AA မွှေးခဲ့တဲ့ စစ်မီး ရခိုင်ပြည်နယ်မှာ ဘယ်အထိ တောက်လောင်ဦးမလဲ....

Views


၁။ ရခိုင်ပြည်နယ်တွင်းမှာဖြစ်ပေါ်နေတဲ့ AA လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ရဲ့ စစ်ပွဲတွေဟာ တပ်မတော်ဘက်က စတင်တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ရခိုင်တပ်တော်(AA) ကတော့ ဒေသတည်ငြိမ်အေးချမ်းဖို့ဆိုတာတွေထက် အသာရရင်ရသလို ပုံစံမျိုးနဲ့ လက်ဦးမှု ရယူတိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ဖူးတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ AA လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းနဲ့ စစ်ပွဲတွေ စတင်ခဲ့ဖူးတယ်။ ဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သလို ကိုးဦး ဒဏ်ရာရရှိခဲ့ရတယ်။ ဒီလိုရဲကင်းစခန်းတွေကို မကြာခဏ တိုက်ခိုက်နေခဲ့လို့လည်း AA လက်နက်ကိုင်တပ်ဖွဲ့တွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “ရဲတိုက်” ဆိုတဲ့ နာမည်ပြောင်တွေပေးခဲ့ကြဖူးတယ်။ မဝေးသေးတဲ့ အတိတ်ကို ပြန်ကြည့်ရင် ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်စေ ဖို့အတွက် အရပ်သားဦးဆောင်တဲ့ အစိုးရလက်ထက် မှာတောင် တပ်မတော်အနေနဲ့ လိုအပ်ရင်လိုအပ်သလို အပစ်အခတ်ရပ်စဲရေးတွေ လိုလိုလားလား ဆောင်ရွက် ပေးခဲ့ဖူးတယ်။ အထင်ရှားဆုံး ဥပမာ ပြရရင် ဂျပန်ငြိမ်းချမ်းရေး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၁၈ နှစ်ကုန်ကနေ ၂၀၂၀ နိုဝင်ဘာလ အထိ မီးကုန်ယမ်းကုန် အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ်စစ်ပွဲဟာ ရုတ်ချည်းရပ်တန့်ခဲ့ဖူးတယ်။ တကယ်တော့ ဆာဆာကာဝါရဲ့ အဓိကရည်မှန်းချက်က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲ မပြုလုပ် နိုင်တဲ့နေရာတွေမှာ ရွေးကောက်ပွဲပြုလုပ်ပေးနိုင်ဖို့ ဦးတည်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ NLD အစိုးရအနေနဲ့ သတ်မှတ်ခဲ့တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ဒေသတွေဟာ မူလအတိုင်းမပြောင်းလဲခဲ့ပေမယ့်လည်း ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ပေးမှုကတစ်ဆင့် ရခိုင်တပ်တော်(AA)နဲ့ တပ်မတော်တို့ ဟာ နှစ်ဦး နှစ်ဖက် ယာယီ အပစ်ရပ်ထားဖို့ သဘော တူညီချက်ရရှိခဲ့တယ်။

၂။ ၂၀၂၀ ဖေဖော်ဝါရီလမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့မှု ရှိခဲ့ပေမယ့် တပ်မတော်ဟာ ပြည်တွင်း EAOs တွေနဲ့တော့ သိသာထင်ရှားတဲ့ ပွတ်တိုက်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေ မရှိခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ အထူးသဖြင့် ဆူပူအကြမ်းဖက် လှုံဆော်မှုတွေနဲ့ ၅၀၅ ပုဒ်မတွေကြောင့် အကြမ်းဖက်အားပေးသူတွေဟာ ကရင်ပြည်နယ် ဘက်က EAO တွေဆီမှာ သွားရောက်ခိုလှုံခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပြည်တွင်း လက်နက်ကိုင်ခုခံ တိုက်ခိုက်ခဲ့ကြတဲ့ PDF တွေကို KIO/KIA တွေဘက်က လက်နက်တပ်ဆင်ပေးခဲ့တွေ၊ စစ်ရေး လေ့ကျင့်ပေးခဲ့ကြတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာတောင်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေး နဲ့သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ ဦးစားပေး ဖြေရှင်းခဲ့တာ တွေ့ရမှာဖြစ်တယ်။

