Views
ရခိုင်သမိုင်းအမှန် (၁)
°°°°°°°°°°°°°°°°°
၁၅-၁-၂၀၁၈၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၂၃ နှစ်မြောက် အခမ်းအနားမှာပြောကြားခဲ့တဲ့ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့ စကားများဟာ သမိုင်းအထောက်အထားများအရ မှားယွင်းနေပါတယ်။
-
(၁) - ရခိုင်သားများဟာ အစဉ်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေလာကြပြီး ဘိုးတော် ဗဒုံမင်း လက်ထက်ရောက်မှ အချုပ်အခြာအာဏာကျဆုံးပြီး ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကား ဟာလည်း အလုံးစုံမှန်တဲ့ စကားမဟုတ်ပါဘူး။
(၂) - ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတာ ၂၂၃ နှစ်မြောက်ရှိပြီဆိုတဲ့စကားဟာလည်း သမိုင်း အထောက်အထားများအရ မှန်ကန်ခြင်း မရှိပါဘူး။
(၃) - ဗမာများအနေဖြင့် ရခိုင်သားများကို ဗမာ့ကျွန်အဖြစ်လောက်သာထားရှိပြီး တန်းတူအခွင့်အရေး မပေးကြောင်း ဆိုတာလဲ မှားယွင်းပါတယ်။
-
ဘာကြောင့်မှားယွင်းတယ်ဆိုတာ သမိုင်းအထောက်အထားများနဲ့ ဆက်လက်တင်ပြပါမယ် ။။။။။
(အထက်ပါ အချက် (၁) နဲ့ (၂) ဟာ သမိုင်းကြောင်းနဲ့ ဆိုင်တာမို့ သမိုင်းကြောင်း အမှန်ကို တင်ပြပါမယ်။)
-
ရခိုင်ရာဇဝင်များကို ကြည့်ရင် ... ရခိုင်မင်းတွေကို သာကီဝင်မင်းဆက်များအဖြစ် ဖေါ်ပြကြပြီး ရခိုင်သား ပြည်သူလူထု အများစုရဲ့ သမိုင်းကြောင်း မပါဝင်ပါဘူး။ ဒါလည်း မထူးဆန်းပါ။ ရာဇဝင်ဆိုတာ ရာဇဝံသဖြစ်လို့ မင်းတွေ အကြောင်းပဲ ရေးတဲ့ကျမ်းဖြစ်နေလို့ပါ။
-
ဒါဆို .. ရခိုင်သားများရဲ့ သမိုင်း၊ ရခိုင်ပြည်သူလူထုအများစုရဲ့ သမိုင်းကို ဘာနဲ့ ပြောမလဲ ?
ကိုလိုနီခေတ်က တင်သွင်းခဲ့တဲ့ တရုတ်ပြည်က ဆင်းလာတယ်ဆိုတဲ့ migration theory ဟာလည်း ဘာအထောက်အထားမှ မရှိသလို၊ ရခိုင်ရာဇဝင်များနဲ့ ကိုက်ညီခြင်းမရှိ၊ ဘယ်ရခိုင်သားမှလဲ လက်မခံ၊ ခေတ်သစ် သီအိုရီများအရ မှန်ကန်ခြင်းလဲ မရှိတော့ပါဘူး။
-
ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ ဖုံးကွယ်ထားတဲ့ကျမ်းများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရခိုင်သားတွေ ဘယ်က လာတာလဲဆိုတာ ဇဗ္ဗူကွန်ချာ ကျမ်းမှာ ပါဝင်ပါတယ်။ အဲဒီကျမ်းဟာ ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ လုံးဝ ဖုံးကွယ်ထားတဲ့ကျမ်းပဲ ဖြစ်ပါတယ်။
-
ယင်းကျမ်းမှာ ဗုဒ္ဓမပွင့်မီခေတ် ဗြဟ္မာခေါ် ပျူတို့ရဲ့ ဟံသာနာဂရ ဟံလင်း၊ ရတနာပူရ သုနာပရန္တ ပြည်ကြီး ပျက်တဲ့အခါ သုံးစုကွဲပြီး ရခိုင်ဓညဝတီ ဖြစ်လာမယ့် တစ်စု၊ တနင်္သာရီ ဖြစ်လာမယ့် တစ်စု၊ ထားဝယ်သား ဖြစ်လာမယ့် တစ်စု စသဖြင့် ဟံလင်း၊ ရတနာပူရ၊ သုနာပရန္တမှ ရွှေ့ပြောင်းသွားကြသူများ ဖြစ်ပါတယ်။
-
