စစ်မှုမထမ်းမနေရလို့ခေါ်ဆိုနေကြတဲ့ ပြည်သူ့စစ်မှုထမ်းစနစ်

Views

 




ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာ သက်ဝင်တယ်လို့ ဥပဒေအရ သတ်မှတ်ကြေညာလိုက်တဲ့အခါမှာ အမြင်အမျိုးမျိုး အသံအမျိုးမျိုး ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ အကောင်းမြင်တာရှိသလို အဆိုးမြင်ကြတာ ကိုလည်းတွေ့ရပါတယ်။ ကိုယ်နိုင်ငံမှာပဲ အထူးအဆန်းဖြစ်နေသလို ပြောကြဆိုကြတာကိုလဲတွေ့ ရပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ ၁၉၅၉ ခုနှစ်ကတည်းက အာဏာသက်ဝင်ရှိခဲ့တဲ့ဥပဒေ တစ်ရပ်ပါ။ ၁၉၅၉ ခုနှစ် ဥပဒေဟာ သတ်မှတ်တဲ့ အသက်အရွယ်ရှိသူနိုင်ငံသားအားလုံးနဲ့သက်ဆိုင်ပေမဲ့လည်း ဆရာဝန်တွေအတွက်သာ အဓိက အသုံးချခဲ့တာကို လေ့လာမိသူတွေ သိရှိမှာဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ဥပဒေဟာ ၂၀၁၀ ပြည့်နှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာမသက်ဝင်မီအချိန်အထိ အာဏာသက်ဝင်နေဆဲဖြစ်ခဲ့တဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၁၉၅၉ ခုနှစ် ဥပဒေရဲ့အနှစ်သာရကို မပျက်စေဘဲ ခေတ် ကာလနဲ့လျော်ညီအောင် ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းရှင်းလင်းလင်း ရေးဆွဲပြဋ္ဌာန်းခဲ့တာပဲဖြစ်ပါ တယ်။ ဒါ့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်အာဏာသက်ဝင်ခဲ့တဲ့ဥပဒေဖြစ်ပါတယ်။

-

အခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာသက်ဝင်ပြီလို့ ကြေညာခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေရဲ့ အဓိကအချက်တွေကဘာတွေလဲဆိုတာကြည့်ရအောင်-

စစ်မှုထမ်းရမယ့်အသက်အရွယ်-

-အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက် နိုင်ငံသား၊

-အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အောက် နိုင်ငံသား၊

-ကျွမ်းကျင်သူ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ၄၅ နှစ်အောက် နိုင်ငံသား၊

-ကျွမ်းကျင်သူ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ၃၅ နှစ်အောက် နိုင်ငံသား၊

-ကျွမ်းကျင်သူဆိုတာကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ် မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း နေသူတွေကို ဆိုလိုတာဘဲဖြစ်ပါတယ်။

စစ်မှုထမ်းရမဲ့ကာလအပိုင်းအခြား-

- စစ်မှုထမ်းရမဲ့ အသက်အရွယ်ရှိတဲ့ နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုတဲ့ ကာလ အပိုင်းအခြား၊

- စစ်မှုထမ်းရမဲ့ အသက်အရွယ်ရှိတဲ့ နိုင်ငံသားတွေအနက်က တပ်မတော် စက်မှု လက်မှု ပညာသည်တွေအဖြစ် အမှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရသူတွေကို (၃၆) လထက် မပိုတဲ့ ကာလအပိုင်းအခြား၊

- စစ်မှုထမ်းရမဲ့ အသက်အရွယ်ရှိတဲ့ ကျွမ်းကျင်သူတွေဆိုရင် (၃၆) လထက်မပိုတဲ့ ကာလအပိုင်းအခြား။

ဘယ်သူတွေက စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရသလဲဆိုရင်-

- သာသနာ့ဝန်ထမ်းတွေ၊

- အိမ်ထောင်သည်အမျိုးသမီးတွေ၊

- ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းတွေ၊

- တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲတမ်း မသင့် လျော်သူ ဖြစ်တယ်လို့ သတ်မှတ်ထားသူတွေ၊

- ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီးတော့ ကင်းလွတ်ခွင့် ပြုထားသူတွေက ကင်းလွတ်ခွင့်ရကြမှာ ဖြစ်ပါတယ်။

