ကျေးဇူးကန်း ရခိုင်တွေ ဖတ်ဖို့

Views

 




ရခိုင်သမိုင်းအမှန် (၂)

°°°°°°°°°°°°°°°°°°

ဘိုးတော်ဘုရားကြီး ဗဒုံမင်း (အေဒီ ၁၇၈၂ - ၁၈၁၉) ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲ ????

-

ဘိုးတော်ဘုရားကြီး ဗဒုံမင်းဟာ သားတော် အိမ်ရှေ့ ဥပရာဇာကို ဦးဆောင်စေပြီး ရခိုင်ဒေသသို့ ဘာကြောင့် တပ်တော်လွှတ်သလဲဆိုတာ ရှင်းလင်း မြင်သာစွာသိဖို့ အဲဒီကာလ ရခိုင်ဒေသရဲ့ နိုင်ငံရေး အခြေအနေကို သိဖို့ လိုအပ်ပါတယ်။ ဘိုးတော်ဗဒုံမင်း နန်းမတက်မီ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ မြေဒူးမင်း ခေါ် ဆင်ဖြူရှင်မင်းတရားကြီး (အေဒီ ၁၇၆၃ - ၁၇၇၆) နတ်ရွာစံဖို့ တစ်နှစ်အလို အေဒီ ၁၇၇၅ က စပြီး ရခိုင်ဒေသရဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရအောင်။

-

ယင်း အေဒီ ၁၇၇၅ ဆိုတာ ဘိုးတော် ဗဒုံမင်း နန်းမတက်မီ ၇ နှစ်အလို ယင်းကာလ ကတည်းက ရခိုင်ဒေသဟာ နိုင်ငံရေး အုပ်ချုပ်ရေး တည်ငြိမ်မှု မရှိတော့ဘဲ သူတစ်လူ ငါတစ်မင်းဖြစ်ကာ ဒေသတွင်း နန်းလုစစ်ပွဲများဖြစ်ပွားပြီး ရခိုင်သား ပြည်သူအများစု ဒုက္ခကြီးကျချိန် ဖြစ်တယ်။

-

အေဒီ ၁၇၇၅ ဖေဖေါ်ဝါရီမှာ အေဒီ ၁၇၇၃ ကတည်းက ပုန်ကန်တဲ့ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းတို့ မြောက်ဦးနန်းတော်က တိုက်တာ မနိုင်ဘူး။ မာန်အောင်သား ရမ်းဗြဲသား တို့သာ နိုင်တယ်။

(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁)

-

အေဒီ ၁၇၇၅ မေလ ၅ စံရွှေပေါ် ဆိုတဲ့ ရခိုင်သားကပဲ မြောက်ဦး ရွှေနန်းတော်ကြီးကို မီးနဲ့တိုက်နိုင်တဲ့အထိ သောင်းကျန်းတယ်။ ရခိုင်သားချင်း ပုန်ကန် မီးရှို့လို့ ပြာကျသွားတဲ့ မြောက်ဦးနန်းတော်ကို အေဒီ ၁၇၇၅ မေ ၈ ရက်နေ့မှာ ပြန်ဆောက်ရတယ်။ ပုန်ကန် မီးရှို့သူတွေကို ဖမ်းမိပြီး သတ်တယ်။

(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁၊ ၁၃၂)

-

အေဒီ ၁၇၇၅ စက်တင်ဘာလမှ စစ်တွေကျွန်းက ကုလားတွေ ပုန်ကန်ပြီး မြောက်ဦး နန်းတော်အထိ ဝင်တိုက်တယ်။ အခြေအနေက ဘယ်လောက်တောင် ဆိုးတုန်းဆိုတော့ မြောက်ဦးနန်းတော်မှာ သက်တော်စောင့် သူရဲသူခက်တောင်မရှိလို့ ဘုရင်က ကိုယ်လုပ်မောင်းမတွေကို ခုခံတိုက်ခိုက်ခိုင်းရတယ်။ ဆရာတော် ဝိနည်းဓိုရ်က ဗဟုစရ ရဟန်းတွေကို လွှတ်ပြီး ကုလားတွေကို တိုက်ခိုင်းရတဲ့ အဖြစ်အထိ အခြေအနေ ဆိုးရွားတယ်။ ရဟန်းတွေ တိုက်လို့ နိုင်လို့ ကုလားတွေ စစ်တကောင်း ဘက်ကို ထွက်ပြေးတယ်။