ဇဗ္ဗူကွန်ချာ ကျမ်းနှင့် စေတိယကထာအရ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်တွင် ကျန်နေသူ ဗြဟ္မာတွေကို ပျူလို့ ခေါ်ပြီး နောင်အခါ မြန်မာ(ဗမာ)လို့ ခေါ်ကြကာ ကမ်းရိုးတန်းတစ်လျှောက်ရံပြီး နေသူတွေကို ကမ်းယံလို့ ခေါ်ကြပါတယ်။ အဲဒီ ကမ်းယံတွေကိုပဲ နေထိုင်ရာ ဒေသအလိုက်
* ရခိုင်ဒေသမှာ နေသူကို ရခိုင်သား၊
* ထားဝယ်မှာနေသူကို ထားဝယ်သား၊
* တနင်္သာရီမှာ နေသူကို တနင်္သာရီးသား၊
* မြိတ်မှာနေသူကိ မြိတ်သား
စသဖြင့် ခေါ်ကြတာ ဖြစ်ပါတယ်။
-
ရခိုင်ဟာ ဗမာနဲ့မတူတဲ့ သီးခြားလူမျိုး၊ သီးခြားနိုင်ငံဆိုတာ ခွဲထွက်လိုသူတွေရဲ့ လုပ်ဇာတ်သာ ဖြစ်ပြီး ရခိုင်ဟာ ဗမာ(မြန်မာ)လူမျိုးသာ ဖြစ်ပြီး ရခိုင်မြို့ပြနိုင်ငံ (city state) တွေဆိုတာလည်း ခေတ်အဆက်ဆက် ပြည်မရဲ့ လက်အောက်ခံ၊ ပြည်ထောင်စုအတွင်းက မြို့ပြများသာဖြစ်ပြီး ဗမာ (မြန်မာ) နဲ့ မတူညီတဲ့ သီးခြား လွပ်လပ်တဲ့နိုင်ငံ၊ သီးခြား လွတ်လပ်တဲ့ လူမျိုး တစ်မျိုး မဟုတ်ပါဘူး။
-
ပျူခေတ်နှင့်ရခိုင်ဒေသ
°°°°°°°°°°°°°°°°°°
ပျူခေတ်မှာ ရခိုင်ဒေသဟာ သရေခေတ္တရာရဲ့ လက်အောက်ခံဖြစ်ပါတယ်။ အထောက်အထားကတော့ သရေခေတ္တရာ ဘုရားထောင်တွေ့ အတိတျာမင်း ကျောက်အိုးစာဖြစ်ပါတယ်။ ယင်း ကျောက်အိုးစာမှာ သရေခေတ္တာ အင်ပါယာကြီးက ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံပေါင်း တစ်ရာကျော် ရေးထိုးထားပြီး တစ်ရာ့တစ်ပါးသော မင်းတို့ရဲ့ဘုရင်၊ ရာဇာဓိရာဇာဆိုတာ အဲဒါကို ပြောတာပါ။
-
ယင်းကျောက်အိုးစာမှာ သရေခေတ္တရာရဲ့ ပိုင်နက် ကမ်းယံတိုင်းလို့ ရေးထိုးထားပါတယ်။ ဒါကြောင့် ပျူခေတ်မှာ ရခိုင်ဒေသဟာ သရေခေတ္တရာရဲ့ လက်အောက်ခံဖြစ်ပါတယ်။ ဒါဟာ နှိမ်ပြီးပြောတာမဟုတ်သလို ကမ်းယံဒေသဟာ ပျူရဲ့ ကျွန်လို့ ပြောတာလဲ မဟုတ်ပါဘူး။
-
သာဓကဆိုရရင် ... ယနေ့ခေတ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မကွေး စတာတို့ဟာ နေပြည်တော်အစိုးရရဲ့ လက်အောက်မှာပေမယ့် နေပြည်တော်ရဲ့ ကျွန်မဟုတ်ပါဘူး။ ပြည်ထောင်စု တစ်ခုရဲ့ အစိတ်အပိုင်းတွေလို့ ပြောနေတာ ဖြစ်ပါတယ်။
-
ပုဂံခေတ်နှင့် ရခိုင်ဒေသ
°°°°°°°°°°°°°°°°°°°°
ပုဂံခေတ်မှာလဲ ကမ်းယံတိုင်းခေါ် ရခိုင်ဒေသဟာ ပုဂံအင်ပါယာ အတွင်းမှာ ပါဝင်ပါတယ်။ အနော်ရထာမင်း လက်ထက် နိုင်ငံအကျယ်အဝန်းကို ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းမှာ အနောက်သို့လားသော် ပဋိက္ကရား ခေါ်သော ကုလားပြည် နယ်စပ်အထိလို့ ဖေါ်ပြထားပါတယ်။ အဲဒီ ပဋိက္ကရားပြည်ဆိုတာ ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်ကိုတောင်ကျော်ပြီး စစ်တကောင်းမြို့ မြောက်ဘက်၊ ယခုခေတ် comilla မြို့ အရှေ့ဘက်၊ ရှေးခေတ် Tipperah ဒေသကို ပြောတာပါ။
-
