Views
၁။ ကိုးကန့်ဒေသက အစပြုလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မူလက ကျားဖြန် နှိမ်နင်းရေးလို့ ခေါင်းစဉ်တပ်ကြွေးကြော်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နယ်မြေဒေသပိုင်ဆိုင်ရေးဆိုတာတွေအပြင် အကျိုးစီးပွားတွေအရ ပြည်ထောင်စုကနေ ခွဲထွက်မယ့် ကွန်ဖန်ထရိတ်ပုံစံမျိုးအထိ ဦးတည်နေပြီဆိုတာကို တွေ့မြင်နေခဲ့ရပြီ ဖြစ်ပါတယ်။ ရှမ်းမြောက်စစ်ပွဲတွေမှာ မဟာမိတ်တပ်ပေါင်းစုအသွင်သဏ္ဍန်နဲ့ စုဖွဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တရုတ်ကြားဝင်စေ့စပ်ပေးမှု ကနေတဆင့် တပ်မတော်နဲ့ လတ်တလော ယာယီ အပစ်အခတ်ရပ်စဲထားကြချိန်မှာ ယာယီထိန်းချုပ်ရာ မြို့/ရွာတွေမှာတော့ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာစေဖို့ အပြိုင်အဆိုင်တည်ဆောက် နေကြပြီလည်း ဖြစ်ပါတယ်။
-
၂။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ၊ ကိုးကန့် MNDAA နဲ့ တအာင်း TNLA တို့ဟာ သက်ဆိုင်ရာအဖွဲ့အလိုက် အသီးသီး ထိန်းချုပ်ထားတဲ့မြို့ရွာတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာဖို့ အပြိုင်အဆိုင်တည်ဆောက်နေချိန်မှာ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုပြဿနာတွေ စတင်ပေါ်ပေါက် နေတာ တွေ့ရမှာဖြစ်တယ်။ ဒီပြဿနာတွေအားလုံးဟာ အဆုံးသတ်စစ်ပွဲ မပြီးမြောက်ခင် တရုတ် ကြားဝင်စေ့စပ်မှုကနေ ချက်ချင်းအကောင်အထည်ဖော်ပေးခဲ့လိုက်ရတဲ့ ဟိုဂင် အပစ်ရပ် သဘောတူညီချက် စာချုပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပဲဖြစ်တယ်။ စစ်ပွဲရဲ့မူလရည်ရွယ်ချက်ဟာ ကျားဖြန်ရှင်းလင်း ရေးလို့ ဦးတည်ခဲ့ပေမယ့် ထည့်သွင်းစဉ်းစားရမယ့်အချက်တွေက ဗဟိုအစိုးရ အာဏာလျော့ချနိုင်ရေး၊ နှစ်နိုင်ငံကြားမှာရှိတဲ့ အကျိုးစီးပွားတွေမှာ ကြားခံ(တတိယအုပ်စု)ထည့်သွင်းလိုမှုတွေလည်း ဖြစ်ကောင်း ဖြစ်နေခဲ့တာ တွေ့ရမှာဖြစ်တယ်။ ရှမ်းမြောက်စစ်ပွဲမှာ အိမ်နီးချင်းနိုင်ငံက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ထဲထဲဝင်ဝင် မပတ်သက်ခဲ့ဘူးဆိုရင်တောင် စစ်ပွဲတွေမှာ အသုံးပြုသွားတဲ့ နည်းပညာနဲ့ ဒရုန်းအထောက် အပံ့တွေဟာ ဈေးကွက်ထဲမှာ လွယ်လင့်တကူ ဝယ်ယူလို့ရတဲ့ ပစ္စည်းတွေမဟုတ်ဘူးဆိုတာ သတိချပ် ရမှာဖြစ်တယ်။ ရှမ်းမြောက်စစ်ပွဲဟာ အများမျှော်လင့်ထားသလို မြန်မာအစိုးရတစ်ခုတည်း သီးသန့်ကွက်ပြီး အရှုံးများခဲ့တာတော့ မဟုတ်ဘူး။ ဒီစစ်ပွဲကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ လစဉ်ဘီလျံနဲ့ချီပြီး သွင်းကုန်၊ ပို့ကုန်လုပ်ရတဲ့ နယ်စပ်ဂိတ်တွေဟာ လပေါင်းအတော်ကြာအောင် ပိတ်သွားခဲ့တော့တယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်သွားတာဟာ စီးပွားရေးရှုထောင့်အရသာ ဆုံးရှုံးခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ပထဝီနိုင်ငံရေးအရ ပင်လယ်ထွက်ပေါက် မဖြစ်မနေလိုအပ်နေတဲ့ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် စီမံကိန်းဖြစ်တဲ့ BRI လမ်းကြောင်းကိုပါ အကျိုးသက်ရောက်မှုရှိခဲ့တာ တွေ့ရမှာဖြစ်တယ်။
