ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ကို ပုသိမ်မှာ ပြန်တွေ့

Views


လွန်ခဲ့တဲ့ လေးရက်လောက်က ရွှေပြည်သာနေအိမ်ကနေ ဂျပန်စာသင်တန်းကျောင်းသွားရင်း အဆက် အသွယ်ပြတ်တောက်ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးငယ်ကို ပုသိမ်ဘက်မှာ ပြန်လည်တွေ့ရှိ သွားရောက်ခေါ်ယူ ခဲ့ပြီလို့ အဆိုပါမိန်းကလေးငယ် တက်ရောက်နေတဲ့ ဂျပန်စာသင်တန်းကျောင်းကနေ သိရပါတယ်။

-

မိန်းကလေးက မတ်လ ၅ ရက်နေ့မှာ ခေါင်းမူးတယ်လို့ နောက်ဆုံးဆက်သွယ်ပြီး ပျောက်ဆုံးနေတာကြောင့် မိသားစုနဲ့ သူတက်ရောက်နေတဲ့သင်တန်းက ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေအသိပေးရှာဖွေတာတွေ ပြုလုပ်ခဲ့ရ ပါတယ်။

-

လှည်းတန်း Arket ဂျပန်စာသင်တန်းကျောင်းမှာ သင်တန်းတက်ရောက်နေတဲ့ အသက် ၂၀ အရွယ် သင်တန်းသူ မမြတ်နိုးစံဟာ မတ်လ ၅ ရက် မနက် ၈ နာရီခွဲဝန်းကျင်က သင်တန်းအလာမှာ သူငယ်ချင်းထံ “သင်တန်းကိုရောက်တော့မယ်”ပြောပြီး သင်တန်းပြီးချိန်ထိ ရောက်မလာဘဲ ဆက်သွယ်လို့ပါမရတော့ဘဲ ပျောက်ဆုံးနေတာပါ။ ညနေ ၃ နာရီခွဲဝန်းကျင်မှာ “ခေါင်းတွေအရမ်းမူးနေတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်းလည်းမသိဘူး။ ဖုန်းတိုင်တွေသိပ်မမိနေရာကို ရောက်နေတယ်”ဆိုပြီး သူငယ်ချင်းနဲ့ မိဘဖုန်း တွေဆီ စာပို့လာပေမဲ့ ပြန်လည်ဆက်သွယ်လို့မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ အဲ့ဒီနေ့က Arket သင်တန်း ကျောင်းက ရေးသား ဖော်ပြထားပါတယ်။

-

အခုပြန်လည်တွေ့ရှိပုံက မမြတ်နိုးစံမှာ ဝတ်ဆင်ထားတဲ့ ရွှေထည်၊ ဖုန်း စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဘာမှ ပြန်ပါမလာဘဲ ညနေပိုင်း မိုးချုပ်ခါနီး ပုသိမ်ဘက်မှာတွေ့ရှိတဲ့ အဘိုးအဘွား နှစ်ဦးက ခေါ်ယူစောင့်ရှောက် ထားတာကို ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးက တွေ့မြင်ပြီး သင်တန်းကျောင်းနဲ့ မိသားစုကို ချိတ်ဆက်လာ တာမို့ မနေ့က သွားရောက်ပြန်လည်ခေါ်ယူခဲ့ပြီလို့ သိရပါတယ်။

Myanmar Transparency News

Post a Comment

Previous Post Next Post