အထောက်အထား ခေတ်ပြိုင်ကျောက်စာတော့ ဓမ္မရာဇိက ကျောက်စာဖြစ်ပါတယ်။ ဒီကျောက်စာမှာ ပုဂံနိုင်ငံရဲ့ အကျယ်အဝန်းကို ဖေါ်ပြတဲ့နေရာမှာ ရခိုင်အကြောင်းပဲ တင်ပြပါမယ်။ အဲဒီမှာ ပုဂံအင်ပါယာရဲ့ အကျယ် အနောက်ဘက်ကို “အနောက်ကား သစ္စကရိ၊ ဝရာတောင်၊ … ။ ပတိက္ကရား၊ တိက္ကစရ” လို့ ဖေါ်ပြထားလို့ အထက်က အနော်ရထာပိုင်နက်ကို သက်သေပြုတဲ့ ကျောက်စာပါ။
-
အဲဒီ ပတိက္ကရား၊ တိက္ကစရ ဆိုတာ ဂင်္ဂါမြစ်ဝမှာရှိပြီး ရခိုင်ကို ကျော်လွန်ကာ ယနေ့ခေတ် ဘင်္ဂလားနယ်ထဲ အထိ ပုဂံအင်ပါယာက ပိုင်ဆိုင်ကြောင်း ဖေါ်ပြထားတာပါ။ ဒီကျောက်စာဟာလည်း ရခိုင်သမိုင်းဆရာ အချို့၊ လုစ်ဂိုဏ်းသား ဗမာသမိုင်းဆရာများ ထိမ်ချန် ဖုံးကွယ်ခြင်း ခံရတဲ့ ကျောက်စာ တစ်ချပ်ပဲ ဖြစ်ပါတယ်။
-
ပုဂံအင်ပါယာကြီးဟာ မွန်ဂိုစစ်ကြောင့်ရယ်၊ ပုဂံမင်း နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း သတ္တိမရှိမှုကြောင့် ရယ်ကြောင့် ပြိုကွဲခဲ့ပြီး မြန်မာနိုင်ငံ အထက်အညာမှာ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတို့ အားကောင်းပြီး အောက်ပိုင်းမှာတော့ ပထမဆုံး မွန်မင်းဖြစ်လာမယ့် မဂဒူးက မုတ္တကနေ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံး မွန်မင်းဆက် ထူထောင်ဖို့ စတင်ကြိုးပမ်းလာပါတယ်။ ပုဂံခေတ် မက္ခရာ၊ မြင်စိုင်း၊ ပင်လယ်၊ ပင်းယ၊ စစ်ကိုင်း တို့ကို အကျဉ်းဆုံးချုံ့ပြီး အလွယ် ပင်းယခေတ် လို့ပဲ ပြောပါရစေ။
-
အဲဒီပင်းယခေတ်မှာ ပြည်ပကျူးကျော်စစ်တွေဖြစ်တဲ့ မွန်ဂို၊ ယူနန်မောရှမ်းတို့နဲ့ စစ်တွေ အကြီးအကျယ် ဖြစ်ခဲ့ပေမယ့် နိုင်ငံ လွတ်လပ်ရေး မဆုံးရှုံးပါ။ ဒီတော့ ပုဂံခေတ်အပြီးကို ပင်းယခေတ်လို့ အလွယ်ချုံ့ပြော ရရင် ပင်းယကိုတည်တဲ့ အေဒီ ၁၃၁၃ ကနေ စစ်ကိုင်းမင်းပြောက် နန်းကျတဲ့ အေဒီ ၁၃၆၄ အထိ ပင်းယခေတ်ခေတ်ဟာ နှစ်ပေါင်း ၅၁ နှစ်သာ ရှိပါတယ်။ ကျောရိုးကိုသာ အကျဉ်းဆုံး ချုံ့ပြောရတာမို့ အသေးစိတ် အချက်အလက်တွေ ချန်ခဲ့ပါတယ်။
-
ပုဂံ၊ ပင်းယ ခေတ်ပြီးနောက် အင်းဝအင်ပါယာ ခေတ်ပါ။ အေဒီ ၁၃၆၄ မှာပဲ သတိုးမင်းဖျားနန်းတက်ပြီး အေဒီ ၁၃၆၅ မှာ အင်းဝကိုတည်ကာ အင်ပါယာ ပြန်ထူထောင်ပါတယ်။ သတိုးမင်းဖျားရဲ့ အင်းဝကို ဘာလို့ အင်ပါယာလို့ ပြောလဲဆိုတော့ စစ်ကိုင်း သက်တော်ရှည်ဘုရား မူလထိုး ကျောက်စာအရပါ။
-
ယင်းကျောက်စာမှာ “ ပြည်ရှင်သတိုး၊ ကြံလတ်ကြိုး၍၊ …. ၊ …..၊ ….. ၊ သောင်းအသျင်ဟု၊ ရန်ပင်ခြိုင်၍၊ စိုးထမုတ္တမ၊ ဒဝယ်ရခိုင်၊ တန်လိုင်နှစ်တိုင်းတုတ်ခွန်၊ သျှမ်းကျွန်စိုးခုတ်၊ ပုဆက်တုပ် ၍၊ မယုတ်ကြိုးနှမ်၊ ဦးထက်ခံ၏” တဲ့
-
အဓိပ္ပါယ်ကို အကျဉ်းပြန်ဆိုရရင် အင်းဝဧကရာဇ်မင်းကြီး သတိုးမင်းဖျားဟာ ရန်အပေါင်းကို နှိမ်နင်းပြီး မုတ္တမ၊ ဒဝယ်၊ ရခိုင်၊ တန်လိုင်း၊ သျှမ်း စသူရဲ့ ပုဆစ်တုပ် ရိုကြိုး၊ ဦးနှိမ်ပြီး ဆက်သတဲ့ အခွန်တွေကို နှစ်တိုင်း ခံယူတော်မူပါသည်။ တဲ့။ လိုရင်းကတော့ ယင်းကျောက်စာအရ အင်းဝ သတိုးမင်းဖျားခေတ်မှာလဲ ရခိုင်ဟာ အင်းဝနိုင်ငံတော်ရဲ့ ပိုင်နက်ထဲမှာပါ။ ဒီကျောက်စာဟာလည်း သူတို့ သိသိကြီးနဲ့ ဖုံးကွယ်ထားတာခံရတဲ့ ကျောက်စာ တစ်ချပ်ဖြစ်ပါတယ်။
