သတင်းမှန်ထုတ်ဖို့ နောက်မကျစေချင်

Views


၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လူမျိုးစုအကြားမှာ ကြီးကြီးမားမား ပဋိပက္ခ ဖြစ်စေနိုင်တဲ့ ကိစ္စရပ်တစ်ခု ကိုးကန့်မှာဖြစ်ခဲ့တယ်။ MNDAA ရဲ့ စစ်သည်တွေဟာ ကိုးကန့်ဒေသမှာ ရှိတဲ့ ဗုဒ္ဓဘာသာ တွေရဲ့ ဘုရားစေတီတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့တဲ့ သတင်းရုပ်သံပဲ ဖြစ်တယ်။ ဒီနေရာမှာ MNDAA ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရင် ဒီသတင်းထွက်ပေါ်လာပြီးပြီးချင်း ချက်ချင်း တုန့်ပြန်ခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် သူတို့အဖွဲ့ရဲ့ စာထုတ်ပြန်ချက်ကို ကြည့်ရင် ပိုပြီးရှင်းတယ်။ ဒီဖြစ်စဉ်မှာ လက်အောက်က စစ်သည်တွေ လုပ်ကြောင်း ဝန်ခံတယ်။ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်ဆိုပြီး ကြေငြာတယ်။ ဒီလောက်ပဲ။ ဒါပေမယ့် ဒီသတင်းရဲ့ဖြစ်ပေါ်လာနိုင်တဲ့ အတိမ်အနက်ကိုသိလို့ ချက်ချင်း ကြေငြာချက် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ သေချာတာက....သတင်းမှန်ပေါ် အခြေခံပြီး ချဲ့ကားရေးလာမယ့် သတင်းတွေကို ကြိုတင်ကာကွယ် ပြီးသား ဖြစ်သွားတာ တွေ့ရတယ်။

----

ဒုတိယ ဖြစ်စဉ်ကတော့ RCSS ရဲ့ ဂျပန်ရာကူဇာ ဂိုဏ်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းအပေါ်မှာ သူတို့ရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းဖြစ်တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး တခြားသော မီဒီယာ တွေက NCA ထိုးထားတဲ့ RCSS နဲ့ နစက ငြိအောင် ဇောင်းပေး သတင်းလွှင့်ပြတယ်။ ဒီသတင်း ထွက်ပေါ်လာပြီးပြီးချင်း RC ဥက္ကဋ္ဌ ကိုယ်တိုင် ဒီလိုမျိုး လာပြီး စေ့စပ် ဆွေးနွေးတာ ရှိဖူးတယ်။ ဒါပေမယ့် နောက်ဆက်တွဲ လုပ်တာ မရှိဘူးလို့ ထွက်ရှင်းလိုက်တယ်။ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဂယက် မဖြစ်တော့ဘူး။ ကောလာဟလ သတင်းတွေဆိုတာ အခြေအမြစ် ရှိတာရော၊ အခြေအမြစ် မရှိတာရော ဆိုတာတွေပေါ်မှာ မှီငြိမ်းပြီး ထွက်တာဆိုပေမယ့် ဘယ်လိုဖြေရှင်း သင့်သလဲဆိုတာ သူတို့ကောင်းကောင်းသိကြတာတွေ့ရတယ်။

----

ခုလည်း ကူမင်းနဲ့ ပတ်သက်ပြီး ကောလဟလ သတင်းတစ်ခုထွက်နေတာ တွေ့နေရတယ်။ ကောလဟလဟာ အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက် ဖြစ်သွားတတ်စေတာမို့ ဒါနဲ့ ပတ်သက်ပြီး သတင်း ချဲ့ကားရေးတာတွေမဖြစ်စေဖို့၊ ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျော့ချပေးနိုင်ဖို့.... သတင်းမှန် ထုတ်ပြန်ပေးဖို့ နောက်မကျစေချင်တာတော့ အမှန်ပါပဲ။



(နရီမိုး)

Post a Comment

Previous Post Next Post