သမိုင်းပေးတာဝန်

Views


မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းတရားတွေကို လေ့လာဆန်းစစ်ကြည့်ကြတဲ့အခါ မူလအခြေခံဖြစ်တဲ့ အယူဝါဒရေးရာ ကွဲလွဲမှု၊ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက တန်းတူညီမျှမှုဆိုတဲ့ တောင်းဆိုချက်တွေမှာသာ အခြေခံတယ်ဆိုတာ အဓိကတွေ့ခဲ့ရတယ်။ အယူဝါဒရေးရာကွဲလွဲမှု ဆိုတာကလည်း လွတ်လပ်ရေးနဲ့အတူ ရှင်သန်ပေါက်ဖွားလာခဲ့တဲ့ ဖဆပလ အသင်းပေါင်းချုပ်ကြီးမှာ ခေါင်းဆောင်လုပ်သူများရဲ့ လက်ဝဲ၊ လက်ယာ အတွေးအခေါ်တွေ ကွဲပြားခဲ့ရာကတစ်ဆင့် လက်နက်ကိုင်တောခိုသွားကြခဲ့ရတာကအစပြုလို့ ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်မှုကို အခြေတည်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပါသွားတဲ့ KNDO တို့ရဲ့ ပုန်ကန်မှုက အလယ်၊ ခွဲထွက်ခွင့်ဆိုတဲ့ စကားလုံးကို ပေါင်းစည်းရေးအသွင်သဏ္ဍန်မပြုဘဲ အကြပ်ကိုင်ခွင့်ပုံစံနဲ့ ခေတ်အဆက်ဆက် လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့ ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူဝါဒတွေ အဆုံး အသွင်သဏ္ဍန်ပေါင်းစုံနဲ့ ကိုယ်ကျိုးအတ္တများခဲ့ကြတဲ့ ကိုယ်တွေရဲ့တိုင်းပြည်ဟာ ပြည်တွင်းစစ်နွံထဲ ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ကြတာ တွေ့ရမှာဖြစ်တယ်။

-

လက်ရှိအချိန်အထိ လက်နက်ကိုင်လမ်းစဉ်နဲ့ လျှောက်လှမ်းနေခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အခြေခံ သဘောတရားတွေအရ ဘယ်လို နောက်ခံသမိုင်းကြောင်းတွေ ရှိနေခဲ့ပါစေ… လက်ရှိ သူတို့ သွားလိုတဲ့ ဘုံရည်မှန်းချက်ဟာ တပ်မတော်ချိနဲ့ ပျက်စီးရေးနဲ့ လူနည်းစုအခွင့်အရေးတန်းတူ ရရှိဖို့အတွက်ဆိုပြီး လူကြားကောင်းအောင် အော်နေပါစေ… လူဦးရေအားဖြင့် ၆၀ ရာခိုင်နှုန်းရှိနေတဲ့ ဗမာလူမျိုးစု ပျက်သုန်းရေးကသာ အဓိကပန်းတိုင်ဖြစ်တယ်ဆိုတာ သူတို့လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင် သိသိသာသာ မြင်တွေ့ရမှာဖြစ်တယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း အတွင်းမှာရှိတဲ့ ဗမာလူမျိုး တွေကို စစ်အာဏာရှင်ကျဆုံးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်တွေ တပ်ဆင်ပေးခဲ့၊ လေ့ကျင့်ပေးခဲ့ တဲ့ အကျိုးဆက်ဟာ စစ်ကိုင်းတိုင်းထဲက မြို့ရွာတွေ ပျက်စီးခြင်းကိုသာ ဖြစ်စေခဲ့တာ တွေ့ရမှာဖြစ်တယ်။ ဥပမာ KIA တို့ရဲ့ စီးပွားရေးနဲ့ စစ်ရေး အရ အရေးပါတဲ့ ကသာ၊ ကောလင်း၊ ဝန်းသိုနဲ့ ထီးချိုင့် နယ်မြေ တွေဟာ KIA တို့ရဲ့ အားပေးထောက်ခံ ကူညီမှုနဲ့ မြို့ရွာတွေ ပျက်စီးခဲ့တာ အထင်အရှားပဲ ဖြစ်တယ်။ လိုင်ဇာမြို့က ကချင်လူငယ်တွေအနေနဲ့ အေးအေးလူလူ ပညာသင်ယူနေချိန်မှာ စစ်ကိုင်းတိုင်းထဲက ဗမာရွာတွေမှာတော့ စစ်ရှောင်ဘဝတွေအဖြစ် ရောက်ချင်း မလှ ရောက်သွားခဲ့ကြသလို မြို့ရွာတွေလည်း ပြာပုံအတိ ဖြစ်ကုန်ကြရရှာတယ်။ ပြည်ပ အနောက်နိုင်ငံတွေရဲ့ အားပေးကူညီမှု အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာ ကျကျ ပူးပေါင်း ကူညီမှုကြားမှာ စည်းလုံးညီညွှတ်မှု ပြိုကွဲနေတဲ့ ကိုယ်တွေ နိုင်ငံအနေနဲ့ ဝါးအစည်းပြေသလို ဖြစ်နေတာ မဆန်းဘူးလို့ပဲ ဆိုရမယ်။