-
ရခိုင်ဒေသဟာ အင်းဝဧကရာဇ်နိုင်ငံတော်ကြီးခေတ်မှာ အင်းဝနိုင်ငံအတွင်း အပါအဝင်ဖြစ်ကြောင်း နောက်ထပ် အထောက်အထားကျောက်စာကတော့ သတိုးမင်းဖျားနောက် နန်းတက်တဲ့ မင်းကြီးစွာစော်ကဲ လက်ထက်၊ မိဖုရား စောဥမ္မာရဲ့ ကျောက်စာပဲ ဖြစ်ပါတယ်။
-
ယင်းကျောက်စာ ကြောင်းရေ ၆၊ ၇၊ ၈ မှာ ... “လက်ရုံးအားဖြင့် နှစ်ဖန် မမြုန်အံ့သော၊ အောင်ခြင်းကို အောင်လိုက်၍၊ မြံမာပြည်စသော သျှမ်းပြည်ကုန်အောင်၊ ဓနုပေါင်လောင် ကန်တူအမြီအယောက် စသော အရိုင်းပြည်ကုန်အောင်၊ ရခိုင်စသော ကုလားပြည်ကုန်အောင်၊ ပဲကူးစသော တန်လိုင်ပြည်ကုန်အောင် အစိုးရသည်ဖြစ်၍၊ ပြည်သူတကာ လူအများ အလုံးသောကို၊ သားကဲ့သို့၊ အုပ် (ချုပ်) လျက်။” စသဖြင့် ရေးထိုးထားတာကြောင့် ရခိုင်ဒေသဟာ အင်းဝနိုင်ငံတော်အတွင်းဆိုတာ ပိုခိုင်မာပါတယ်။
-
ပထမမြောက်ဦး
°°°°°°°°°°°°
ရခိုင်ဘက်ကို ပြန်ကြည့်ရင် ရခိုင်မင်း မင်းစောမွန် (အေဒီ ၁၄၃၀-၁၄၃၃) ဟာ လောင်းကြက်မြို့ ပျက်ပြီးနောက် အေဒီ ၁၄၃၀ မှာပဲ ပထမဆုံး မြောက်ဦးမြို့ကို တည်ထောင်တယ်။ အနာရောဂါ သည်းတာကြောင့် သုံးနှစ်သာ နန်းစံပြီး အေဒီ ၁၄၃၃ မှာ ညီတော် မင်းခရီ (ခ) နရနုမင်း (အေဒီ ၁၄၃၃-၁၄၅၈) နန်းတက်တယ်။ ယင်း မင်းခရီ(ခ) နရနု မင်းဟာ ရခိုင်မင်းတွေထဲမှာ ပထမဆုံး မွတ်စလင် ဘွဲ့အမည် ခံတဲ့မင်း ဖြစ်ပြီး သူ့ မွတ်စလင်ဘွဲဟာ အလီခင် ဖြစ်တယ်။ မင်းခရီ နဲ့ ခေတ်ပြိုင် အင်းဝမင်းကတော့ ရွှေနန်းကြော့ရှင် နရပတိ (အေဒီ ၁၄၄၂- ၁၄၆၈) ဖြစ်တယ်။
-
ရွှေနန်းကြော့ရှင်နရပတိ နန်းတက်တဲ့အခါ လက်အောက်ခံ မင်းငယ်တွေ လာရောက်ကန်တော့ သစ္စာခံကြတာကို မြန်မာသက္ကရာဇ် ၈၀၄ (အေဒီ ၁၄၄၂) ထိုး၊ စစ်ကိုင်းထူပါရုံဘုရား ကျောက်စာမှာ ရေးထိုးထားပြီး ရခိုင်မင်း နရနုလည်း လာရောက် သစ္စာခံကန်တော့ကြောင်း ယင်းကျောက်စာ ကြောင်းရေ ၂၀မှ ၂၃ အထိ ရေးထိုးထားပါတယ်။
-
ဒါကို ခေတ်အက္ခရာ အသံထွက် အဓိပ္ပါယ်အတိုင်း ဖေါ်ပြရရင် ...“မစ္ဇျိမဒေသအရပ်နှိုက် ရှေ့ကပုဂံမင်းကြီးတို့ စစ်ထိုးလေစေသည့် သက်မြုန်ချင်းကို အစိုးရသော ကစ္စပတိ အဿပတိမည်သော ပန်သေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆယ်ထပ်ကိုကျူး၍ (ကျော်၍) အဖိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို ဦးထက်တင်၍ ဆက်(သ)ပြီးသော် ကိုကစသည် များသာ ရွာပြည် ထီးဖြူ မြောက်စည် အလုံးစုံကို ဆောင်နှင်းလာသောကြောင့် ရွှေဖုန်းတော်စက်၏ အရိပ်နှိုက် ခိုစေ၍ နိုင်ငံအတိုင်း အုပ်ကွပ်စေ၏”
-