၃။ နစက အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ ရှေ့ရှုပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းကြေညာခံခဲ့ရတဲ့ ရခိုင်တပ်တော်(AA)နဲ့ ရခိုင် အမျိုးသား အဖွဲ့ချုပ် (ULA)တို့ကို ၂၀၂၁ ခုနှစ် မတ်လ (၁၁)ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုတ်သိမ်းပေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတိုင်းရင်းသား လူမျိုးတွေအားလုံးအတွက် ရည်ရွယ်ပြီး ပြည်နယ်အတွင်းက မြို့နယ်ငါးခုမှာ ကိုဗစ် ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရခိုင်တပ်တော်(AA)နဲ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက် ခဲ့မှုတွေ လုပ်ခဲ့ပေးဖူးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတောင် ULA/AA ရဲ့ နိုင်ငံရေးမှူး ဦးဦးစောလှနဲ့ AA စစ်ဦးစီးချုပ်ရဲ့ ညီဖြစ်သူတို့ တက်ရောက်ခဲ့တာ တွေ့ရမှာပဲဖြစ်တယ်။ ဒီကြားထဲမှာ လူသားချင်း စာနာထောက်ထားမှုနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ရခိုင်တပ်တော်(AA)နဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၄၃ ဦးကို အစိုးရအနေနဲ့ ပြန်လွှတ်ပေးခဲ့တာ မျိုးအထိ ဆောင်ရွက်ပေးခဲ့တယ်။

၄။ ဒီလို အခြေအနေကောင်းတွေ ရှိခဲ့ပေမယ့်လည်း စစ်ပွဲရပ်နားခဲ့တဲ့ တစ်နှစ်ကျော်ကြာ ကာလအတွင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဟာ “ရခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့ (Arakan People`s Authority- APA) ကို ဖွဲ့စည်းခဲ့သလို ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတာတွေအပြင် ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခွန်ကိစ္စတွေအထိပါ အစိုးရ တစ်ရပ်အသွင်နဲ့ ပေါ်ပေါ်ထင်ထင် ဆောင်ရွက်လာခဲ့တယ်။ ပိုဆိုးတာက… ရခိုင်ပြည်နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့အစိုးရ ဝန်ထမ်း တွေကို CDM လုပ်ဖို့ လက်နက်ကိုင်အတင်းအကြပ် ဖိအားပေးခဲ့တာတွေ ရှိလာခဲ့သလို ပြည်နယ်အတွင်းက အုပ်ချုပ်ရေးကဏ္ဍတွေမှာပါ တရားဝင်ပုံစံမျိုးနဲ့ ဝင်ရောက်လွှမ်းမိုး ခြယ်လှယ်လာခဲ့ကြတာဖြစ်တယ်။ စစ်ပွဲတွေ ပိုပြီး ဆိုးရွားစေလာတဲ့ အချက်ကတော့ ရခိုင်တပ်တော်(AA)စစ်ဦးစီးချုပ်ဆိုသူရဲ့ “2020 Arakan Dream” ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောကြားလာတဲ့အချက်တွေနဲ့ ဧရာဝတီ သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ “ကွန်ဖန်ထရိတ်” ဆိုတဲ့ “ခွဲထွက်ရေး” ဦးတည်တဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကိုပါ ပြောကြားလာခဲ့တာ တွေ့ရမှာဖြစ်တယ်။ တဖက်မှာလည်း ရခိုင်တပ်တော်(AA) ဟာ နစက ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကိုလည်း ပယ်ချခဲ့သလို နိုင်ငံတော်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေငြာထား တဲ့ အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ (NUG)နဲ့ ပါ တွေ့ဆုံဆွေးနွေးတဲ့ လုပ်ရပ်တွေ အပြင် လက်နက်ကိုင် အဖွဲ့တချို့ကိုပါ ပြောင်ပြောင် တင်းတင်း ကူညီပေးလာတဲ့ အခြေအနေတွေကို ဆောင်ရွက်လာခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခု ကတော့ ဇူလိုင်လ ၄ ရက်မှာ ထိုင်း-မြန်မာ နယ်စပ်အနီး ကချင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေသအတွင်းမှာ ရခိုင်တပ်တော်(AA) အခြေချ လှုပ်ရှားနေတဲ့ စခန်းတစ်ခုကို တပ်မတော်က တိုက်ခိုက်ရှင်းလင်းခဲ့ရတဲ့ဖြစ်ရပ် တစ်ခုပဲ ဖြစ်တယ်။

