Views
အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးတာ ကနေတဆင့် ၂၀၂၄ ခုနှစ် ဇန်ဝါရီလ ၁ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာခဲ့ပေမယ့် AA နဲ့ အစိုးရကြားမှာ ဒုတိယအကြိမ် လူသားချင်းစာနာထောက်ထားမှုအရ ရပ်စဲထားတဲ့ စစ်ပွဲတွေဟာ AA အဖွဲ့ရဲ့ စစ်ပွဲစတင်ဖော်ဆောင်လာခဲ့ခြင်းနဲ့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ နှစ်ဖက်ကြားက အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့တယ်။ ကူမင်းမြို့မှာ အခြေပြုဆွေးနွေးကြတဲ့ ရှမ်းမြောက်အရေးနဲ့သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နှစ်ဖက် လက်နက်ကိုင်တွေကြားမှာ ယာယီအပစ်အခတ်ရပ်စဲနိုင်အောင် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ်ဆိုပေမယ့် ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတာတွေကိုတော့ တိတိကျကျ ထုတ်ပြန်တာမျိုး မတွေ့ ရဘူး။ ဒီနေရာမှာ ကူမင်းဆွေးနွေးပွဲတွေ အကြောင်းမပြောခင် ရှမ်းမြောက်စစ်ပွဲတွေ အဆုံးသတ်ရေးနဲ့ မြောက်ပိုင်းအုပ်စုနဲ့ တပ်မတော်ကြားက ပထဝီနိုင်ငံရေးအရမျှခြေတွေ ဘယ်လိုအရေးကြီးသလဲဆိုတာ တွေးကြည့်ဖို့ လိုလာလိမ့်မယ်။
-
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲဧရိယာနယ်မြေတွေကို ပထဝီနိုင်ငံရေးအရ ဆက်စပ်ကြည့်မယ်ဆိုရင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေဟာ နယ်မြေရရှိရေးအတွက် ဘက်ပေါင်းစုံကနေ ကြိုးပမ်းအားထုတ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သလို နောက်ကွယ်က အထောက်အကူပြုပေးနေတဲ့ လက်နက်ကိုင်တချို့နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ဒီရည်ရွယ်ချက်အထမြောက်အောင် ဆောင်ကြဉ်းနေတယ် လို့ပဲ အကြမ်းဖျဉ်းယူဆရမယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ နှင်းအပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ကိုးကန့်ဒေသဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ အထူးဒေသပုံစံမျိုး တောင်းဆိုထားခြင်းခံထားရသလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ် တွေကို ပိုင်စိုးဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ AA ရဲ့ လုပ်ဆောင်ချက်တွေဟာ အိန္ဒိယ၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေအတွက် ပထဝီနိုင်ငံရေးအရ ဘယ်အတိုင်းအတာအထိ ရိုက်ခတ်မှု ရှိနိုင်သလဲဆိုတာကိုလည်း တွေးဆမှန်းမျှော်ကြည့်ဖို့ လိုအပ်တယ်။
-