(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက်၊ နှာ ၁၃၂)ကြည့်ပါ။

-

အေဒီ ၁၇၇၅ တစ်နှစ်ထဲမှာကို ဒေသတွင်း ပုန်ကန်ဆူပူမှုတွေ များလွန်းလို့ နန်းတော်မီးလောင်တဲ့အထိ၊ ဘုန်းကြီးတွေပါ စစ်ဝင်တိုက်ရတဲ့အထိ ရခိုင်နိုင်ငံရေးဟာ ရှုပ်ထွေး ဆူပူခဲ့တယ်။ ပြည်မ ဗဟိုနန်းတော်က နိုင်ငံရေးအခြေအနေကို ကြည့်ရင် အေဒီ ၁၇၇၆မှာ ယိုးဒယားနိုင်၊ တရုတ် (မန်ချူး)နိုင် ဆင်ဖြူရှင်မင်းတရားကြီး နတ်ရွာစံပြီး သူ့သားတော် စဉ့်ကူးမင်း (အေဒီ ၁၇၇၆ - ၁၇၈၂) နန်းတက်ပြီး အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဖောင်းကားစား မောင်မောင် နန်းလုပေမယ့် ၇ရက်သာ နန်းစံရတယ်။ အဲဒီနောက် အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီမှာ၁၁ မှာ ဖောင်းကားစား မောင်မောင်၊ ဖေဖေါ်ဝါရီ ၁၄ မှာ စဉ့်ကူးမင်းကို ထုံးစံအတိုင်း စီရင်ပြီး ဘိုးတော် ဗဒုံမင်း နန်းတက်လာတာ ဖြစ်တယ်။

-

ရခိုင်ဒေသမှာလဲ ဆင်ဖြူရှင် နတ်ရွာစံတဲ့ အေဒီ ၁၇၇၆ ကနေ ဘိုးတော် နန်းတက်တဲ့ အေဒီ ၁၇၈၂ အထိ နိုင်ငံရေး အခြေအနေဟာ ပိုမိုကောင်းမွန်မလာဘဲ ပိုမို ရှုပ်ထွေး ဆူပူသောင်းကျန်းမှုများသာ ပြည့်နှက်နေ တယ်။ (အကျယ်ကို ဓညဝတီအရေးတော်ပုံ၊ ရခိုင်ရာဇဝင်သစ်၊ ဒေါက်တာအေးချမ်း ရခိုင်သမိုင်းမိတ်ဆက် တို့တွင် ရှု)

-

ပြည်မ ဗဟိုနန်းတော်မှာ ဆင်ဖြူရှင်နတ်ရွာစံတဲ့ အေဒီ ၁၇၇၆ နောက် သားတော် စဉ့်ကူးမင်းလက်ထက်အေဒီ ၁၇၇၇ မှာ ရခိုင်ဒေသ နိုင်ငံရေး အခြေအနေဟာ အဆိုးဆုံး ဖြစ်ခဲ့တယ်။ ယင်း ခရစ်နှစ် အေဒီ ၁၇၇၇ မှာ နန်းကျတဲ့ စန္ဒသုမန ခေါ် စန္ဒသုမနရာဇာ အကြောင်းကို ဓညဝတီ အရေးတော်ပုံမှာ ဖေါ်ပြထားတာကို ကြည့်ပါ။ စန္ဒသုမနမင်းဟာ ရခိုင်မင်းရိုးမဟုတ်ပဲ သူ့ရှေ့က အဘယမဟာရာဇာကို ပုန်ကန်နန်းလုပြီး တက်လာတဲ့ သက်လူမျိုး ဓားပိုင်ကြီး ငသောက်ကြယ် ဖြစ်တယ်။