ရှေးမြန်မာမင်းများ အုပ်ချုပ်ပုံက ဧကရာဇ်မင်းနေပြည်ကြီးမှာ မင်းတစ်ပါး အသစ်တက်ရင် လက်အောက်ခံ နယ်စား မြို့စား မင်းတွေဟာ သူတို့ကို ပေးထားတဲ့ အဆောင်အယောင်တွေနဲ့ လက်ဆောင်ပဏ္ဍာ တွေယူလာပြီး သစ္စာပြု ကန်တော့ရပါတယ်။ အဲဒီလိုလာပြီး သစ္စာပြုတော့မှ မင်းဧကရာဇ်က စားမြဲတိုင်း စည်းစိမ်အတိုင်း ဆက်လက်ခံစား စေပါတယ်။
-
မြောက်စည် ဆိုတာ ဧကရာဇ်မင်းဖြစ်စေ၊ လက်အောက်ခံ မင်းငယ်တွေဖြစ်စေ နေ့စဉ် ညီလာခံတက် ဝင်တော့မယ်ဆိုရင် ဝင်စည် တီးပေးရပါတယ်။ ညီလာခံပြီးလို့ ပြန်ထွက်တော့မယ်ဆိုရင် ထွက်စည် တီးပေးရပါတယ်။ အဲဒီနေရာမှာ ဧကရာဇ်မင်းကြီး စည်တော်အများဆုံး ဖြစ်တယ်။
-
လက်အောက်ခံ နယ်စားမင်း၊ မြို့စားမင်းတွေကတော့ သူ့အဆင့်အလိုက် စည်တစ်လုံးရသူ၊ စည်နှစ်လုံး ရသူ စသဖြင့် ဧကရာဇ်နန်းတော်က သတ်မှတ်ထားတဲ့အတိုင်း စည်အရေအတွက် ထားရ တီးရပါတယ်။
-
ရခိုင်မင်းဟာ ယခင် အင်းဝမင်းများလက်ထက် သူ့ကိုခွင့်ပြုထားတဲ့ မြောက်စည်ကိုပါ အင်းဝမှာ ဧကရာဇ်မင်း အသစ် နန်းတက်တဲ့အခါ ပြန်အပ်ရတာ ဖြစ်ပါတယ်။ ဧကရာဇ်အသစ်က ဆက်လက်ခွင့်ပြုမှ သူဟာ ရခိုင်နယ်မှာ မင်းဆက်ဖြစ်ခွင့်ရပြီး မြောက်စည် ခေါ် စည်ကို ဆက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ရဖို့ ပဏ္ဏာဆက်ပြီး သစ္စာရေ ကျမ်းကျိန် လာသောက်ရတာ ဖြစ်ပါတယ်။ အခြားအခြားသော လက်အောက်ခံမင်းတွေလည်း ဒီလိုပါပဲ။ အင်းဝမင်း ရွှေနန်းကြော့ရှင် နရပတိဟာ ပထမမြောက်ဦး တည်စ ဒုတိယမင်းကို ဆက်လက်ပြီး စားမြဲစည်းစိမ်အတိုင်း ခွင့်ပြုခဲ့ပါတယ်။
-
ဒီကျောက်စာကို ရခိုင်ဆရာ (ဦး) ခိုင်မြဝါနဲ့ ဒေါက်တာအေးချမ်း တို့လည်း လက်ခံရေးသား ထားကြပါတယ်။ ဒီနေရာမှာ ကျောက်စာပါ ပန်သေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည်ဆိုတဲ့ ဝေါဟာရရယ်၊ ရခိုင်မင်း မင်းခရီခေါ် နရနု ဟာ ကုလားအမည် အလီခင် ဘာကြောင့်ယူတာရယ် ဆိုတာကို ရှင်းလင်းဖို့ လိုပါတယ်။
-
ဓညဝတီအရေးတော်ပုံနှင့် ရခိုင်ရာဇဝင်သစ်တို့အရ မင်းခရီရဲ့ အစ်ကို မင်းစောမွန်ဟာ သူထီးနန်း ပြန်ရဖို့ ကုလားပဆာမင်း (စူလတန်မင်း) ထံ စစ်ရေး အကူအညီတောင်းခဲ့တဲ့အခါ ကုလားပဆာမင်းထံ ကုလားအမည်ခံပြီး ဒင်္ဂါးသွန်းဖို့ ကတိခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မင်းစောမွန် လွန်တဲ့အခါ သူ့ညီ မင်းခရီက အစ်ကို ကတိခံခဲ့တာ မချိုးဖောက်ချင်လို့ အလီခင် ဘွဲ့ကိုပါ ခံယူခဲ့တယ်လို့ ဆိုပေမယ့် အဓိကကတော့ ဘင်္ဂလား ၁၂နယ်ကို အုပ်ချုပ်ရလွယ်ကူအောင်လို့ ကုလားအမည်ပါ ယူခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
-