တကယ်တော့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ စကားလုံးနဲ့ ဟန်ပြအရေခွံ ခြုံထားကြပေမယ့် နောက်ကွယ်မှာတော့ တရုတ်+မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို အခြေချခွင့်ဆိုတဲ့ ရည်မှန်းချက်တွေ အပါအဝင် စီးပွားရေးအကျိုးအမြတ် တွေမှာပါ ခွဲဝေရယူနိုင်ခွင့်ဆိုတဲ့ အနေအထားအထိ ရောက်အောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ တွေ့နိုင်တယ်။ ဒါ့ကြောင့်လည်း ယာယီအပစ်ရပ်ထားတဲ့ ကိုးကန့်ဒေသ အပါအဝင် ၁၀၂၇ စစ်ဆင်ရေးကနေ စစ်မျက်နှာ ရွှေ့ပြောင်းလာတဲ့ AA ရဲ့ စစ်ဆင်ရေးရည်မှန်းချက်ဟာ ချင်း၊ ရခိုင်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ အချက်အခြာနယ်မြေ ၄ ခုဆိုင်တဲ့ နေရာတွေမှာ အဓိက ဖြစ်ပွား နေတယ်ဆိုတဲ့ အချက်ကို သတိပြုနိုင်တယ်။ လက်ရှိ ဒီနယ်မြေတွေကလည်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါနေတဲ့နယ်မြေတွေ ဖြစ်နေတဲ့အပြင် တရုတ်နိုင်ငံကို ပို့လွှတ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံပိုက်လိုင်းတွေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေနဲ့ အထူးစီးပွားရေးဇုန်ဆိုတဲ့ စီးပွားရေး မက်လုံး တွေရှိနေတဲ့ အနေအထားတစ်ရပ်ကြောင့်လည်း ရခိုင်ပြည်နယ်မဟုတ်တဲ့ ပလက်ဝမြောက်ဘက်က တရွန်အိုင်နဲ့ နှုံးဘူး ဗျူဟာကုန်း ပင်မစခန်းကြီးတွေကို AA အနေနဲ့ သဲကြီးမဲကြီး စစ်ဆင်ခဲ့ရခြင်းဖြစ်တယ်။ အဓိကကတော့ ကုလားတန်မြစ်တလျှောက် တည်ဆောက်ထားတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ ဆိုတဲ့ ဗျူဟာကုန်းတွေဟာ ပလက်ဝမြောက်ဘက်နယ်စပ်နဲ့ အိန္ဒိယနိုင်ငံက ဖောက်လုပ်နေတဲ့ ကုန်သွယ်ရေးလမ်း ကြောင်းနေရာတွေကို အဓိက ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ ဗျူဟာကုန်းတွေဖြစ်နေတယ်ဆိုတဲ့ အချက်ကို AA အနေနဲ့ ကြိုတင်တွက်ဆပြီးထားလို့ပဲ ဖြစ်တယ်။ ဆိုတော့... AA အနေနဲ့ ဒီစခန်းတွေကို သိမ်းပိုက်ရရှိခဲ့ခြင်းဟာ ပထဝီနိုင်ငံရေးအရ စစ်ရေးအတွက်သာမက စီးပွားရေးအတွက်လည်း အကျိုး အမြတ်တွေ ရရှိသွားစေတာ တွေ့ရတယ်။ အထူးသဖြင့်တော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေဟာ မယူတောင်တန်း၊ ဩရမ၊ လောရမတောင်ကြောတွေကို ဖြတ်သန်းပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ်တွေကတဆင့် ရခိုင်ပြည်တွင်းကို စီးဆင်းနေတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်လို့ AA ရဲ့ လက်ရှိ စစ်ပွဲတွေဟာ နယ်စပ်ကုန်သွယ်ရေးတွေကိုပါ ထိန်းချုပ်လိုတယ်ဆိုတဲ့အချက်တွေအပါအဝင် တရုတ်ရဲ့ ပထဝီယှဉ်ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယကိုပါ အလိုလို ထိန်းချုပ်ပြီး ဖြစ်သွားစေနိုင်တာကိုလည်း တွေ့နိုင်တယ်။
-
မိကျောင်းမင်း ရေခင်းပြသလို အပေါ်က အချက်တွေကို ဘာလို့ အကျယ်တဝင့် ရှင်းပြနေရသလဲဆိုတော့ အိမ်နီးချင်းနိုင်ငံကြီးအနေနဲ့ ဒီပထဝီနိုင်ငံရေးအခြေအနေကို ဦးတည်ပြီး လက်နက်ကိုင်တွေနဲ့ အစိုးရ ကြားမှာ နိုင်ငံရေးအရ ကစားနေနိုင်တယ်ဆိုတဲ့အချက်ကို သတိပြုမိလို့ပဲဖြစ်တယ်။ နှစ်ဖက် လက်နက်ကိုင်တပ်တွေကြား ငြိမ်းချမ်းရေးအကြောင်းပြပြီး ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲတွေတိုင်းမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဆိုတဲ့ အနေအထားထက် ပထဝီစီးပွားရေးနဲ့ ပထဝီနိုင်ငံရေးကို အခြေပြုတဲ့ ဆွေးနွေးချက်ခေါင်းစဉ်တွေကိုပဲ မြင်တွေ့ဖတ်ရှုနေရတာဟာ ဆွေမျိုးပေါက်ဖော်ဆိုတဲ့ ရင်းနှီး ချစ်ကြည်မှုကို သံသယဖြစ်စေတာတော့ အမှန်ပဲ။ ဘာလို့ ဒီလိုသံသယတွေ ဝင်စေသလဲ လို့မေးရင် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ကြားထဲကပဲ တရုတ်+မြန်မာ နှစ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်စီမံကိန်းအတွက် ပြင်ဆင်စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားတွေ ဖြစ်ပေါ်ခဲ့လို့ ပဲဖြစ်တယ်။ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုဆိုတဲ့ အနေအထားတွေ၊ စစ်ပွဲတွေရှိနေတဲ့ကြားထဲကနေ BRI နဲ့ CMEC တို့လို စီမံကိန်းတွေအတွက် အားတက် သရောရှိနေတဲ့ တရုတ်ရဲ့ သဘောထားလုပ်ရပ်ဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး တည်ငြိမ်ရေးအတွက် တွန်းအားပေး အထောက်အကူပြုပေးနေတာလို့ ယူဆရသလို တစ်ဖက်မှာလည်း မြောက်ပိုင်းဒေသမှာ ရှိတဲ့ လက်နက်ကိုင်အင်အားစုတွေအပေါ်မှာ ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ဩဇာကြီးမားမှု အထိုင်တစ်ခုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကမကထ ပြုနေတာကလည်း တွေးဆချင်စရာ ကောင်းလွန်းလှတယ်။
-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ စတုတ္ထအကြိမ် ကူမင်း ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးချက် (၇)ချက် ထုတ်ပြန်ကြေငြာခဲ့တယ်။ နစက ရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ ကြေငြာချက်တွေကိုကြည့်ရင် ပထမကြိမ် ကူမင်းဆွေးနွေးပွဲတုန်းကလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဆက်လက်ဆုပ်ကိုင် ထားမြဲဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ဆိုလိုတာက... လက်ရှိစစ်ပွဲနဲ့ နိုင်ငံရေးအခြေအနေအရ ဘယ်လိုအခင်းအကျင်းနဲ့ ရလာဒ်ပဲ ဖြစ်နေပါစေ တိုက်ပွဲဖော်ဆောင်ပြီး သိမ်းပိုက်ထားတဲ့ နယ်မြေတွေဟာ ဥပဒေအရအကျုံးမဝင်ဘူးလို့ ပြောလိုတာဖြစ်တယ်။ ဒုတိယအချက်ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု လျော့ချနိုင်ဖို့ အတွက်တော့ ဖွဲ့စည်းပုံကပေးအပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ အချက်ကိုပဲ ဦးတည်ဆွေးနွေး ခဲ့တာလို့ ယူဆရတယ်။ ဒီအချက်က MNDAA ဘက်က ဆောင်ရွက်ရမယ့်အချက်ဖြစ်လို့ တရုတ်အနေနဲ့ ဘယ်လောက် ကြားချညှိနှိုင်းပေးနိုင်မလဲဆိုတဲ့ အချက်ပေါ်လည်း မူတည်နေတာတွေ့ရတယ်။ ဒီအချက်နဲ့ ဆက်စပ်ပြီးပါလာတာက နှစ်ဖက်တပ်နေရာချထားရေးဆိုတဲ့ အပိုင်းဖြစ်တယ်။ ဒီအချက်တွေ အပြီးမသတ်နိုင် သေးလို့လည်း နှစ်ဖက်ဆွေးနွေးချက်တွေ မထုတ်ပြန်ဖို့ ကတိပြုခဲ့ကြတာဖြစ်မယ်လို့ ယူဆရတယ်။