၅။ တကယ်တော့ ရခိုင့်တပ်တော်(AA)ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေဟာ မြေပြင်မှာ ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေနဲ့တော့ အတော်လေး ကွဲပြားနေတာတွေ့ရမှာဖြစ်တယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ ပလက်ဝ စီမံကိန်းအတွက် သံပေါင်နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို AA လက်နက်ကိုင်တပ်ဖွဲ့က ကြားဖြတ် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခဲ့ကြဖူးသလို ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းအတွက် ယာဉ်နဲ့ ယန္တရားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကိုလည်း ကုလားတန်မြစ်အတွင်းမှာ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့ကြဖူးတယ်။ ရခိုင့်တပ်တော်(AA) ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ခုလိုဆောင်ရွက်ခဲ့ကြဖူးသလို နိုင်ငံရေးဘက်မှာ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ ချင်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်ကို ဖမ်းဆီးခဲ့တာတွေ ဆောင်ရွက်ခဲ့ဖူးတယ်။

၆။ သဘာဝ ဘေးန္တရာယ်နဲ့ ပတ်သက်ရင် မုန်တိုင်းဒဏ် မကြာခဏ ကြုံတွေ့တတ်တဲ့ ရခိုင်ပြည်နယ်ဟာ အားအပြင်းဆုံး လို့ ဆိုရမယ့် မိုခါမုန်တိုင်းကို မေလ ၁၄ ရက်နေ့မှာ ကြုံခဲ့လိုက်ရတယ်။ပဲခူး၊ မကွေး၊ ချင်းနဲ့ ဧရာဝတီ ဒေသတွေလည်း ဒီမုန်တိုင်းဒဏ်ကို ခံစားခဲ့ရပေမယ့် အဆိုးရွားဆုံး ဖြစ်ခဲ့တာကတော့ ရခိုင်ဒေသပဲဖြစ်တယ်။ မိုခါ မုန်တိုင်း မဖြစ်ခင် ၂၀၁၀ ခုနှစ်တုန်းကလည်း ဂီရိမုန်တိုင်းနဲ့ ကြုံခဲ့ဖူးသလို ဒီမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက မြို့နယ် ခုနှစ်မြို့နယ်အထိ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရတယ်။ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြောက်ဦး မြို့တွေမှာရှိတဲ့ အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေ၊ ဆေးရုံတွေနဲ့ လူနေအိမ်ခြေတွေ အများအပြား ပျက်စီးခဲ့ရတယ်။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့ နယ်နှင့် မြေပုံမြို့နယ်တို့မှာ ဒေသခံပြည်သူ ခြောက်ဦး၊ IDP Camp က ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့သလို မေ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ ၄၈ ဦး ရှိကြောင်း ထုတ်ပြန်ထားတာဖြစ်လို့ နှစ်ရက်ပေါင်း ရရှိတဲ့စာရင်းတွေအရ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး အထိ ရှိခဲ့တယ်။ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်ထဲမှာလည်း နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင်ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ/ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇၀၁ လုံးနဲ့ အခြားပျက်စီးမှုတွေ ၁၀၁၄ ခု အထိ ထိခိုက် ပျက်စီးခဲ့ရသလို မြို့နယ် ၁၀ မြို့နယ်ထဲမှာ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နဲ့ ကြက် ၄၈၉၂၀၅ ကောင်အထိ ထိခိုက်ပျက်စီးမှု တွေ ရှိခဲ့တယ်။ နိုင်ငံတော်ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေ အရဆိုရင် မိုခါမုန်တိုင်းကြောင့် ပြည်သူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ကျပ် ၅၂၂ ဘီလျံ ဆုံးရှုံးခဲ့ရ တာ ဖြစ်တယ်။