-

ထို သုနမမင်းသည် မင်းကြမ်း၊ မင်းယုတ်၊ အကျင့်မကောင်း၊ အမျိုးမစောင့်၊ ပညာရှိကို မသုံး၊ ရှေးပညာရှိ မှူးကောင်းမတ်ကောင်းတို့ကို နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ် တာကြောင့် ထွက်ပြေးကြရတယ်။ ရှေးမင်းတို့ ဖွဲ့ခဲ့တဲ့ သူရဲအစို့အငန်း ကိုယ်ရံတော်တို့ကိုလည်း အစို့ဖျက်ပြီး အသည်သား ဖြစ်စေတယ်။

-

အဲဒီလို တရားလွန်ပြုလုပ်တာကြောင့် အေဒီ ၁၇၇၇ မှာ အမတ်ပိုးရွှေက ပုန်ကန်ပြီး စန္ဒဝိမလမင်း ဘွဲ့အမည်ခံကာနန်းတက်လာတာ ဖြစ်တယ်။ (ဓညဝတီအရေးတော်ပုံ၊ နှာ ၉၃၊ ၉၅၊ ရာပြည့်ထုတ်)

-

ယင်းမင်းဟာ ပုန်ကန်မှုတွေကို စစ်တိုက်ရင် ပြည်သူအများ သေကြေကြမှာ စိုးတာကြောင့် နန်းတက်ပြီး ရက်လေးဆယ် အကြာမှာ ရဟန်းပြုသွားတယ်။ ပုန်ကန်သူတွေထဲက တောင်စဉ်သား ပဆိန်သည် အောင်စုံဟာ အလွယ်တကူပဲ နန်းတက်ပြီး ဓမ္မရာဇ်ရာဇာ (စန္ဒတိဿရာဇာ) (အေဒီ ၁၇၇၇ - ၁၇၈၂ ) ဘွဲ့ခံယူတယ်။

-

ယင်း ဓမ္မရာဇ်ရာဇာ (ခ) စန္ဒတိဿရာဇာ ဟာ အေဒီ ၁၇၈၂ မှာ သေလွန်ပြီးနောက် သူ့ တူမရဲ့ ခင်ပွန်းဟာ မဟာသမ္မတရာဇာ အမည်နဲ့ နန်းတက်တယ်။ မြောက်ဦးရဲ့ နောက်ဆုံးမင်း မဟာသမ္မတမင်းဆိုတာ သူပဲ ဖြစ်တယ်။ အဲဒီကတည်းက ရခိုင်မင်းရိုး ပြုတ်ခဲ့ပြီးဖြစ်တယ်။ ဓညဝတီ အရေးတော်ပုံ နှာ ၉၇ မှာ အောင်စုံဟာ မင်းရိုး၊ မှူးမတ်ရိုး မဟုတ်ဘဲ ပက်ကျိကိုစားသည့် ကမ်းယံဘလဲမျိုးလို့ ဖေါ်ပြထားပါတယ်။

-

မြောက်ဦးရဲ့ နောက်ဆုံးမင်း နှစ်ပါး ဖြစ်တဲ့ သူတို့ လက်ထက်မှာ ပြည်သူအပေါင်းတို့ မီးကဲ့သို့ပူကြပြီး သောင်းကျန်းတိုက်ခိုက် လုယက် ဖျက်ဆီး သူတစ်လူ ငါတစ်မင်း ဆူပူကြတယ်။