၁၈ နှစ်ပြည့်တဲ့သူတိုင်းက စစ်မှုထမ်းကြရမှာလားဆိုရင် စစ်မှုထမ်းခြင်းကို ယာယီရွှေ့ဆိုင်းပေးဖို့ လျှောက်ထားနိုင်တဲ့သူတွေရှိပါတယ်။ အဲ့ဒီသူတွေကတော့-

- ယာယီအားဖြင့်စစ်မှုထမ်းနိုင်မဲ့ ... ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်ရရှိထားသူတွေ၊

- နိုင်ငံ့ဝန်ထမ်းတွေ၊

- ပညာသင်ကြားနေသူတွေ၊

- အခြားပြုစုစောင့်ရှောက်မဲ့သူ မရှိတဲ့ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ၊

- မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေ၊

- ထောင်ဒဏ်ကျခံနေသူတွေဘဲဖြစ်ပါတယ်။

ယာယီရွှေ့ဆိုင်းတာဟာ နိုင်ငံတော်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး အမြဲတမ်းကင်း လွတ်ခွင့်ရသွားတာမျိုးလဲ ဖြစ်သွားနိုင်ပါတယ်။ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း စတာတွေထွက် လာတဲ့အခါ ပြည်သူတွေ ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်လာကြမှာ ဖြစ်ပါတယ်။

-

ဥပဒေ . အာဏာသက်ဝင်လာလို့ အခုပဲစစ်မှုထမ်းကြရတော့မှာလား၊ စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခြင်းကို ခံရမှာလားလို့ စိုးရိမ်နေကြသူတွေလဲရှိတာကို တွေ့ရပါတယ်။ ဥပဒေကို နားလည်တဲ့သူတွေကတော့ မစိုရိမ်ပါဘူး။ ပြည်ဖျက်မီဒီယာတွေနဲ့ အဆိုးမြင်သူတွေကတော့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်ရေးသား ကြမှာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနတွေမှာရှိထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေရဲ့စာရင်းအရ စာရင်းသွင်းဖို့ဆင့်ခေါ်ခြင်းခံရတဲ့အခါမှာ ဆင့်ခေါ်ခြင်းခံရသူတွေဟာ သွားရောက်မှတ်ပုံတင် စာရင်းသွင်း ရမှာဖြစ်ပြီး အဲ့ဒီလိုစာရင်းသွင်းပြီးကြောင်း မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးထားမှာ ဖြစ်ပါတယ်။ စာရင်းသွင်းပြီး ကြောင်း မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ဆေးစစ်ဖို့ဆင့်ခေါ်တဲ့အခါ ဆေးစစ်ဖို့ သွားရောက် ရမှာဖြစ်ပါတယ်။ ဆေးအောင်တဲ့အခါမှာတော့ သတ်မှတ်တဲ့ကာလအတွက် စစ်မှုထမ်း အဖြစ်စာရင်းသွင်း ဝင်ရောက်အမှုထမ်းကြရမှာဖြစ်ပါတယ်။ စာရင်းသွင်းထားတိုင်းလည်း ဆင့်ခေါ်ခြင်း ခံရမှာမဟုတ်ဘဲ လိုအပ်တဲ့ အရေအတွက်အပေါ်မှာ မူတည်ပြီးတော့ အချိုးကျ၊ အလှည့်ကျ စနစ်မျိုးကို သွားရမှာပါ။

-

လူတိုင်း တစ်ကြိမ်တည်း တစ်ပြိုင်တည်း ဝင်ရောက်အမှုထမ်းကြရမဲ့ သဘောတော့ မဟုတ်ပါဘူး။ နိုင်ငံတော်က လိုအပ်တဲ့အရေအတွက်ပေါ်မှာမူတည်ပြီးတော့ ပြည်သူများ၏အလုပ် အကိုင်အခွင့်အလမ်းများနဲ့ စီပွားရေး လုပ်ငန်းရှင်တွေရဲ့ အလုပ်အကိုင်တွေကို မထိခိုက်အောင်၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားခွင့်ကို မထိခိုက်ရအောင်၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရဌာနတွေရဲ့လုပ်ငန်းတွေကို မထိခိုက်အောင် အထက်မှာပြောခဲ့ သလိုပဲ အချိုးကျ၊ အလှည့်ကျစနစ် မျိုးနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ မြန်မြန်ဝင်ရောက်အမှုထမ်းရင်တော့ နိုင်ငံ့တာဝန် မြန်မြန်ကျေပွန်မှာပဲဖြစ်ပြီး ဥပဒေအရ မိမိထမ်းဆောင်ရမယ့်တာဝန် မြန်မြန်ပြီးမြောက်သွားမှာပဲ ဖြစ်ပါတယ်။ မိမိတာဝန်ပြီးလို့ စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ရတဲ့အခါမှာလည်း သီးခြားအကျိုး ခံစားခွင့်တွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။

