KIA သကသအဖွဲ့၏ ကချင်လူမျိုးများအပေါ် နှိပ်စက်နေမှု

Views



ဖရဲဒေသမှာ မြေရှားတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်ပြီးဆန္ဒပြကြတဲ့ ဒေသခံတွေကို ကချင်လွတ်လပ် ရေးတပ် (KIA) က လိုက်လံဖမ်းဆီးနေတာကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

-


ဒေသခံတွေအနေနဲ့ သတ္တုမတူးဖော်ဖို့ ကန့်ကွက်ထားတဲ့ ရေသောက်မြစ်ရှိတဲ့ဧရိယာမှာ KIA ကနေ တရုတ် နိုင်ငံသားတွေကို မြေရှားတူးခွင့်ပြုထားတာကြောင့် အဲဒီမြေရှားလုပ်ကွက်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေသခံတွေ သွားရောက်တားမြစ်ခဲ့၊ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖရဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

-


" သွားတားမြစ်တာတွေ၊ ဆန္ဒပြတာတွေသွားလုပ်တာ ရွာသားတွေကို နှိပ်စက်တယ်။ အခုဖမ်းဆီးပြီး တပ်မဟာရုံးကအချုပ်မှာ ထည့်ထားတာ အယောက် ၅၀ ကျော်ရှိပြီ။"လို့ ဒေသခံက ဆိုပါတယ်။

-


ရွာသားတွေ သွားလာရာလမ်းတစ်လျှောက် KIA စစ်သားတွေဟာ ခြောက်လှန့်ပြီး မိုင်းခွဲတဲ့အပြင် သေနတ်တွေနဲ့ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြတယ်လို့လည်း သိရပါ တယ်။

-

ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး ဖမ်းဆီးထားတဲ့ ရွာသားတွေအယောက် ၅၀ ကျော်ရှိပြီဖြစ်ပြီးတော့ ဒီကနေ့အထိရွာသားတွေကို မလွှတ်ပေးသေးတဲ့အပြင် ဆက်လက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


-

KIA တွေဟာ ရွာထဲကိုကားနဲ့ လှည့်ပြီးတော့ လူငယ်တွေနဲ့ အိမ်ထောင်သည်အမျိုးသားတွေအပြင် ဘာသာရေးဆရာနဲ့ ကျောင်းအုပ်၊ ကျောင်းဆရာတွေပါမကျန် ဖမ်းနေတာကြောင့် ရွာထဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

-

"မိဘတွေ၊ ပြည်သူတွေက ငိုယိုပြီးတော့ သနားစရာလေး ဖြစ်နေပြီပေါ့နော်။ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိဘူးပေါ့နော်။ ဦးဆောင်တဲ့လူကြီးက ကျွန်တော်တို့ကို လုံးဝမျက်နှာသာ မပေးဘူး။ အခွင့်အရေးမပေးဘူး။"လို့ ဆိုပါတယ်။

-

အဲဒီ မြေရှားသတ္တုတူးဖော်တဲ့ကိစ္စကို ဆွေးနွေးတာတွေမရှိဘဲ စိတ်ကြိုက်လုပ်ဆောင်နေကြတဲ့အတွက် ဒေသခံတွေဟာ မိမိရဲ့ဒေသကို ပျက်စီးသွားမှာကိုမလိုလားတာကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ကန့်ကွက် ဆန္ဒပြတာတွေ၊ ဖရဲဒေသက KIA ရုံးချုပ်နဲ့ ဗဟိုဌာနချုပ်အထိ စာတင်တာ၊ ရွာလူကြီးတွေဆီ သွားရောက်တင်ပြတောင်းဆိုတာတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

-

တစ်ဖက်မှာလည်း KIA က အဲဒီလိုတွေ လိုက်လံကန့်ကွက်ကြတဲ့ ဒေသခံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ လက်နက်တွေနဲ့ ပစ်ခတ်တာတွေ အကြိမ်ကြိမ်လုပ်ဆောင် ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

