဂျင်နီယာကုမ္ပဏီ အဖွဲ့ဖြစ်သည့် Vega တွင်ပါဝင်သော သုတေသနအဖွဲ့ Vector ကတီထွင်ခဲ့ခြင်းဖြစ်သည်။ သူ့ကိုရေးဆွဲ ထားသည့်ဒီဇိုင်းက နိုင်ငံ၏အရေးပါသော သယ်ယူပို့ဆောင်ရေး လေဆိပ်များ၊ ဆိပ်ကမ်းများ၊ ရေအားလျှပ်စစ်နှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ကာကွယ်ရန်ဖြစ်သည်။

-

Defence စနစ်၏အလုပ်လုပ်ပုံကို ပြောလျှင် ၎င်းသည် ၃၀ ဒီဂရီမှ ၃၆၀ ဒီဂရီ အတွင်းရှိ ဒရုန်းများကို ရှာဖွေတုံ့ပြန်နိုင်စွမ်းရှိသည်။ အခြားသောစနစ်များနှင့် မတူသည့်အချက်မှာ အဆိုပါစနစ်သည် ကြိုတင် သတ်မှတ်ထားသော ရေဒီယိုလှိုင်းနှုန်းအတွင်း ကျူးကျော်လာသောဒရုန်းများကို ပစ်မှတ်ထား နှိမ်နှင်းနိုင် ခြင်းပင်ဖြစ်သည်။

-

သူ့တွင်ပါဝင်သော ကိုယ်ပျောက်စွမ်းဆောင်ရည်ကြောင့် အခြားရေဒါစနစ်များ၏ ထောက်လှမ်းခြင်းကို မခံရသည့်အပြင် ရေဒီယိုလှိုင်းနှုန်းဖိဖျက်ခြင်းကိုလည်း ခံနိုင်ရည်ရှိသည်။ အဓိကအားဖြင့် ထိုစနစ်က သွယ်ဝိုက်စနစ်ဖြစ်သောကြောင့် တိုက်ရိုက်စနစ်ကဲ့သို့ ရေဒီယိုလှိုင်းနှုန်း တိုက်ရိုက်ထုတ်လွှင့်မှု မရှိသည့် အတွက် တန်ပြန်ထောက်လှမ်း ခံရနိုင်ခြေမရှိပေ။

-

သူ၏ထိရောက်မှုအကွာအဝေးမှာ ၁၂ ကီလိုမီတာဖြစ်သည်။ ထိုအကွာအဝေးအတွင်း ဝင်လာသော ဒရန်းများကို ထောက်လှမ်းနိုင်စွမ်းရှိပြီး အမျိုးအစားကိုလည်း ခွဲခြား ပေးနိုင်သည်။ Defence စနစ်၏ အထူးခြားဆုံးသောစွမ်းဆောင်ရည်မှာ သတ်မှတ်အကွာအဝေးအတွင်း ဝင်လာသောဒရုန်းကို မည်သည့် နေရာက ထိန်းချုပ်နေသည်ကို သိရှိနိုင်ခြင်း ဖြစ်သည်။

-

ထို့ပြင် အဆိုပါထိန်းချုပ်နေသည့် နေရာ၏မြေပုံညွှန်းကိုလည်း ပေးပို့နိုင်သည်။ အလားတူ ဒရုန်းနှင့် ထိန်းချုပ်သူတို့ကြားရှိ ဆက်သွယ်ရေးစနစ်ကို မည်သည့်အချိန်၊ မည်သည့်ရာသီဥတုတွင်မဆို ဖြတ်တောက် နိုင်စွမ်းလည်းရှိသည်။

-

Defence စနစ်၏တည်ဆောက်မှုပုံစံက ကျစ်လျစ်သည်။ သူ့ကို ခရီးဆောင်အိတ်ဖြင့်ပင် သယ်သွား နိုင်သောကြောင့် ရွေ့လျားစနစ်အဖြစ်လည်း အသုံးပြုနိုင်သည်။ ထိုစနစ်တွင် ပါဝင်ဖွဲ့စည်းထားသည်များက တစ်ဆင့်ခံရေဒါစနစ်၊ ရေဒီယိုအီလက်ထရွန်နစ် စောင့်ကြည့်လေ့လာရေးကိရိယာ၊ လှိုင်းနှုန်းဖိဖျက်မှု လုပ်ဆောင်သည့် SERP ဟုခေါ်သော ကိရိယာများဖြစ်သည်။