-

ဒီနေရာမှာ တစ်ခုပြောချင်တာက အမျိုးသားစစ်မှုထမ်းစနစ်၊ ပြည်သူ့စစ်မှုထမ်းစနစ်၊ မထမ်းဆောင်မနေရ စစ်မှုထမ်းစနစ် စသဖြင့် အမည်အမျိုးမျိုးနဲ့နိုင်ငံတကာမှာ ကျင့်သုံးနေကြတာကို မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ အခါကျမှ အသစ်အဆန်းလို၊ အထူးအဆန်းလို၊ အပြစ်လိုပြောနေကြတာတွေဟာ ယထာဘူတကျတဲ့ အမြင်တွေမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ပြည်တွင်းအရေးကိစ္စတွေ အတွက်မလိုပါဘူး၊ ပြည်ပစစ်အတွက်ကိုသာ သုံးရတာပါဆိုတဲ့သူတွေကိုလဲ တွေ့ရပါတယ်။ ကမ္ဘာမှာဘယ်နိုင်ငံတွေက ဒီလိုစနစ်တွေကို ကျင့်သုံးနေကြသလဲ၊ ကျင့်သုံးတဲ့နိုင်ငံတွေအများအပြားရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေက ပြည်ပနဲ့စစ်ဖြစ်နေကြလို့လဲဆိုတာကို လေ့လာရင်တွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ်ကို အမေရိကန် ပြည်တွင်းစစ်ကာလဖြစ်တဲ့ ၁၈၆၁-၁၈၆၅ ကာလအတွင်း တောင်နဲ့မြောက် နယ်မြေနှစ်ခုလုံးမှာ အသုံးပြုခဲ့တာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခဲ့တာဟာ ဆန္ဒအလျောက်စစ်မှုထမ်းစေဖို့အတွက် ထိရောက်တဲ့ တွန်းအားဖြစ်စေခဲ့ပြီး စစ်ပွဲလွန်မြောက်တဲ့အခါမှတော့ ဒီစနစ်ကို ပြန်စွန့်လွှတ်ခဲ့တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

-

စစ်မှုမထမ်းမနေရစစ်မှုထမ်းစေခြင်း ဆိုတာကတော့ ပြည်သူများကို စစ်မှုထမ်းအဖြစ် စာရင်းသွင်း ဝင်ရောက်ရန် နိုင်ငံတော်ကသတ်မှတ်ပြဋ္ဌာန်းပေးတဲ့ စစ်မှုထမ်းတာဝန်ပဲဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရစစ်မှုထမ်းစေခြင်းဟာ ရှေးယခင်ကတည်းကရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများစုမှာ ယနေ့ခေတ်အထိ အမည်အမျိုးမျိုးနဲ့ ဆက်လက် တည်ရှိနေတာပဲဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအများစုမှာ ထပ်တူနီးပါးကျတဲ့ လူငယ်တွေအတွက် အမျိုးသားစစ်မှုမထမ်းမနေရစနစ် ဟာဆိုရင် ၁၇၉ဝ ပြည့်နှစ်များအတွင်းဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ် ပါတယ်။ အခုနောက်ပိုင်းဆိုရင် ဥရောပနိုင်ငံအများစုဟာ ငြိမ်းချမ်းတဲ့အချိန်တွေမှာတောင် အဲ့ဒီ စနစ်ကို ပုံတူကူးကျင့်သုံးခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။