-
ထုတ်ပြန်ချက်တွေထဲမှာ အရေးကြီးဆုံး အချက်ကတော့ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ နယ်စပ်ဂိတ် စီမံခန့်ခွဲမှုနဲ့ ကုန်သွယ်မှု တွေအားလုံးဟာ နှစ်နိုင်ငံအစိုးရ တွေရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ ဆက်ရှိနေမယ်ဆိုတဲ့ ကတိကဝတ် စကားဟာ ဒီထုတ်ပြန်ချက် မတိုင်မီ ထွက်ပေါ်နေတဲ့ ကောလဟလတွေကို ချေဖျက်ပြီးသား ဖြစ်စေတာလည်း တွေ့ရတယ်။ ကိုးကန့်ဒေသဟ ၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးအပ်ထားပြီးဖြစ်လို့ သွေးမထွက်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင် ရင်တော့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က အခင်းအကျင်းပုံစံမျိုးကိုပဲ ရောက်သွားမှာဖြစ်လို့ WIN-WIN အနေအထားတစ်ရပ်သာဖြစ်စေတာတွေ့ရတယ်။ TNLA ရဲ့ ဥပဒေကျော်လွန်တဲ့ နယ်မြေတောင်းဆိုချက် ကလည်း ၂၀၀၈ အခြေခံဥပဒေကိုကျော်လွန်နေလို့ နစက အနေနဲ့ ခွင့်ပြုပေးနိုင်စရာအကြောင်းလည်း မမြင်မိဘူး။ ဒါ့ကြောင့်လည်း တိုက်ဆိုင်မှုမဟုတ်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်သက်ရောက်စေတဲ့ မြို့နယ် ၃ မြို့နယ်ကို တိုက်တိုက်ဆိုင်ဆိုင် ထပ်တိုးထုတ်ပြန်လာခဲ့တာတွေ့ရတယ်။
-
အကြောင်းအရာအားလုံးကို ခြုံကြည့်လိုက်ရင်တော့ ကူမင်းဆွေးနွေးပွဲဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မဖြစ်မနေဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သတိပြုရမှာဖြစ်တယ်။ ကျွဲကူးရေပါဆိုသလို ဒီကုန်သွယ်ရေး လမ်းကြောင်းတွေ စတင်နိုင်ဖို့ တပ်နေရာ ချထားရေးကိစ္စတွေ အရေးပါလာသလို ပထဝီနိုင်ငံရေး အရ ပင်လယ်ထွက်ပေါက်လိုအပ်ချက်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ဟာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ဩဇာသက်ရောက်မှု အတော်အတန်ကြီးမားတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုရမှာဖြစ်တယ်။ ဒါတွေအားလုံးရဲ့ အခြေခံ အကြောင်းတရားကတော့ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရွေ့ပြဿနာကြောင့် ဖြစ်သလို ဒီပြဿနာတွေကို အခြေတည်ပြီး ပြည်တွင်းလက်နက်ကိုင်တွေရဲ့ ဖက်ဒရယ်ထက်ပိုလွန်တဲ့ တောင်းဆိုချက်တွေ အစီအရီ ဖြစ်ပေါ်လာတာကြောင့်ပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ပါစေ... ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အတူ ဒီမိုကရေစီအစိုးရ ၂ ဆက်အထိ ပေါ်ပေါက်ပြီးတဲ့ အခြေအနေတစ်ရပ်အောက်မှာ တပ်မတော်အနေနဲ့ သို့တည်းမဟုတ် နစက အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထက်ကျော်လွန်တဲ့ မည်သည့် တောင်းဆိုချက်တွေကိုမဆို လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူးဆိုတာကိုတော့ အထင်အရှား တွေ့မြင် နေရတာဖြစ်ပါတယ်။ ။ ။
(နရီမိုး)