-
၃။ တကယ်တော့ လူမျိုးရေးကို ဦးတည်ပြီး နယ်မြေလုစစ်ပွဲတွေ ဖြစ်နေတာဟာ ရှမ်းမြောက် တစ်ခုတည်း ဖြစ်နေတာတော့ မဟုတ်ဘူး။ ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်တွေမှာ တပ်မတော်ရဲ့ နယ်ခြားစောင့်တပ်တွေနဲ့ နယ်မြေခံရဲကင်းတွေ စွန့်ခွာပြီးနောက်ပိုင်း ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေ ဖြစ်တဲ့ ARSA ၊ ARAနဲ့ RSO အဖွဲ့တွေဟာ နယ်မြေလုစစ်ပွဲတွေ ဖန်တီးဖို့ ကြိုးစားလာနေတာ တွေ့ရတယ်။ တပ်သားသစ်လိုအပ်နေတဲ့ AA ဟာ ဘင်္ဂလီကျေးရွာတွေနဲ့ မွတ်ဆလင် လူမျိုးတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေ လုပ်နေသလို လက်နက်အားကိုးနဲ့ အနိုင်ကျင့် သတ်ဖြတ်နေတဲ့ သတင်းတွေလည်း တွေ့မြင်နေရတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂလီ ၅ ဦးကို AA တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်။ ဒီလိုအပြစ်မဲ့ ရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တဲ့ AA ရဲ့လုပ်ရပ်ဟာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ လုပ်ရပ်ဖြစ်သလို နှစ်ဖက်လူ့အဖွဲ့ အစည်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာစေဖို့ ဖန်တီးလှုံ့ဆော်တဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်တယ်။
-
၄။ နယ်မြေအငြင်းပွားမှုကနေ စတင်နေတဲ့ ရှမ်းမြောက်လက်နက်ကိုင် ပဋိပက္ခတွေ ဟာ တစ်စတစ်စနဲ့ လူမျိုးရေး ပဋိပက္ခအသွင်သဏ္ဍန် ပြောင်းလာခဲ့တယ်။ တကယ်တော့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းတွေကို တွေးမျှော်ကြည့်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေဟာ အများပြည်သူ ထင်မြင်ယူဆနေကြသလို ဒီမိုကရေစီပြဿနာလည်း မဟုတ်သလို ဖက်ဒရယ်အရေး ကိစ္စလည်း မဟုတ်နေ ပြန်ဘူး။ တကယ်အမှန်တရားတစ်ခုက …နယ်မြေတစ်ခုပေါ်မှာ ကျဉ်းမြောင်းတဲ့ လူမျိုးရေးခေါင်းစဉ်တပ်ပြီး လက်နက်ကိုင် အစုအဖွဲ့အသီးသီးတွေရဲ့ ကိုယ်ကျိုးအတ္တအတွက် စီးပွားရှာလိုတဲ့ ပြဿနာသာ ဖြစ်တယ် ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဥပမာ ရှမ်းပြည်နယ်မှာ လူမျိုးတိုင်းရင်းသားဖြစ်ပေမယ့် မူဝါဒနဲ့ အယူဝါဒ မတူညီတဲ့အတွက် RCSS/SSA နဲ့ SSPP /SSA ဆိုပြီး နှစ်ဖွဲ့ကွဲနေသလို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း လက်နက်ကိုင်အစုအဖွဲ့တွေ မှိုလိုပေါက်မတတ် ရှိနေတာမျိုးဖြစ်တယ်။ ဒီလို လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အတ္တနဲ့အကျိုးစီးပွားတွေကြောင့်သာ မြန်မာ့နိုင်ငံရေးဟာ ခေတ်စနစ်တွေ အမျိုးမျိုးပြောင်းလဲခဲ့ပေမယ့် ရှေ့မရောက်နိုင်တဲ့ အဖြစ်မျိုးကြုံနေရတာလည်းဖြစ်တယ်။