-

ရှမ်းမြောက်စစ်ဆင်ရေးရဲ့ အကျိုးဆက်ဟာ တပ်မတော်အင်းအားချိနဲ့နေပြီဆိုတဲ့ ဘုံရည်မှန်းချက် ရောက်အောင် လက်နက်ကိုင်အစုအဖွဲ့ပေါင်းစုံနဲ့ တိုက်ကွက်ဖော်ခဲ့ကြတယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စီးပွားရေး “ဘုံ” အကျိုးအမြတ် ရရှိအောင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ စီးပွားရေးမြို့တွေကို ဟန်ချက်ညီညီ သိမ်းပိုက်ခဲ့ကြသလို ဒီစစ်ပွဲရဲ့နောက်ဆက်တွဲ လုပ်ရပ်တွေမှာတော့ လူမျိုးရေးမုန်းတီးမှုဖြစ်စေတဲ့ လုပ်ရပ်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ခဲ့ကြတာ တွေ့ရမှာဖြစ်တယ်။ အထူးသဖြင့် ကိုးကန့်စစ်သည်တွေရဲ့ ဘုရားစေတီတွေကို ဖျက်စီးတဲ့ လုပ်ရပ်မျိုး၊ ကိုးကန့်နယ်မြေကို ဗမာမလာရ၊ ဗမာငွေကြေးမသုံးစွဲရဆိုတဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန် လာတာမျိုး၊ ရခိုင်ပြည်နယ်မှာလည်း တပ်မတော်ရဲ့ မှီခိုသူ မိသားစုတွေကို လူမျိုးရေး မုန်းတီးမှု အခြေခံတဲ့ သတ်ဖြတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့တာမျိုး၊ နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာဆိုရင် လောက်ကိုင်မြို့နယ်မှာရှိတဲ့ လေးမျက်မှာဘုရားပေါ်ကို MNDAA စစ်သားတစ်ယောက်က စစ်ဖိနပ်နဲ့ တက်ရောက်နေတဲ့ မြင်ကွင်းမျိုးဟာ ကျွန်တော်တို့ဟာ လူနည်းစုမို့ တန်းတူညီမျှမှုကို လိုလားပါတယ်ဆိုပြီး အစဉ်တစိုက် ပြောဆိုလာခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်သုံးစကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့ရမှာဖြစ်တယ်။