-

ငကြည့်ထောင့် အရပ်မှာ ဓားမနိုင် ဆိုသူ ၊ ရိုးကျွန်းမှာ ကုလား ငရွှေစာ၊ ပိန်းနဲချောင်းမှာ ကောင်းညွှန့်ရန်တိုင်၊ ကြပ်စင်ကျွန်းမှာ ငသံတွေ၊ ဒန်လွဲ အရပ်မှာ ကျော်ထွေ၊ မာန်အောင်ကျွန်းမှာ သတိုးဖြူ စသဖြင့် အချင်းချင်း မညီညွတ်ကွဲပြီး သောင်းကျန် ပုန်ကန် လုယက် တိုက်ခိုက်ကြတယ်။ (ဓညဝတီ၊ နှာ ၉၈)

-

ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှု အားနည်းပြီး ကြည်းကြောင်း ရေကြောင်း သွားလာသူတို့ အချင်းချင်း နိုင်ထက်စီးကဲ ပြုပြီး ရွှေငွေဥစ္စာ တို့ကို လုယူကြတယ်။ တစ်ရွာနှင့်တစ်ရွာ ဓားပြတိုက်ကြတယ်။ ဥစ္စာရွှေငွေ၊ ဆွေမျိုးအင်အားကောင်းသူများက ပြည်သူများကို နှိပ်စက်ကြတယ်။ ကျား၊ မိချောင်း၊ တိရိစ္ဆာန်တို့လည်း ရဲ ကြပြီး ပြည်သူတို့ ဒုက္ခရောက်ကြတယ်။

(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်း မိတ်ဆက် နှာ ၁၄၂၊ ရခိုင်ရာဇဝင်သစ်)

-

ဒီနေရာမှာ ရခိုင်ရာဇဝင်တွေ အပါအဝင် မြန်မာရာဇဝင်ကျမ်းများမှာ မပါတဲ့ အချက်ကို ဆရာကြီး ဦးလှထွန်းဖြူ တည်းဖြတ်တဲ့ မစ္ဇျိမဒေသ အရေးတော်ပုံကျမ်းမှာ ဖေါ်ပြထားပါတယ်။

-

မကြာသေးမီက ကွယ်လွန်သွားတဲ့ ဆရာကြီးဦးလှထွန်းဖြူဆိုတာ ရခိုင်သား စစ်စစ်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ တွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန မေဂျာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် (၂၀၀၈) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။

-

ယင်း မစ္ဇျိမဒေသအရေးတော်ပုံကျမ်း ဌာ ချပ်မှာ (နိုင်ငံရေး အခြေအနေ အလွန်ဆိုးရွားပြီး ပြည်သူများ ဒုက္ခရောက်ကြတာမို့) ရခိုင်အမတ်ကြီး တစ်ဦးဖြစ်တဲ့ ဓားပိုင်ကြီး ငသံတွေနှင့် မိတ်ဆွေများက ဘိုးတော်ဘုရားထံ စစ်ပန် (စစ်ရေးအကူအညီ တောင်းခံ) ခဲ့ကြခြင်း ဖြစ်ပါတယ်။

-

ဘာလို့ စစ်ပန် (စစ်တပ်လွှတ်၍ သိမ်းယူရန် ပန်ကြား) ရသလဲဆိုတာ သုံးသပ်ရရင် ...

ရခိုင်ပြည်နယ် အခြေအနေဟာ အထက်ဖေါ်ပြပါအတိုင်း အဆိုးဝါးဆိုး ဖြစ်နေရုံတင်မက ဘင်္ဂလား ကုလားတို့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ ဘင်္ဂလားနယ်ကို မွတ်စလင် ကုလားတို့ သိမ်းပြီးတဲ့နောက်မှာ ရှေးယခင် ဝင်္ဂတိုင်းခေတ်၊ ပါလခေတ် တင်မက သူတို့ မသိမ်းမီ ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနိက ဆိုင်ရာတွေကို ဖျက်ဆီး၊ ငဇင်ကာကဲ့သို့ ခေါင်းလောင်း ဘုရားဆင်းတုများကိုပါ အရည်ကြိုပြီး အမြောက်သွန်း နေပါပြီ။