-
၅။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ လက်နက်ကိုင် အဓိကရုဏ်းတွေဟာ အဲ့ဒီနိုင်ငံမှာ နိုင်ငံရေး ဆွေးနွေးမှုတွေ မရှိလို့သာဖြစ်ရတဲ့ အဆုံးသတ်ရွေးချယ်ခြင်းတွေသာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကနေ တစ်ဆင့် ရွေးချယ်နိုင်တဲ့ လမ်းကြောင်းတွေ ရှိနေပါရက်နဲ့ လက်နက်ကိုင်ပြီး သီးသန့်ပြည်နယ်ရလိုမှု၊ နဂိုရှိနှင့်ပြီးသား နယ်မြေထက် ပိုလွန်တဲ့ ထပ်တိုးနယ်မြေရလိုမှုနဲ့ ရခိုင့်တပ်တော် AA ကြွေးကြော်နေတဲ့ “ရခိုင့်အိမ်မက်” ဆိုတဲ့ “ကွန်ဖန်ထရိတ်” ဆန်တဲ့ တောင်းဆိုမှု တွေဟာ နိုင်ငံရေးလမ်းကြောင်းအရ ထွက်ပေါက်မရှိတော့လို့ လက်နက်ကိုင်ရတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားအရေးကို ဘန်းပြပြီး လူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအတွက် စစ်ပွဲတွေ ဖော်ဆောင်နေ တယ် ဆိုတာ ထင်ထင်ရှားရှားတွေ့မြင်နိုင်တယ်။ အထူးသဖြင့်တော့ ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ကိုးကန့်တပ်ဖွဲ့ NDAA က ပြည်သူတွေ အလယ်မှာ လူ ၁၀ ယောက်ကို သေဒဏ်ပေးခဲ့တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ ဒီလို ဒီမိုကရေစီမဆန်တဲ့ သေဒဏ်ပေးမှုဟာ တစ်ဖက်မှာ ကိုးကန့်ဒေသဟာ ဗဟိုအစိုးရ အာဏာသက်ရောက်မှု မရှိတော့ဘဲ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပြီဆိုတဲ့ သဘောမျိုးသက်ရောက်အောင် ပုံဖော်ပြတာလည်း ဖြစ်သလို ဒေသခံ ပြည်သူတွေအပေါ်မှာလည်း အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ ခြေလှမ်းပြင်ခဲ့တာလည်း ဖြစ်တယ်။
-
၆။ ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ဒီလိုမျိုး လူမျိုးရေးနဲ့ ဘာသာရေး ကိုသာ ရှေ့တန်းတင်ပြီး လက်နက်ကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ အာဏာပြန်လည်ရယူနိုင်ရေးအတွက် စုဖွဲ့ထားတဲ့ အမျိုးသားညီညွှတ်ရေး အစိုးရလက် အောက်ခံ လူငယ် PDF တွေက သွားရောက်ပူးပေါင်းခဲ့ကြတဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ဥပမာ KIA ဆီမှာ တပည့်ခံပြီး စစ်ပညာသင်ကြားခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက PDF တွေဟာ ဒေသခံ ဘုန်းကြီးတွေအပါအဝင် အစိုးရဝန်ထမ်းနဲ့ ကြားပြည်သူတွေကိုလည်း ဒလံခေါင်းစဉ်တပ်ပြီး သတ်ဖြတ်ခဲ့ကြတယ်။ KIA နဲ့ LPDF တွေကြောင့် စစ်ကိုင်းတိုင်း ထဲက ကောလင်း၊ ဝန်းသိုနဲ့ ဆက်စပ်နယ်မြေတွေ ဟာ ပြာပုံအတိ ဖြစ်ခဲ့ရသလို ဗမာလူမျိုးအများစုဟာလည်း စစ်ရှောင်တွေအဖြစ်နဲ့ ဇာတိမြို့ရွာတွေကို စွန့်ခွာ ထွက်ပြေးနေကြရပေမယ့် KIA အခြေစိုက်တဲ့ ကချင်ပြည်နယ် လိုင်ဇာမှာတော့ ကချင် တိုင်းရင်းသားတွေဟာ အေးအေးလူလူ ပညာသင်ကြားနေရတဲ့ မြင်ကွင်းတွေဟာ အတော်လေး စိတ်မချမ်းမြေ့စရာကိစ္စလည်းဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စကားတွေကို ရောင်တော်ပြန်လွှတ်ခဲ့ကြသလို ဗမာ လူငယ်တွေရဲ့ အားကို ခြေကုပ်ရယူပြီး အေးချမ်းတည်ငြိမ်နေတဲ့ အညာဒေသမြို့ရွာတွေကို အပိုင်သိမ်းနိုင်ဖို့ (သို့တည်းမဟုတ်) ဖျက်စီးကြဖို့ ကြံရွယ်ခဲ့ကြတယ်။ လူမျိုးစုအရေးကို အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ လက်နက်ကိုင် တွေရဲ့ တစ်ခုတည်းသော နိုင်ငံရေး ရည်မှန်းချက်ဟာ သူတို့ လူမျိုး သာလွန် ကောင်းစား ရေးသာ ဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ခဲ့တဲ့ မြဝတီနဲ့ ကော့ကရိတ် တိုက်ပွဲတွေမှာ ထင်ထင်ရှားရှားတွေ့မြင် နိုင်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း KTLA ARMY ဗိုလ်စလုံးရဲ့ ဆင်ဖြူ စစ်ကြောင်းနဲ့ ပတ်သက်ပြီး ရဲရင့်ဆိုတဲ့ PDF တစ်ယောက်ကို ဇနီးနဲ့ သား ဓားစာခံ လုပ်ပြီး သတ်ပစ်ခဲ့တဲ့လုပ်ရပ်ဟာ အတော်လေးလူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။
-
၆။ အကြမ်းဖက်အားပေးသူတွေအနေနဲ့ တပ်မတော်က လောက်ကိုင်မြို့ကို လက်လွှတ်ရလုနီးနီး အချိန်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ကို အားပေးထောက်ခံမှုတွေ လုပ်ခဲ့ကြပေမယ့် တကယ်တမ်းမြို့ကို ရရှိသွားချိန်မှာတော့ MNDAA အနေနဲ့ “ဗမာ မလာရ”၊ ဗမာငွေကြေးမသုံးစွဲရ” ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို ဗုဒ္ဓဘာသာတို့ရဲ့ အထွတ်အမြတ်ထားရာ ဘုရားစေတီတွေကိုလည်း ဖျက်စီးခဲ့တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခဲ့တယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့ ကိုးကန့်တပ်ဖွဲ့ တွေဆီသွားရောက်ပြီး အုပ်ချုပ်ရေးနယ်မြေ တောင်းခံ ခဲ့ပေမယ့် မရရှိခဲ့ဘူးဆိုတဲ့ သတင်းတွေလည်းတွေ့ရတယ်။ ၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ရေးဆိုပြီး ရောင်တော်ပြန်တွေ လွှင့်ခဲ့ကြပေမယ့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ အချင်းချင်းနယ်မြေလု ပဋိပက္ခတွေနဲ့ ကရင်ပြည်နယ်ဘက်က စစ်ရှံးသွားတဲ့ ဖြစ်ရပ်တွေကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရကို အချိန်းအပြောင်း လုပ်ပေးဖို့ ဆိုတာတွေအထိ နိုင်ငံရေးအရပါ ရိုက်ခက်မှုတွေ ရှိခဲ့တယ်။
-