-

ဒီစနစ်ကျင့်သုံးတဲ့နိုင်ငံအရေအတွက်ဟာ လေ့လာတဲ့အပေါ်မှာ မူတည်ပြီးတော့ အရေ အတွက်အားဖြင့် ကွဲလွဲနိုင်ပါတယ်။ https://www.thesoldiersproject.org အင်တာနက်စာမျက် နှာမှာ ဖော်ပြထားချက်အရဆိုရင် ကမ္ဘာ့နိုင်ငံ ၄၉ နိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ်ကျင်းသုံးတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အာဆီယံ ဒေသတွင်းနိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ နဲ့ဗီယက်နမ်တို့ပဲ ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေကတော့ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကို၊ ကာတာ၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား၊ ယူအေအီး စတဲ့နိုင်ငံတွေဘဲဖြစ်ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေကတော့ အာမေးနီးယား၊ အီရန်၊ အစ္စရေး၊ ကာဇတ်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တာဂျီကစ္စတန်၊ တာကမင့်နစ္စတန်၊ ဥစဘက်ကစ္စတန် စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ကတော့ ဩစတြီးယား၊ ဘီလာရုစ်၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ဂျော်ဂျီယာ၊ ဂရိ၊ လစ်သူအေးနီးယား၊ မော်ဒိုဘာ၊ နော်ဝေ၊ ဆွီဒင်၊ တူကီယဲ၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ ကျင့်သုံးတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

-

ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံအများစုဟာ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့၊ ကိုယ့်နိုင်ငံရဲ့ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲဖို့၊ ကိုယ့်နိုင်ငံမပြိုကွဲဖို့အတွက် တပ်မတော်ရဲ့အင်အားကို တည်ဆောက် ကြရပါတယ်။ ဒီလိုတည်ဆောက်ကြတဲ့အခါမှာလည်း နိုင်ငံရဲ့ဓနအင်အား၊ နိုင်ငံရဲ့လူဦးရေ စတာ တွေပေါ်မှာမူတည်ပြီးတော့ ဆန္ဒအလျောက်စစ်မှုထမ်းစေတဲ့စနစ်နဲ့ စစ်မှုမထမ်းမနေရစနစ်တို့ကို ရွေးချယ် ကျင့်သုံးကြတာရှိသလို ပူးတွဲကျင့်သုံးကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံဟာဆိုရင် ဆန္ဒအလျောက်စစ်မှုထမ်း စေတဲ့စနစ်နဲ့ စစ်မှုမထမ်းမနေရစနစ်တို့ကို ပူးတွဲကျင့်သုံးနေတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေရှိခဲ့ပေမဲ့လည်း ဆန္ဒအလျောက်စစ်မှုထမ်းစေတဲ့စနစ်ကိုဘဲ ဦးစားပေးကျင့်သုံးခဲ့ပြီး ယနေ့နိုင်ငံတော်ရဲ့ လိုအပ်ချက် အရဒီစနစ်နှစ်ခုကို အတိုင်းအတာတစ်ခုအထိ ပူးတွဲ ကျင့်သုံးသွားမယ့်သဘော တွေ့ရပါတယ်။ နိုင်ငံတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ပေးသလိုဘဲ နိုင်ငံသားများအနေနဲ့လည်း မိမိတို့အပေါ် ကျရောက်လာတဲ့ နိုင်ငံတာဝန်တွေကိုထမ်းဆောင်ကြရမှာပဲဖြစ်ပါတယ်။

-

ဒီနေရာမှာတစ်ခုပြောလိုတာက ဥပဒေအရ ဆင့်ခေါ်ခြင်းခံရတဲ့အခါမှာ မှန်မှန်ကန်ကန် စာရင်းသွင်းကြပါ။ စာရင်းသွင်းထားတိုင်းလည်း စစ်မှုထမ်းရမယ်လို့ မဆိုလိုပါဘူး။ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေကို ရရှိကြမှာဖြစ်သလို နည်းမျိုးစုံနဲ့ ရှောင်လွှဲဖို့ ကြိုးစားမယ်ဆိုရင်တောင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၈ အရ ဘယ်လိုမှလွတ်မြောက်ခြင်း မရှိနိုင်ဘူးဆိုတာကို ပြောလိုပါတယ်။ နိုင်ငံတော်အတွက် တာဝန်ကျလာတဲ့အခါ တာဝန်ကျေကြဖို့ဆိုတာကိုဘဲ တိုက်တွန်းပြော ကြားလိုပါတယ်။ နိုင်ငံတော်က လိုအပ်လာလို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ဖို့ နိုင်ငံတော် အတွက် တာဝန်ကျေတဲ့ စစ်သည်တော်တစ်ဦးအဖြစ် စာရေးသူနဲ့အတူတွေးကြည့်ပြီး ရင်ခုန်ခံစား ကြည့်ကြပါစေကြောင်း-------။

မင်းခန့်ကျော်(ဥပဒေ)

2 Comments

Previous Post Next Post