-

ရခိုင်ကိုသာ ဘင်္ဂလားမှ မွတ်စလင်ကုလားတွေ သိမ်းလိုက်ရင် ရခိုင်သားတို့ အခြေအနေတင်မက ဗုဒ္ဓသာသနာပါ အဆိုးဆုံး ဖျက်ဆီးခံရမှာ ဖြစ်ပါတယ်။

-

စကားပမာ ဆိုရရင် ဘင်္ဂလားထဲက ခေါင်းလောင်း၊ ဘုရားဆင်းတုတော်တွေတောင် အရည်ကြိုခံရတာ ဘိုးတော်ဘုရားသာ အချိန်မီ ရခိုင်ကို မရောက်ပဲ ဘင်္ဂလားကုလားသာ လက်ဦးခဲ့ရင် မဟာမုနိကြီးပါ ကုလားက အရည်ကြို အမြောက်သွန်းပစ်မယ့် အခြေအနေပါ။

-

ဒါကြောင့် ဘိုးတော်ဘုရားရဲ့ အိမ်ရှေ့ဥပရာဇာရဲ့ တပ်ဟာ လောင်းကြက်မြို့ဟောင်းမှာ တပ်တည် တပ်စွဲနေတဲ့ အချိန် ရခိုင်ပြည်သူအများဟာ တိုင်းကားပြည်ရွာ စည်ပင်သာယာအောင် ပြုလုပ်မယ့် မင်းကောင်းမင်းမွန် ရောက်လာပြီဆိုပြီး အလွန်ဝမ်းသာ ရွှင်လန်းကာ ကခုန်ပျော်ပါး အောင်သေအောင်သား စားသောက်ကြတယ်လို့ ရခိုင်ရာဇဝင်သစ်နဲ့ ဒေါက်တာအေးချမ်းရဲ့ ရခိုင်သမိုင်းမိတ် ဆက် (နှာ ၁၄၇) တို့မှာ ဖေါ်ပြကြပါတယ်။

-

ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်သူအများစုဟာ လက်ရှိရခိုင်မင်းကို စိတ်ပျက်နေကြပြီး ပြည်မက တပ်များကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြကြောင်း ပေါ်လွင်နေပါတယ်။ ရခိုင်ပြည်သူတွေကိုယ်တိုင်က လိုလားတယ်ဆိုတာ ထင်ရှားနေပါတယ်။

-

ဒါကြောင့် “သာသနာ့ ဒါယကာ လောင်းလျာမှန်သော တရားမင်းမြတ် (ဘိုးတော် ဗဒုံမင်း) သည် ဝေနေယျ သတ္တဝါ အပေါင်းတို့အား သနားကရုဏာ မေတ္တာတော်သက်ခြင်း၊ ဂရုဓမ္မဖြင့် (တရားသဖြင့် ကူညီစောင့်ရှောက် လိုသဖြင့်) သိမ်းပိုက် မစတော်မူလို၍ အလောင်းမင်း အိမ်ရှေ့နန်းလျာသားတော်အကြီးကို အုပ်ချုပ် စေလျက် . . .၊ . . . ၊ သက္ကရာဇ် တစ်ထောင့်တစ်ရာ လေးဆယ်ခြောက်ခု (အေဒီ ၁၇၈၄)တွင် ရက္ခပူရတိုင်း၊ ဓညဝတီ အမည်ရှိသော မြောက်ဦးရွှေပြည်တော်ကြီးကို သိမ်းပိုက်တော်မူသည်” လို့ ဓညဝတီအရေးတော်ပုံ နှာ ၉၈မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

-

ဒီအပိုင်းကို နိဂုံးချုပ်ရရင် ရခိုင်ဒေသရဲ့ မတည်ငြိမ်မှု၊ သူတလူငါတမင်း ဆူပူသောင်းကျန်းမှုများ၊ ကြီးနိုင်ငယ်ညှင်း ပြဿနာများ၊ ပြည်သူများ ဆင်းရဲဒုက္ခကြီးမားမှုများ၊ ပြည်ပ ဘင်္ဂလားကုလားတို့ရဲ့ အန္တရာယ်တို့ကြောင့် ရခိုင်သားအမတ်ကြီးနှင့်အဖွဲ့ လာရောက်စစ်ပန်မှုကြောင့် ရခိုင်ဒေသကို ဘိုးတော်ဘုရားဟာ စစ်တပ်လွှတ်သိမ်းပိုက်ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်သူများ တည်ငြိမ်အေးချမ်း ရေးတို့ကို ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