-

ဒါပေမဲ့ ရွာသားတွေဟာ မိမိဒေသရှိ ရေ၊ မြေ၊ တော၊ တောင်တွေနဲ့ စိုက်ပျိုးမြေတွေ မပျက်စီးစေဖို့အရေးကို အခုချိန်ထိ လုံးဝလက်မလျှော့ဘဲ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက် ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးနောက်တစ်ဦးက ပြောပါတယ်။

-

"သူတို့ကြိုက်သလိုလုပ်သွားရင်တော့ ကျွန်တော်တို့ တစ်ရွာလုံးလည်း ပျက်စီးသွားမှာ။ အဲဒါကြောင့် ကန့်ကွက်ပြီးတော့ ကာကွယ်နေတာဖြစ်တယ်။"လို့ ဆိုပါတယ်။

-

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်ကြတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ မြေရှားသတ္တု တူးဖော်ခြင်းကြောင့် ဒေသကမြေတွေ ဒီထက်ပိုပြီး မပျက်စီးမီ အမြန်ဆုံးလာရောက်တားဆီးပေးကြဖို့လည်း တောင်းဆိုမှုတွေ ရှိနေတာပါ။

-

"လိုင်ဇာမှာရှိတဲ့ ဌာနချုပ်က လူကြီးတွေအနေနဲ့ ဒီပြဿနာကို သိရှိပြီး အမြန်ဆုံးဖြေရှင်းပေးဖို့၊ အခုက မိမိရဲ့ လူမျိုးကို ကာကွယ်ပေးမဲ့အစား တရုတ်တွေကို ကာကွယ်ပေးနေကြတယ်။ ရွာသားတွေက တရုတ်ကို သွားမောင်းထုတ်တဲ့ဟာကို တရုတ်ကိုတော့မပြောဘဲ ကိုယ့်ရွာသားတွေကို ပြောင်းပြန်နှိပ်စက်တယ်။"လို့ အထက်ပါဒေသခံက ပြောပါတယ်။

-

ဖရဲဒေသမှာရှိတဲ့ KIA အရာရှိတွေနဲ့ စစ်သားတွေဟာ ဗဟိုက ခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ကြောင်း ပြောဆို နေတဲ့အပေါ် အမှန်တကယ် ရွာသားတွေကို အခုလိုလုပ်ဖို့ ခွင့်ပြုထားတာလားဆိုတာကို အတိအလင်း သိချင်ကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

-

အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ မြစ်ကြီးနား သတင်းဂျာနယ်က ဆက်သွယ်မေးမြန်းရာမှာတော့ ဘဏ္ဏာရေးဌာနဘက်က ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို သူ့အနေနဲ့ မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

-

လက်ရှိအချိန် ဖမ်းဆီးထားတဲ့သူတွေကို ပြန်မလွှတ်ပေးသေးတဲ့အပြင် တရုတ်ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

-

ဒါ့အပြင် မနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သတ္တုတူးဖော်တာကို ကန့်ကွက်တဲ့ ဒေသခံအယောက် ၃၀ ကျော်ကို KIA က ဖမ်းဆီးခဲ့ပြီး ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

-

ဖရဲဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဧရိယာတွေထဲက ဒေသတစ်ခုဖြစ်ပြီး အဲဒီဒေသကို ၂၀၁၂ ခုနှစ် ဧပြီလလောက်က ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့(NDAK) အုပ်ချုပ်နေတဲ့ လက်ကနေ တိုက်ယူပြီး KIA က ဝင်ရောက်အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

-

KIO/KIA ဝင်လာတဲ့နေ့ကစပြီး ဒေသအတွင်း စစ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသတစ်ခုလုံးက ပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ဖရဲဒေသအတွင်းက တရုတ်ပြည်နယ်စပ်၊ တစ်နေရာမှာ စစ်ရှောင်အဖြစ်နဲ့ စုစည်းနေထိုင်နေတာ ၁၂ နှစ်လောက် ရှိပြီဖြစ်ပါတယ်။

-

ဓါတ်ပုံ- မြေရှားသတ္တုတူးဖော်ခြင်းကို ဖရဲဒေသခံများ ကန့်ကွက်ဆန္ဒပြနေစဉ်။

Crd.

Post a Comment

Previous Post Next Post