❝အိမ်နီးချင်းကောင်းပီသကြောင်း ပြသဖို့လိုနေတဲ့ တရုတ်❞

Views


၁။ တရုတ်နဲ့ ပတ်သက်ပြီး ကျွန်တော့် ဆရာမကြီးနဲ့ အမြင်ချင်းမတူကြဘူး။ ဆရာမကြီးက လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်းနဲ့ပတ်သက်လာရင် တရုတ်စနက်မပါဘူးဆိုတဲ့ လေသံမျိုး အမြဲ "ဟ"တယ်။ တခါတလေ ဝန်ကြီး ဦးအောင်မင်း ပြောတဲ့ ကျွန်တော်တို့က တရုတ်ကြောက်ရပါတယ်ဆိုတာ အလကား ပြောတာ မဟုတ်ဘူးဆိုပြီးလည်း ပြောလေ့ပြောထရှိတယ်။ တကယ်တော့ အမေရိကန်ကိုတောင် ပုခုံးချင်း ယှဉ်ပြီး နိုင်ငံရေးနဲ့ စစ်ရေးအရ ကမ္ဘာနံပါတ်တစ်ဖြစ်ဖို့ တာစူနေတဲ့ တရုတ်ရဲ့ စွမ်းပကားဟာ ကိုယ်တွေ နိုင်ငံအတွက် ယှဉ်ပြိုင်ဘက်မဟုတ်ဘူးဆိုတာလည်း သိတယ်။ မြန်မာအပေါ် တရုတ်ဘာကြောင့် ကောင်းနေလဲ၊ မြန်မာနိုင်ငံက အစိုးရတွေကို အမေရိကန်က ဘာကြောင့် ထိန်းချုပ်ချင်တာလဲ၊ ရုပ်သေးရုပ် အစိုးရတွေ တက်စေချင်တာလဲဆိုတာ ခပ်ရှင်းရှင်းလေးပဲ။

---

၂။ တရုတ်နဲ့ ပတ်သက်ရင် ကိုယ့်အမြင်က ခပ်ရှင်းရှင်းရှိတယ်။ ဒီရှမ်းမြောက်မှာ တရုတ်မပါဘူးလို့ သံသယကင်းစေချင်ရင် တပ်မတော်က တန်ပြန်ထိုးစစ်ပြန်ဆင်တဲ့အခါ EAO တွေကို ဘာထောက်ပံ့မှုမှ မလုပ်နဲ့ဆိုတဲ့ အချက်တချက်ပဲ တောင်းဆိုချင်တာ။ MNDAA ဆိုတာ ချင်းရွှေဟော်က ရဲကင်းစခန်း ဝင်တိုက်ပြီး ရဲအယောက် ၂၀ လောက်ကို သတ်ဖြတ်သွားခဲ့တာလေ။ ခေါင်းစဉ်ကြေငြာချက်ကတော့ ကျားဖြန်ရှင်းလင်းရေးလို့ပဲ အော်ခဲ့တာမဟုတ်ဘူးလား။ ရှမ်းမြောက်ဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကွမ်းလုံ ဒေသကို ဖြတ်လေးဖြတ် လုပ်နိုင်ဖို့ ကျောက်မဲနဲ့ နောင်ချိုမှာ TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲလေ။ စခန်းတခုတိုက်ရင် ဒရုန်းအစင်း ၂၀ လောက်နဲ့ ၅ မိနစ်ခြား တက်လုံးနိုင်ဖို့အထိ မြောက်ပိုင်းအဖွဲ့ရဲ့ နည်းပညာနဲ့ ဒရုန်းက လမ်းဘေးက ဝယ်လို့ရတာမှမဟုတ်ပဲ။ နောက်ကွယ်မှာ တရုတ်နဲ့ “ဝ” မပါဘဲ ဒီစစ်ပွဲက ဒီလောက်အထိ အရှိန်မြင့်သွားစရာမရှိဘူး။

---------

၃။ ရှမ်းမြောက်စစ်ပွဲဟာ တပ်မတော်အတွက် အရင်းအနှီးများခဲ့တယ်။ အစိုးရအတွက် မြို့/ရွာတွေ လက်လွှတ်ခဲ့ရသလို တပ်မတော်အတွက်လည်း ထားခဲ့လိုက်ရတဲ့ တပ်စခန်းတွေ များခဲ့တယ်။ စစ်ပွဲရဲ့ အကျိုးဆက်က ဒေသအခြေစိုက် တပ်စခန်းတွေ လက်လွှတ်ခဲ့ရရုံသာမကဘဲ မြေပြင်ကွန်မန်ဒါဖြစ်တဲ့ တပ်မမှူး အဆင့်တွေကအစ လက်နက်ချခဲ့တာ၊ ဖမ်းဆီးခံရတာတွေအပြင် အပြင်းအခန်ခုံခံရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ အခြေအနေအထိရောက်ခဲ့ရတာမျိုးဖြစ်ခဲ့တယ်။ သေချာတာကတော့ ဆုံးရှုံး သွားတဲ့မြို့ရွာတွေက အစိုးရအုပ်ချုပ်မှုအောက် ပြန်မရောက်မချင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်မဖွင့် သင့်သေးဘူး။ မဟုတ်ရင်… ပြည်ထောင်စု လမ်းမပေါ်က EAO တွေရဲ့ ဂိတ်တွေကလည်း တရားဝင်လိုလိုဖြစ်ကုန်လိမ့်မယ်။ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို သွယ်ဝိုက် အသိအမှတ်ပြုသလိုလည်း ဖြစ်သွားလိမ့်မယ်။

----------

၄။ အိမ်နီးချင်းနိုင်ငံဖြစ်သလို Geopolitics အရ ရေရှည်မဖြစ်မနေ ဆက်ဆံနေရမယ့် တရုတ်နိုင်ငံကို သစ်စိမ်းချိုးချိုးလို့ မဖြစ်တာ သိပါတယ်။ အစစအရာရာ သာလွန်တဲ့ အင်အားကြီးနိုင်ငံဖြစ်လို့ လှန်လို့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့မှုနဲ့ ပတ်သက်ရင် လေးစားမှုရှိဖို့ ထိုက်တန်ကြောင်းကိုတော့ ပြသဖို့ လိုပါလိမ့်မယ်။



(နရီမိုး)

Post a Comment

Previous Post Next Post