-

တစ်ဆင့်ခံရေဒါစနစ်သည် ရွေ့လျားနေသော ပစ်မှတ်နေရာများ၊ ရေဒီယို အချက်ပြထုတ်လွှင့်မှုများကို ထောက်လှမ်းသိရှိနိုင်သည်။ စောင့်ကြည့်လေ့လာရေးကိရိယာက ဒရုန်းများအပေါ်ထိန်းချုပ်သည့် အချက်ပြလှိုင်း ထုတ်လွှင့်မှုများကို ဆက်သွယ်ရေးလှိုင်းများမှတစ်ဆင့် ထောက်လှမ်းနိုင်ပြီး ဒရုန်းနှင့် ဒရုန်းမောင်းနှင်သူတို့ကို ဖော်ထုတ်နိုင်စွမ်းရှိသည်။

-

SERP စနစ်မှာမူ ဒရန်းကိုထိန်းချုပ်နေသည့် လှိုင်းနှုန်းနှင့် အလိုအလျောက် ထိန်းချုပ်ဒရုန်းများတွင် ပါဝင်သော GNSS ဂြိုဟ်တုလမ်းညွှန်လှိုင်းများကို ပြတ်တောက် စေရန်လုပ်ဆောင်သည့် နည်းစနစ် တစ်ခုဖြစ်သည်။

-

ထိုစနစ်နှင့်ပတ်သက်၍ အမျိုးအစားအမျိုးမျိုးရှိသည်ကိုလည်း တွေ့ရသည်။ ပထမ တစ်ခုမှာ SERP-VS5 အမျိုးအစားဖြစ်သည်။ GNSS အမျိုးအစားဖြစ်သည့် SERP-VS5 သည် ၉၀၀ မဂ္ဂါဟက်မှ ၅ ဒသမ ၈ မဂ္ဂါဟက်အတွင်းရှိ လှိုင်းနှုန်းများကို နှောက်ယှက်နိုင်စွမ်းရှိသည်။

-

နောက်တစ်မျိုးက SERP-VS5D စနစ်ဖြစ်သည်။ ထိုစနစ်က ဒရုန်း၏ ဆက်သွယ်ရေးလှိုင်းနှုန်းများကို အလိုအလျောက်စဉ်ဆက်မပြတ် ထောက်လှမ်းသိရှိပြီး စတင်နှောင့်ယှက်ဖျက်ဆီးရန် ကွပ်ကဲမှုဌာနသို့ ပေးပို့ သည်။

-

နောက်တစ်မျိုးဖြစ်သည့် SERP-VS6 က ၄၃၀ မဂ္ဂါဟက်အတွင်းရှိ လှိုင်းနှုန်းအတွင်း အလုပ်လုပ်ခြင်း ဖြစ်သည်။ ၎င်း၏ထူးခြားချက်မှာ လက်ရှိကမ္ဘာအနှံ့တွင် တွင်ကျယ်စွာ အသုံးပြုလာသော FPV ဒရုန်းများ ကိုလည်း တုံ့ပြန်နိုင်စွမ်းရှိသည်ကို တွေ့ရသည်။

-

နောက်တစ်မျိုးမှာ Sickle-VS6 ဖြစ်သည်။ သူသည် အာရုံခံကိရိယာများအပြင် နှောင့်ယှက်ဖျက်ဆီး ဖိနှိပ်ရေးအတွက် ရေဒီယိုလှိုင်းနှုန်းအကြီးဆုံးလည်း ပါရှိသည်။

-

တနည်းအားဖြင့်ဆိုလျှင် ဒရုန်းများကို တန်ပြန်တိုက်ခိုက်ခြင်းသည် အီလက်ထရွန်နစ်နည်းပညာနှင့် များစွာ ဆက်နွယ်နေသောကြောင့် အီလက်ထရွန်နစ် စစ်ဆင်ရေးနည်းပညာတိုးတက်မှုက နောင်တစ်ချိန်တွင် စစ်ပွဲ၏အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည့် အရာဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Post a Comment

Previous Post Next Post