ဒီနေရာမှာ အင်းဝရွှေနန်းကြော့ရှင် နရပတိရဲ့ ကျောက်စာပါ ပန်းသေးမင်းတို့ အနွယ်ဆိုတာလည်း မင်းခရီဟာ ကုလားလို့ ဆိုလိုတာ မဟုတ်ပဲ ကုလားနယ်တွေကိုပါ အုပ်ချုပ်ရတဲ့မင်း လို့သာ အဓိပ္ပါယ်ရှိပါတယ်။ မင်းခရီဟာ နိုင်ငံရေးအရ ကုလားအမည် ယူခဲ့သော်လည်း မွတ်ဆလင်ဘာသာဝင် မဟုတ်ဘဲ စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဇရပ် များစွာ ဆောက်လုပ်ခြင်း၊ အဟောင်းများကို ပြုပြင်ခြင်း အပြင် ဗုဒ္ဓသာသနာကို အားပေးတဲ့ ဗုဒ္ဓဘာသာ မင်းတစ်ပါးသာ ဖြစ်ပါတယ်။
(ဓညဝတီအရေးတော်ပုံ၊ ခိုင်မြဝါ)
-
ဒါကြောင့် ရခိုင်မင်းအချို့ဟာ သူတို့ခေတ်ရဲ့ နိုင်ငံရေးအရ ကုလားဘွဲ့ခံယူကြပေမယ့် မွတ်ဆလင်မဟုတ်ဘဲ ဗုဒ္ဓဘာသာ မင်းများသာ ဖြစ်ကြဆိုတာ သူတို့ကောင်းမှု စေတီ ပုထိုး များစွာက သက်သေခံနေကြပါတယ်။
-
အင်းဝခေတ် ပြီးတဲ့နောက် တပင်ရွှေထီး၊ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက်မှာလဲ ရခိုင်ဟာ တောင်ငူ၊ ဘုရင့်နောင်ရဲ့ ဟံသာဝတီနိုင်ငံတော်အတွင်းမှာ ပါဝင်ကြောင်း ဒေါက်တာကျော်ဝင်းက သူ့ရဲ့ တောင်ငူခေတ် အုပ်ချုပ်ရေး စာတမ်း (ဒေါက်တာကျော်ဝင်း တည်းဖြတ်၊ တွင်းသစ်ရာဇဝင်သစ်၊ တည်းဖြတ်သူ နိဒါန်း၊ တည်းဖြတ်ပုံမှာ) ဖေါ်ပြထားပါတယ်။
-
ဒေါက်တာကျော်ဝင်းက မင်းတရားရွှေထီးနှင့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက် မြန်မာနိုင်ငံ အကျယ်အဝန်းကို အေဒီ ၁၅၉၃ ခုထိုး ကျောက်စာအထောက်အထားနဲ့ ဖေါ်ပြထားပါတယ်။
-
ယင်းကျောက်စာမှာ ...ရခိုင်၊ ဘင်္ဂလားနယ် စစ်တကောင်းတို့သာမက တမလိတ္တတိုင်း အထိ မင်းတရား ရွှေထီးနဲ့ ဘုရင့်နောင်တို့ ပိုင်ဆိုင်ခဲ့ကြောင်း၊ တမလိတ္တဆိုတာ စစ်တစ်ကောင်းကို ကျော်လွန်ပြီး ဂင်္ဂါမြစ်ဝပေါ် တည်ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
-
ဒါကြောင့် မင်းတရားရွှေထီးနဲ့ ဘုရင့်နောင်တို့ခေတ်မှာလဲ ရခိုင်ဒေသဟာ သီးခြား မင်းနိုင်ငံမဟုတ်ဘဲ မြန်မာဧကရာဇ် နိုင်ငံတော်အတွင်း အပါအဝင်သာ ဖြစ်ပါတယ်။ ဘုရင့်နောင်လွန်ပြီးနောက် ဘုရင့်နောင်ရဲ့ အခြားသားတော်တစ်ပါးဖြစ်တဲ့ ညောင်းရမ်းမင်းတရားကြီးက တစ်နိုင်ငံလုံးကို ပြန်စုစည်းပြီး အင်းဝကနေ မြန်မာအင်ပါယာကို ပြန်ထူထောင်ပါတယ်။ ယင်း ဒုတိယ အင်းဝခေတ် (ဝါ) ညောင်ရမ်းခေတ်မှာလဲ ရခိုင်ဒေသဟာ ညောင်ရမ်းဆက် အင်းဝ ဧကရာဇ်နိုင်ငံအတွင်း ပါဝင်ပါတယ်။
-
ဒေါက်တာသန်းထွန်း တည်းဖြတ်တဲ့ စမ္ဗူ့ဒီပ ဥဆောင်ကျမ်း စာမျက်နှာ ၅၅၊ ၅၆ ညောင်ရမ်းမင်းတရားကြီး စစ်တမ်းမှာ ယခင်မင်းများအတိုင်း အစုအငန်း စစ်တမ်းဖြည့်တင်းရာမှာ ရက္ခိတမြို့များ ဆိုတာ ပါဝင်လို့ ညောင်ရမ်းခေတ်မှာလဲ ညောင်ရမ်းမင်းရဲ့ ပိုင်နက်အတွင်း ပါဝင်နေပါတယ်။
-
မြန်မာမင်းများ အစဉ်အဆက် ပိုင်နက်ကိုဖေါ်ပြတဲ့ ယင်း ဇမ္ဗူ့ဒီပဥဆောင်းကျမ်း စာမျက်နှာ ၁၀၄ မှာ ဓညဝတီနယ် ဆိုတာ ပါဝင်ပြီး အနောက်ကိုလားသော် ကုလားအက္ကပတ်မြေနှင့် ကျောခိုင်းလို့ ပါရှိတယ်။ ညောင်ရမ်းခေတ်ပြီးနောက် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ကုန်းဘောင်ခေတ်မှာလဲ ဘိုးတော် ဗဒုံမင်း ရခိုင်ကို စစ်တပ်လွှတ်ပြီး မသိမ်းမီကတည်းက ရခိုင်ဒေသဟာ ကုန်းဘောင်အင်ပါယာအတွင်း အပါအဝင်ဖြစ်ပါတယ်။