-

တကယ်တော့ ရှမ်းမြောက်ကအစပြုလိုက်တဲ့ စစ်ပွဲတွေမှာ လက်လွှတ်ခဲ့လိုက်ရတဲ့ နယ်မြေတွေဟာ ရန်သူရဲ့ စစ်ရေး စွမ်းဆောင်ရည် ကောင်းလွန်းနေတာ တစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နည်းပညာ ပူးပေါင်းပါဝင်မှု (ဒရုန်းဝယ်ယူရရှိမှု) ၊ လိုအပ်တဲ့ လက်နက်ခဲယမ်း ထောက်ပံ့ကူညီမှု (အမေရိကန်+ထိုင်း ပူးပေါင်းစစ်ဆင်ရေး)၊ ကျားဖြန့်ကိုတည်ပြီး စစ်ကစားလို့ရနိုင်တဲ့ နိုင်ငံရေး ဖိအား အကာအကွယ်ရရှိမှုနဲ့ တပ်မတော်ဖြုတ်ချရေးအတွက်သာ ဦးတည်ထားတဲ့ LPDF တွေဆီမှာ စိတ်ဆန္ဒ ပြင်းထန်တဲ့ လူငယ်တွေက EAOs တွေရဲ့ရှေ့မှာ ရှေ့တန်းကျကျ ပူးပေါင်း ပါဝင် ကူညီ နေမှုတွေက အခရာ ဖြစ်နေခဲ့တာ တွေ့ရမှာဖြစ်တယ်။ တပ်မတော်ဘက်မှာလည်း ကျားဖြန့်ကိစ္စအကြောင်းတည်ပြီး ပြည်ထောင်စုကို သစ္စာမစောင့်သိခဲ့ကြတဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် BGF အဖွဲ့တွေရဲ့ ဘက်ပြောင်းခိုလှုံမှု၊ တချို့သော နယ်မြေခံတပ်ခေါင်းဆောင်တွေအနေနဲ့ အမိန့်နာခံမှုမရှိဘဲ မိမိသဘော အတိုင်း ဆုံးဖြတ်ချက်ချဆောင်ရွက်ခဲ့မှု၊ မြို့ရွာနေပြည်သူလူထု ထိခိုက်ဆုံးရှုံးမှု မရှိရလေအောင် လူသားဒိုင်အကာအကွယ်ပြုမှုအပေါ်မှာ အကန့်အသတ်နဲ့သာ စစ်ဆင်ခဲ့ရတာတွေ အပါအဝင် နောက်ချန် မိသားစုလောက်သာရှိတဲ့ နယ်မြေအခြေစိုက်တပ်စခန်းတွေက မိသားစုတွေကို စနစ်တကျ ရွှေ့ပြောင်းခဲ့ ရတာတွေက ဒီစစ်ဆင်ရေးမှာ အလေးအဖင့် ဖြစ်စေခဲ့တာ တွေ့ရမှာဖြစ်တယ်။ အနောက်အင်အားကြီး နိုင်ငံတွေရဲ့ ဆန်ရှင်ပိတ်ဆို့မှုတွေကြားမှာ ကိုဗစ်ဒုတိယလှိုင်းမှာကတည်းက စီးပွားရေးနဲ့ လူထုကျန်းမာရေး အတွက် ကဏ္ဍစုံအသီးသီးမှာ ကျားကန်ဆောင်ရွက်ခဲ့ရတဲ့ တပ်မတော်ဟာ NCA စာချုပ်နဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲမှုတွေ အကြိမ် ၂၀ ကျော် ဆောင်ရွက် ပေးခဲ့ပေမယ့်လည်း တပ်မတော်ရဲ့ များပြားလှတဲ့ တာဝန်တွေကို ခုတုံးလုပ်ပြီး ပြည်တွင်း စစ် အသွင်သဏ္ဍန်ဖြစ်လာစေအောင် အဖွဲ့အစည်းမျိုးစုံက ရည်ရွယ်ချက်ရှိရှိ ပူးပေါင်း တိုက်ကွက်ဖော်နေတာ တွေ့ရမှာဖြစ်တယ်။ ဒီလို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ စစ်ရေးရည်မှန်းချက်တွေ အထမြောက်အောင်မြင်စေဖို့ အိမ်နီးချင်းနိုင်ငံတွေကပါ နည်းမျိုးစုံ နဲ့ ဖိအားပေး ကူညီနေတာက ဒီတိုင်းပြည်ရဲ့ ပြည်တွင်းစစ် ရပ်တန့်ဖို့ ခက်ခဲစေတဲ့ အကြောင်းတရားတွေ ဖြစ်စေခဲ့တာဖြစ်တယ်။

-

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စား လှယ်တစ်ယောက် မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်။ နစကနဲ့ တွေ့ဆုံခဲ့မှုဟာ အကြောင်းအရာတွေ မျိုးစုံ အောင် ရှိနိုင်တယ်ဆိုပေမယ့် မြောက်ပိုင်းမှာ လွယ်ဂျယ်ကို သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ KIA ရဲ့လုပ်ရပ်တွေနဲ့ ရခိုင်ပြည်နယ်က အမ်းမြို့ကို တိုက်ခိုက်တော့မယ်ဆိုပြီး ညာသံပေးနေတဲ့ AA တို့ရဲ့ လုပ်ရပ်ဟာ ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် ပတ်သက်နေမလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေခဲ့တာ အမှန်ပဲ။ ဒီလို ပြည်တွင်း/ပြည်ပ ဘက်ပေါင်းစုံကနေ နယ်မြေအသီးသီးအပိုင်စားရဖို့ ကြိုးပမ်းတိုက်ခိုက်ဖော်နေတာမျိုးက နိုင်ငံရေး ဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာစေတဲ့အကြောင်း တရားတွေပဲဖြစ်တယ်။ ဒီကြားထဲ လက်လွှတ် ဆုံးရှုံးထားတဲ့ နယ်မြေတွေမှာ မဟာမိတ်အဖွဲ့အချင်းချင်းမှာတောင် နယ်မြေခွဲဝေမှု မညီညွှတ် မမျှတတဲ့ အခြေအနေ မျိုးတွေ ဖြစ်နေလို့ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်လက်နက်ကိုင်အခြေအနေဟာ တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်း အားကောင်းမှသာလျှင် ပြည်ထောင်စု မပြိုကွဲစေဖို့နဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေဖို့ အာမခံချက် ရှိမှာဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှား စေတယ်။