-

ဒေသစွဲ လူမျိုးရေး အစွန်းရောက်များ၊ ခွဲထွက်ရေးသမားများ ဝါဒဖြန့်သလို မတရားအနိုင်ကျင့် သိမ်းပိုက်တာ မဟုတ်ပါလေ။ မိမိပိုက်နက်အတွင်းမှ ဒေသတစ်ခု ထိုခေတ်အခါက စနစ်အတိုင်း အုပ်ချုပ်မှု စီမံခန့်ခွဲခြင်း တစ်ရပ်သာ ဖြစ်ပါကြောင်း။



#စျာန်သစ်အောင်



ကျမ်းကိုး။ ။

ဓညဝတီအရေးတော်ပုံ - ကဝိသာရာဘိ သိရီပ၀ရ အဂ္ဂမဟာ ဓမ္မရာဇာဓိ ရာဇာဂုရု ရခိုင်ဆရာတော်၊ (မြန်မာမင်းများ အရေးတော်ပုံ၊ အရေးတော်ပုံ (၆) စောင်တွဲ)

ရခိုင်ရာဇဝင်သစ် - အရှင်စန္ဒမာလာလင်္ကာရ (ပ၊ဒု ပေါင်းချုပ်)

မစ္ဇျိမဒေသ အရေးတော်ပုံကျမ်း - တည်းဖြတ်၊ (ဦး) လှထွန်းဖြူ၊

(သမိုင်းတွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန ပါမောက္ခ (၂၀၀၈)၊ ရန်ကုန်တက္ကသိုလ် (ငြိမ်း))၊ ၁၉၉၂ မဟာဝိဇ္ဇာကျမ်း

ရခိုင်သမိုင်း မိတ်ဆက် - ဒေါက်တာအေးချမ်း (ရက္ခဝံသ ရက္ခိတ)



စာကြွင်း။ ။ အောက်သားတွေ လိုရာဆွဲရေးနေတယ် ပြောမှာစိုးလို့ ရခိုင်ရာဇဝင်၊ ရခိုင်ဆရာတွေ ရေးတဲ့ ကျမ်းများမှသာ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။

3 Comments

  1. အရမ်းကောင်းတဲ့သမိုင်းပါ။သမိုင်း အမှန်တွေကို မသိရတော့ ဟိုလူပြောမှန်နိုးနိုး၊ သည်လူပြောမှန်နိုးနိုး၊နဲ့ သူလိုရာ ဟုတ်နိုးနိုးနဲ့ ဉာဏ်မရှိသူတွေကို စည်းရုံးအမြတတ်ထုတ်ခံနေကြတာ။
    အဲ့သူပုန်ခေါင်းဆောင်တွေ သူတို့တိုင်းရင်းသားအကျိုးဆောင်ရွက်တယ် ဆိုပြီး ဘယ်စစ်ပွဲမှသူတို့ အမျိုးတွေမသေကြသလို၊ စစ်ရှုံးပြီဆိုရင် ငြိမ်းချမ်းရေး၊ပြီးရင် အင်အားစု လွတ်မြောက်ရေးဆို ပြန်တိုက်ခိုင်း လူတွေကိုသေခိုင်း သံသရာ လည်နေတယ်

    ReplyDelete
  2. ကောင်းတယ်ဆိုတာထက်
    စာစုံတယ်လို့ပြောချင်ပါတယ်

    ReplyDelete
  3. ကျေးဇူးပါ ခင်ဗျ ခုလိုရေးပေးတာကို

    ReplyDelete
Previous Post Next Post