-
အထောက်အထားကျောက်စာကတော့ အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်ရေးထိုးတဲ့ ပုဂံရွှေစည်းခုံ ကျောက်စာပဲ ဖြစ်တယ်။ ယင်းကျောက်စာ ကြောင်းရေ ၅၆၊ ၅၇ မှာ အလောင်းမင်းတရားကြီးရဲ့ ကုန်းဘောင်ဧကရာဇ် အင်ပါယာကို ဖေါ်ပြရာမှာ ရခိုင်ကို ကျော်လွန်လို့ တာမလိတ္တိတိုင်းလို့ ဖေါ်ပြတာကြောင့် ရခိုင်ဟာ ကုန်းဘောင်အင်ပါယာအတွင်း ပါဝင်ပြီး ဖြစ်ပါတယ်။ အထက်ပါ မူလထိုး ခေတ်ပြိုင် ကျောက်စာအထောက်အထားများအရ ... ရခိုင်ဟာ ပျူခေတ်မှသည် ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် မြန်မာနိုင်ငံအတွင်းမှာ ပါရှိပြီး ရခိုင်သားများဟာ မြန်မာလူမျိုးသာဖြစ်ပြီး မြန်မာနဲ့မတူတဲ့ သီးခြားလူမျိုး မဟုတ်သလို သီးခြားနိုင်ငံ တစ်ခုမဟုတ်ကြောင်း ထင်ရှားပါတယ်။ ရခိုင်ဒေသဟာ အစဉ်အဆက် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု သာဖြစ်ပါတယ်။
-
ဒါကြောင့် ရခိုင်သားများဟာ အစဉ်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေလာကြပြီး ဘိုးတော် ဗဒုံမင်း လက်ထက်ရောက်မှ အချုပ်အခြာအာဏာ ကျဆုံးပြီး ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကားဟာ မမှန်သလို၊ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတာ ၂၂၃ နှစ်မြောက် ရှိပြီး ဆိုတဲ့စကားဟာလည်း သမိုင်း အထောက်အထားများအရ မှန်ကန်ခြင်းမရှိပါဘူး။
-
ဒါဆို ဘိုးတော်ဗဒုံမင်းဟာ ရခိုင်ဒေသကို ဘာကြောင့် စစ်တပ်လွှတ်ပြီး သိမ်းပိုက် ထိမ်းသိမ်းရသလဲ ဆိုတာကို ရခိုင်ဆရာများ၊ ရခိုင်ရာဇဝင်မ များက ရေးသားတဲ့အတိုင်း ဆက်လက်ဖေါ်ပြပါမယ်။ ဖေ့ဘုတ်မှာ ရေးရတာဖြစ်လို့ အလွန်ချုံ့ရေးတာတောင် စာရှည်လှပါပြီ။ ဒါကြောင့် ကျမ်းကိုးများ၊ ကျောက်စာအညွှန်းများ၊ ကျောက်စာများကို အလွယ်တကူ ကြည့်ရှုလို့ရစေရန် ဓာတ်ပုံများနှင့် ဖေါ်ပြထားပါတယ်။ ဓာတ်ပုံများကို ဖွင့်ကြည့်ကြပါ။
-
ဘိုးတော်ဗဒုံမင်း ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲဆိုတဲ့ သမိုင်းအမှန်ကို ဆက်လက်တင်ပြပါဦးမယ်။
ဆက်ရန်
#စျာန်သစ်အောင်
သမိုင်းအမှန်သိရတဲ့အတွက်ကျေးဇူးပါ
ReplyDeleteေက်းဇူးပါအကို
ReplyDeleteကျေးဇူးပါ
ReplyDeleteခုလိုအထောက်အထားနဲ့ပြတာ အထူးကျေးဇူးပါဗျာ