၇။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ မိုခါမုန်တိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန်ခံစားနေရချိန်မှာပဲ မူလကတည်းက“ကွန်ဖန် ထရိတ်” ပုံစံနဲ့ နိုင်ငံရေးရည်မှန်းချက် ရှိနေတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေဟာ MNDAA စတင်ခဲ့တဲ့ ရှမ်းမြောက်စစ်ပွဲတွေမှာလည်း မဟာမိတ်ပုံစံနဲ့ တပ်မတော်စခန်းတွေကို စုပေါင်း တိုက်ခိုက်ခဲ့ရာ ပါဝင်ခဲ့ကြတယ်။ တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာ စစ်ပွဲတွေ ယာယီရပ်တန့်ခဲ့ပေမယ့် ပထဝီ နိုင်ငံရေးအရ အရေးပါနေတဲ့ ပလက်ဝဒေသကို ရလိုတဲ့ ရခိုင့်တပ်တော်(AA) ဟာ စီးပွားရေးအကျိုးအမြတ်ရလိုမှုနဲ့ နယ်မြေဒေသ အပိုင်းစား ရချင်မှုတွေကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေထဲက နယ်ခြားစောင့်ရဲကင်းစခန်းတွေကို မိုခါမုန်တိုင်းရဲ့ ပျက်စီးမှုကိုတွေ လစ်လျူရှုပြီး စစ်ပွဲတွေ စတင်တိုက်ခိုက်လာခဲ့တာလည်းဖြစ်တယ်။ ဒါဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက် AA ဘက်က စတင်ချိုးဖောက်ခဲ့တဲ့ တစ်ကျော့ပြန် စစ်ပွဲလည်းဖြစ်တယ်။

၈။ ဒီရက်ပိုင်းအတွင်း အံ့ဩစရာကောင်းတာက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့ ALP/ALA ဆေးတပ်ဖွဲ့တွေက ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပေမယ့် ရခိုင် ANP ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကတော့ အမျိုးသားရေး အစွန်းရောက် စိတ်ဓာတ်နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေမှုအပေါ်မှာ အားတတ်သရော ရေးသားနေတဲ့ ပုံရိပ်တွေဟာ ရခိုင်လူမျိုးချင်းတူပါရက်နဲ့ တောင် ကွဲပြားခြားနားတဲ့ ခံယူချက်ရှိသူ တွေအဖြစ်နဲ့ ထင်ထင်ရှားရှား တွေ့မြင်နေရတာ ဖြစ်တယ်။ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်ထဲက ရဲကင်း ၃၀ ကို ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သားတစ်ဦးနဲ့ ဒုလဝကမှူးတစ်ဦး ကျဆုံးခဲ့ရတယ်။ ၂၀၁၈ ခုနှစ် မေလမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ထုတ်ပြန်ချက်အရ ARSA အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့၊ ခမောင်းဆိပ်ကျေးရွာက ဟိန္ဒူဘာသာဝင် ၉၉ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ ARSA အကြမ်းဖက်အဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်အထိ ဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ ဒေသခံတိုင်းရင်းသား၂၁ ဦး၊ စုစုပေါင်း ၃၆ ဦးအထိ သေဆုံးခဲ့ရသလို လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း သုံးဦး၊ ဒေသခံတိုင်းရင်းသား လေးဦး၊ စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်။ ARSA အဖွဲ့ကြောင့် ရခိုင်ပြည်နယ်မှာ ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ် အလုံးရေ ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတားရှစ်စင်း မိုင်းထောင်ဖျက်ဆီးခြင်းခံ ခဲ့ရတယ်။ ARSA အရေးအခင်းက စတင်လိုက်တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေ အပါအဝင် တိုင်းရင်းသားတွေဖြစ်တဲ့ မြို၊ ခမီ၊ ဒိုင်းနက် ဆိုတဲ့ ဒေသခံတွေ အများအပြား အိုးအိမ်တွေစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။ ဒီဖြစ်စဉ်ကြောင့် တပ်မတော် ဟာ ဒေသခံတိုင်းရင်းသားတွေကို ရဟတ်ယာဉ်တွေနဲ့ နီးစပ်ရာ တပ်စခန်း၊ ဌာနချုပ်တွေကို အချိန်မီရွှေ့ပြောင်းပေးခဲ့လိုက်ရတယ်။