-

လက်ရှိအချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိစိတ်ဆန္ဒအလျောက် ဝင်ရောက် အမှုထမ်းလိုတဲ့ အင်အားတွေကို နေရာအနှံ့က တပ်မတော်စစ်ကျောင်းတွေမှာ မြင်တွေ့ခွင့်ရလာတာ အတော်လေး ဝမ်းသာ စရာကောင်းတယ်။ မြေကိုပိုင်မှ စစ်နိုင်မယ်လို့ကြေငြာခွင့်ရမယ့် သဘောတရားအရတော့ လက်ရှိ အခင်း အကျင်းမှာ ဘယ်ဘက်ကမှ အခွင့်သာနေတာမျိုး မတွေ့ရသေးဘူး။ ရန်သူထိန်းချုပ်ထားပါတယ်ဆိုတဲ့ မြို့နယ်တွေကိုလည်း တပ်မတော်ဘက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတယ်။ NCA သက်တမ်းတိုး မထားတဲ့အခြေအနေမှာ ပိုပြီးထင်သာမြင်သာရှိစေတဲ့လုပ်ရပ်မျိုးကို ပြည်သူတွေဘက်က မြင်ချင်၊ ကြားချင် နေမှာတော့ ထုံးစံပါပဲ။ ဒီလိုဖြစ်လာဖို့အတွက်လည်း လက်ရှိပြည်သူ့စစ်မှုထမ်း ဥပဒေက အထောက် အကူပြုလိမ့်မယ်လို့ ယုံကြည်မိတယ်။ ကျားဖြန့်ကိုတည်ပြီး စစ်ကစားကြတယ်ဆိုပေမယ့် တရုတ်ရဲ့ BRI လမ်းကြောင်းတစ်လျှောက် ဩဇာခံ EAO တပ်တွေ ချထားချင်တာလား၊ Buffer Zone ခံပြီး တပ်ကို နိုင်ငံရေးအရ ထိုးကြွေးခံပုံစံ ဖန်တီးရယူနေတာလားဆိုတာတွေကတော့ နောင်ကွဲကွဲပြားပြား သိလာရမယ့် ကိစ္စတွေပါပဲ။ ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး တိုင်းရင်းသားအမည်ခံ အရေခွံခြုံထားကြတဲ့ ဒီစစ်ပွဲတွေ အဆုံး သတ်စေဖို့၊ တန်းတူညီမျှခွင့်အော်ပြီး ဗမာလူမျိုးစုအပေါ် မုန်းတီးစိတ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ ပြေပျောက်ဖို့အတွက်ဆိုရင် တပ်မတော်အနေနဲ့ အင်အားတောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေဖို့ လိုအပ်တယ်။ ဒို့တာဝန် အရေး(၃)ပါးဟာ တပ်မတော်ရဲ့ အဓိက အမျိုးသားရေး တာဝန် တစ်ရပ်ဆိုပေမယ့် ပြည်ထောင်စုကြီး မပြိုကွဲစေဖို့၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲစေဖို့နဲ့ အချုပ်အခြာအာဏာ မဆုံးရှုံးစေဖို့ ပြည်သူတွေအနေနဲ့ တပ်မတော်ကို တစ်ဖက်တစ်လမ်း ကနေ ကူညီပံ့ပိုးပေးရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုင်စွဲထားတဲ့ မူဝါဒတွေနဲ့ ကြွေးကြော် သံတွေဟာ LPDF တွေကို အသုံးချပြီး ဗမာလူမျိုးစု စည်းလုံးရေး ပျက်စီးစေဖို့နဲ့ တပ်မတော်ပြိုကွဲပျက်စီးဖို့ အတွက်သာ ရည်ရွယ်ထားလို့သာ ဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူ့စစ်မှုထမ်းအဖြစ်နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်ခြင်းဟာ တိုင်းပြည်က ပေးအပ်လာတဲ့ သမိုင်းပေးတာဝန် ဖြစ်သလို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်နဲ့ပါ ဦးလှည်မသုန် ထမ်းဆောင်ကြဖို့ လိုကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။



(နရီမိုး)

Post a Comment

Previous Post Next Post