၇။ လက်ရှိ စစ်ရေးတင်းမာမှုတွေ အပြန်အလှန်ရှိနေတဲ့မြို့တွေဟာ တရုတ်-မြန်မာ စီးပွားရေးလမ်း ကြောင်းအရ မဖြစ်မနေဖြတ်သန်းသွားရမယ့် မြို့တွေဖြစ်တာမို့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နှစ်ဖက် အငြင်းပွားမှုတွေဖြစ်နေသလို ပြည်ထောင်စု လမ်းမပေါ်က စစ်ဆေးရေးဂိတ်တွေကိုလည်း အပြန်အလှန် ဖယ်ရှားမှုတွေ လုပ်နေကြတယ်။ ကျားဖြန်ကို ဦးတည်ပြီး စစ်ဆင်ရေး လှုပ်ရှားစဉ်မှာတော့ မြောက်ပိုင်းမဟာ မိတ်တပ်ပေါင်းစုအဖွဲ့ဆိုပြီး ညီညီညွှတ်ညွှတ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပေမယ့် လက်ရှိ အချိန်မှာတော့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့အချင်း ချင်းကြားမှာ မပြေလည်မှုတွေ စတင်ပေါက်ဖွားလာတာဖြစ်တယ်။ သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့နယ်၊ ကိုယ့်နယ်ဆိုတဲ့ လူမျိုးရေးဦးတည်တဲ့ ပဋိပက္ခတွေလည်း တစ်စတစ်စနဲ့ ကြီးထွား လာတာ တွေ့မြင်နေရတယ်။နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအပြင် အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာပြည်သူတွေရဲ့ အမုန်းထုကို ရနိုင်တာကို သဘောပေါက်တဲ့ တရုတ်ဟာ ပြည်ထဲရေးဝန်ကြီးကို တရုတ်နိုင်ငံပင့်ဖိတ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရရဲ့ ရင်းနှီးမှုအတိုင်းအတာကို လှစ်ဟပြခဲ့တာတွေ့ရတယ်။ ဒီလုပ်ရပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကို အကြောင်းပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ NUG အတွက်တော့ အရှိုက်ထိစေတဲ့ လုပ်ရပ်လည်းဖြစ်ခဲ့တယ်။
-
၈။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ ၁၀၂၇ စစ်ဆင်ရေး က အစပြုလို့ မဟာမိတ်တပ်ဖွဲ့တွေ အချင်းချင်းမှာတောင် အကျိုးစီးပွားအရ နယ်မြေလုပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ဖြစ်နေခဲ့တာတွေ့ရတယ်။ တရုတ်ဘက်က ကြည့်ရင်လည်း ဒီပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် BRI စီမံကိန်းကို အကောင် အထည်ဖော်ဖို့ ခက်နေသလို ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်လှစ်နိုင်ဖို့လည်း အတော်လေးကြိုးစားနေရတဲ့အခြေအနေရောက်နေတယ်။ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာတည်တံ့မှုနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေ ပြန်လည် ရရှိဖို့ဟာ အရေးကြီးဆုံး ဖြစ်လို့ ၁၀၂၇ မတိုင်ခင် အခင်းအကျင်းမျိုးထိရောက်အောင် တရုတ်အနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ သေချာတာကတော့ ဗဟိုအစိုးရ အားနည်းစေချင်ရုံ၊ တပ်မတော်အင်အား ချိနဲ့စေချင်ရုံနဲ့ ကြားခံနယ်မြေ (Buffer Zone) ခံချင်ရုံလောက်နဲ့တော့ အစိုးရနဲ့ လက်နက်ကိုင်တပ် နှစ်ခုစလုံးကို လှေနံနှစ်ဖက်နင်းလို့ရမှာ မဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ မဟုတ်ရင်တော့ ခုလိုပဲ နိုင်ငံရေးနဲ့ စစ်ရေးနွယ်တဲ့ စစ်ပွဲတွေကတစ်ဆင့် လူမျိုးရေးပြဿနာတွေဖြစ်လာစေဖို့ အစပျိုးနေပြီလားလို့တောင် ယူဆ ရတော့မှာဖြစ်ပါတယ်။
(နရီမိုး)