၉။ အချုပ်ဆိုရရင်.. ရခိုင်ပြည်နယ်ထဲက ဒေသခံတွေအပေါ်မှာ အကြမ်းဖက်အဖွဲ့ ARSA ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို တပ်မတော်အနေနဲ့ အပြည့်အဝ အကာအကွယ် ပေးခဲ့ပေမယ့်လည်း AA လက်နက်ကိုင်အဖွဲ့ကတော့ လက်ရှိ အချိန်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ မွတ်ဆလင်လူမျိုးတွေကို တပ်သားသစ်အဖြစ်နဲ့ စုဆောင်း နေတဲ့ သတင်းတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အများအပြားတွေ့မြင် လာနေရတယ်။ အပေါ်ယံမှာတော့ ဘင်နဲ့ ရခိုင် ‘အတူယှဉ်တွဲနေထိုင်ရေး’ဆိုတာကို ဘန်းပြထား ပေမယ့် လွတ်လပ်ရေးမရခင်ကတည်းက ရှိနှင့်ထားတဲ့ ပြင်းထန်တဲ့ လူမျိုးရေး ပဋိပက္ခစစ်ပွဲတွေကြောင့် ဒီနယ်မြေမှာ အတူတကွ နေထိုင်လို့မဖြစ်တာသိပေမယ့်လည်း ရှမ်းမြောက်စစ်ပွဲတွေနဲ့ ကျယ်ပြန့်လာတဲ့ ရခိုင်ပြည်နယ်စစ်မျက်နှာပေါ်မှာ အသုံးပြုနိုင်ဖို့ ဘင်္ဂလီတွေနဲ့ ဒေသခံ မွတ်ဆလင်တွေကို တပ်သားသစ်တွေအဖြစ် အသုံးချလာတာ တွေ့ရမှာဖြစ်တယ်။ ထပ်ဆောင်းအပိုဒုက္ခအနေနဲ့ စစ်မဖြစ်ခင် ရိတ်သိမ်းထားတဲ့ ဒေသခံတွေရဲ့ ဆန်စပါးတွေ အပေါ်မှာလည်း AA အဖွဲ့ဟာ လယ်ခွန်ဆိုပြီး တစ်ဧကကို ၁၀ တင်းအထိ ရိက္ခာအဖြစ်တောင်းနေတဲ့ အသံတွေလည်း ကြားသိနေရတယ်။ တဖက်မှာ AA လက်နက်ကိုင်အဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ပြီး စီးပွားအရှာကောင်းနေပေမယ့် ဒေသခံရခိုင် ပြည်သူတွေမှာတော့ စစ်ပွဲ ကြောင့် ဆန်/စပါး၊ ရိက္ခာ ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ သဘာဝဘေးကို နှစ်စဉ်ခံစားရတဲ့ ရခိုင်ပြည်နယ်ဟာ လူမျိုးခြားအကြမ်းဖက် အဖွဲ့အစည်းရဲ့ အနိုင်ကျင့်မှုတွေကိုလည်း ခံရသလို “ကွန်ဖန်ထရိတ်” အိမ်မက် မက်နေတဲ့ ထွန်းမြတ်နိုင်ကြောင့်လည်း စစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခါးစည်းခံစားနေကြရပြီ ဖြစ်တယ်။ အဖက်ဖက်က ဆုံးရှုံးမှု ကြီးမားခဲ့တဲ့ ဒီအကျိုးဆက်တွေအားလုံးဟာ စတင်ခဲ့တဲ့ AA လက်နက်ကိုင်တပ်ဖွဲ့မှာပဲ အဓိက တာဝန်ရှိမှာဖြစ်သလို AA မွှေးခဲ့တဲ့ စစ်မီး ရခိုင်ပြည်နယ်မှာ ဘယ်အထိ တောက်လောင်ဦးမလဲ…ဆိုတာကိုတော့ ပိတ်ကားပေါ်မှာ ဆက်ပြီး စောင့်ကြည့်သွားကြရဦးမှာ ဖြစ်ပါတယ်။



(နရီမိုး)









Post a Comment

Previous Post Next Post