ရွှေတိဂုံစေတီတော်ကိစ္စ .. လူကြီးများသိစေလို

Views


ကျနော်ဒီရက်ပိုင်း ရွှေတိဂုံကို နေ့တိုင်းလိုလို မနက်အစော၊ နေ့လည်၊ ညနေစောင်းတွေမှာ ရောက်ဖြစ်ပါတယ်၊ ပြောချင်တာက တရက်တည်း တချိန်တည်းသွားတာ မဟုတ်ဘဲ မတူတဲ့ရက် မတူတဲ့ အချိန်တွေ သွားခဲ့ပါတယ်။ မတူတဲ့ရက် မတူတဲ့အချိန်တွေ သွားပေမယ့် တူညီစွာတွေ့ရတဲ့ မြင်ကွင်း တခုတော့ရှိနေပါတယ်

-

ဘာလဲဆိုရင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက်မုဒ် က ကြေးသွန်းဘုရားအရှေ့ လမ်းပေါ်ကနေ စေတီတော်ကြီးကို ကြည့်လိုက်ရင် အဲ့အရှေ့ဘက်မုဒ် လမ်းတလျောက်လုံးမှာ ထီးတွေ ဗီနိုင်းတွေ တာပေါ်လင်စတွေနဲ့ ဒုက္ခသည်စခန်းလိုလို ကျူးကျော်ရပ်ကွက်လိုလို စုတ်ပြတ်သတ်နေတဲ့ မြင်ကွင်းကြီး ပါခမျာ။

-

နောက်ပြီး အရှေ့ဘက်မုဒ်တက်ရတဲ့ အပေါက်ဝမှာ အမှိုက်ပုံးက ဟိုးအပေါ်ရောက်နေလို့ အမှိုက်တွေ ဖိနပ်ထည့်တဲ့အိတ်တွေဟာ အပေါက်ဝကြီးမှာ မြင်မကောင်းရှုမကောင်း အမှိုက်ပုံဖြစ်နေပါတယ်။

-

အဲ့လမ်းတလျောက်မှာ ပြွတ်သိပ်ကျပ်နေတဲ့ စျေးဆိုင်တွေ ပန်းဆိုင်တွေ တောင်းရမ်းသူတွေနဲ့ စေတီတော်ကြီးရဲ့ အရှေ့ဘက်မုဒ်အပေါက်ဝဟာ လူ ၂ ယောက်ယှဉ်လျှောက်ရင် ပုခုံးချင်းတိုက်မိတဲ့ အထိအောင် အတော်ကြီး အခြေအနေဆိုးပါတယ်။

-

ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ တိုင်းပြည်ရဲ့ အချုပ်၊ အခေါင်အထွဋ် ဖြစ်ပါတယ်။ ဒါက လက်မခံလို့ မရပါဘူး။

-

စေတီတော်ကြီးရဲ့ တောင်ဘက်မုဒ်ဟာ တိုင်းပြည်ရဲ့ စစ်ဘက်ရေးရာ၊ လုံခြုံရေးပါ။

-

မြောက်ဘက်မုဒ်ကတော့ တိုင်းပြည်ရဲ့ ဆန်ရေစပါး စားနပ်ရိက္ခာ စီးပွားဥစ္စာပါ။

-

အနောက်ဘက်မုဒ်ကတော့ ပြည်တွင်းရေးရာနဲ့ မိတ်ဆွေသင်္ဂဟအရေးအရာတွေပါ။

-

စေတီတော်ကြီးရဲ့ အရှေ့ဘက်မုဒ်ဟာ တိုင်းပြည်ရဲ့ မျက်နှာစာ၊ ဂုဏ်သိက္ခာပါ။ တိုင်းပြည်ရဲ့ မျက်နှာစာနေရာမှာ စုတ်ပြတ်သတ် ၊ ဗြုတ်စဗျင်းတောင်း ဒုက္ခသည်စခန်းလို ကျူးကျော်ရပ်ကွက်လိုမျိုးအရာ တွေက လုံးဝ မရှိသင့်ပါဘူး။ မျက်နှာစာဆိုတဲ့အတိုင်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထည်ထည်ဝါဝါ ဖြစ်ရပါမယ်ခမျာ။

-

အဲ့အတွက် အရှေ့ဘက်မုဒ်တကြောကို သန့်ရှင်းသပ်ရပ် ထည်ဝါခန့်ညားရတဲ့နေရာတခု မြင်ကွင်းတခု ဖြစ်စေဖို့ စီစဉ်ဆောင်ရွက်ပေးပါရန် အသိတိုင်ကြားပါတယ်ခမျာ။

-

ဒါတွေအတွက်လည်း ဘဏ္ဏာငွေအတွက် နိုင်ငံတော်ဘဏ္ဏာ ကုန်ကျဖို့ မလိုအပ်ပါဘူး။ စေတီတော်ကြီးအတွက် အသုံးပြုတာဖြစ်လို့ ဘဏ်တွေကတောင် အတိုးမပေးနိုင်တဲ့အထိများပြားလှတဲ့ အလှူငွေတွေထဲကနေ သက်ဆိုင်ရာ သံဃာတော် အရှင်သူမြတ်များကို လျောက်ထားတိုင်ပင်ပြီး လန်ပျံထွက်နေအောင်ကို ပြုပြင်ပေးလို့ ရပါတယ်ခမျာ။

-

မဖြစ်မနေထည့်ပြောချင်တဲ့ အချက်တခုက အရှေ့ဘက်မုဒ်ရဲ့အဆင်းအပေါက်ဝနားမှာ အများသုံးသန့်စင်ခန်း ရှိနေပါတယ်။ ဒါကိုလည်း ရှင်းလင်း ဖယ်ရှားစေချင်ပါတယ်။ အယူမင်္ဂလာအရ လူတကာ လူပေါင်းစုံ လူတန်းစားပေါင်းစုံ အညစ်အကြေးစွန့်တဲ့နေရာက စေတီတော်ရဲ့ မျက်နှာဝမှာ ရှိနေတာ မဖြစ်သင့်ပါ။ အဲ့အတွက်ကြောင့် ရှင်းလင်းဖယ်ရှားပြီး လွတ်ကင်းရာနေရာကို ​ရွှေ့ပေးစေချင်ပါတယ်။

-

နိုင်ငံတကာက မြန်မာပြည်ကို ဘယ်လိုမြင်ကြသလဲဆိုတာတွေ သိကြမှာပါ။ အရေးတခုခုဆို သူများအရှုပ်ထုပ်လည်း ကိုယ့်တိုင်းပြည်ပေါ် လွှဲချနေတဲ့ အဖြစ်အပျက်တွေ၊ ဒါတွေကလည်း အခုတိုင်ကြားတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်မယ်လို့ ယုံကြည်ပါတယ်ခမျာ။

-

ဘာသာတရားကိုင်းရှိုင်းတဲ့ နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ဒီအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်ခမျာ။



သူရိန်

14.03.24

Post a Comment

Previous Post Next Post