ReplyDeleteညီလေး မင်းတင်ပြတာတော်တော်ကောင်းတယ်စိတ်ပျက်ဖို့😀🤣🤣ဘာမဟုတ်တဲ့မခိုင်လုံတဲ့အထောက်ထားတေကိူလိုရာဆွဲပြောနေတယ် မင်းတို့တေမှအထောက်ထားရှိတာမဟုတ်ဘူးကွငါတို့မှာလဲအထောက်အထားတေတပုံကြီးရှိတယ်စစ်ကိုင်းထူပါရုံကျောက်စာအရသက်မြုံချင်းတေကိူအစိုးရတဲ့ရခိုင်မင်းဆိုတာက ဘုရင်နရနုမဟုတ်ဘူးကွ ရခိုင်ဘုရင်ရဲ့အောက်ကနေအင်းဝဘုရင်ဆီဘက်ပြောင်းခိုလှုံသွားတဲ့သူကိုပြောတာကစ္စပတိအသပတိဆိုတာကလဲဘုရင်နရနုဘွဲ့အမည်မဟုတ်ဘူးပန်သေးမင်းတေရဲ့အနွယ်ဆိုကတည်းကရခိုင်ဘုရင်နရနုမဟုတ်တာရှင်းနေတာပဲပြီးတော့နရနုမင်းကကုလားနယ်တေထိအုပ်ချုပ်ရလို့ကုလားဘွဲ့ခံတယ်ဆိုတာကလဲလုံးဝမဟုတ်ဘူးသူ့လက်ထက်မှာဘင်္ဂလားနယ်ကိုရခိုင်တေမပိုင်သေးဘူးလေ ပြီးတော့ရခိုင်ရာဇဝင်တေမှာအဝဘုရင်နရပတိနဲ့ရခိုင်ဘုရင်နရနူတို့ဖိုးခေါင်တောင်ရိုးမှာတွေ့ဆုံပြီးချစ်ကြည်ရေးဖွဲ့ပီးနှစ်နိုင်ငံနယ်နမိတ်တေကိုသတ်မှတ်ခဲ့ကြတယ်.ပြီးတော့ဘုရင့်နောင်ခေတ်မှာရခိုင်ပါတယ်ဆိုတာကလဲစိတ်ကူးယဉ်သက်သက်လိုရာဆွဲပြောတာသာဖြစ်တယ်တာမလိတ္တိလို့ပဲပါပီးတော့တခြားဘယ်တောင်ငူကျောက်စာနဲ့မှတ်တမ်းတေမှာလဲရခိုင်ဟာမြန်မာလက်အောက်ခံဆိုပီးဖော်ပြထားတာလဲမတွေ့ဖူးဘူး.တာမလိတ္တိဆိုတာအမှန်တကယ်တော့ရခိုင်နဲ့နယ်နမိတ်ချင်တိုက်ရိုက်ထိစပ်နေတာလဲမဟုတ်တဲ့အပြင်ရခိုင်ကိုလဲမကျော်လွန်ပါဘူးဒါကြောင့်တောင်ငူခေတ် တပင်ရွှေထီးနဲ့ဘုရင့်နောင်လက်ထက်မှာရခိုင်ပါတယ်ဆိုတာကလူံးဝမမှန်ကန်ပါဘူးဘာလို့ဆိုတပင်ရွှေထီးကောဘုရင့်နောင်ကောရခိုင်ကိုသက္ကရာဇ်၉၀၆ သက္ကရာဇ်၉၀၇ နဲ့၉၀၈ထိသုံးကြိမ်တိုင်ဆက်တိုက်ကျူးကျော်စစ်ပြုခဲ့တာရှုံးနိမ့်ခဲ့ပါတယ်ဒါကိုလဲရခိုင်ရာဇဝင်အစောင်စောင်သာမကမြန်မာမှန်နန်းရာဇဝင်ဒုတွဲမှာပါဖော်ပြထားတာတွေ့ရတယ်ပြီးရင်တပင်ရွှေထီးအလွန်ဘုရင့်နောင်လက်ထက်မှာလဲသူနတ်ရွာမစံမီတနှစ်အလိုသက္ကရာဇ်၉၄၂မှာတကြိမ်ရခိုင်ကိုကျူးကျော်ခဲ့ပေမဲ့မအောင်မြင်ဘဲတပ်ခေါက်ပြန်ခဲ့ရတယ်ဒါကိုလဲရခိုင်ရာဇဝင်တေမှာဖော်ပြထားတယ် ပြီးတော့မိဘုရားစောဉမ္မာကျောက်စာဆိုတာကိုလဲနားလည်မှုလွဲနေကြတာပဲဖစ်ပါတယ်အဲမှာပါတဲ့ပဲခူးစသောတန်လိုင်းပြည် ရခိုင်စသောကုလားပြည်ဆိုတာကလဲသူပိုင်ဆိုင်အုပ်ချုပ်တဲ့တိုင်ပြည်မဟုတ်ပဲသူပိုင်တဲ့နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့တိုင်းပြည်တေသာဖြစ်ကြတယ်ဘာလို့ဆိုနိုင်ငံတနိုင်ငံရဲ့နယ်နမိတ်တေကိုသူ့ဘေးနားကထိစပ်နေတဲ့နိုင်ငံတေနဲ့ပဲသတ်မှတ်တာမလိူ့ပါခူလဲမင်းကြီးစွာစော်ကဲကျောက်စာကသူ့ခေတ်ကပိုင်နက်ကိုပဲခူးစသောတန်လိုင်ပြည်ကုန်အောင့်ဆိုတာတန်လိူင်းပြည်ကိုအစိုးရတာမဟုတ်ဘဲတန်လိုင်းပြည်ထိနယ်နမိတ်ထိစပ်နေတာလို့ပဲပြောချင်ာသာဖြစ်တယ်ဘာလို့ဆိုသူ့လက်ထက်မှာပဲခူးဘုရင်ကရာဇာဓိရာဇ်ဖြစ်ပြိးသူနဲ့တောင်စစ်ခင်းနေတားကအားလုံးသိကြတဲ့အတိုင်း.နောက်တခုကဆင်ဖြူရှင်မင်းရဲ့ပုဂံရွှေစည်းခုံကျောက်စာအဲ့မှာကရခိုင်ကိုကျော်လွန်၍တာမလိတ္တိလို့မပါဘဲနဲ့တာမလိတ္တိလို့သာပါပါတယ်ဒါကြောင်အထက်ကပြောခဲ့သလိုပဲတာမလိတ္တိဟာရခိုင်နဲ့တိုက်ရိုက်နယ်ချင်းမထိစပ်ပဲနဲ့မဏိပုရနယ်ထဲမှာပဲရှိလို့ရခိုင်ကိုကျော်လွန်၍ဆိုတာလဲမပါလို့လုံးဝယုတ္တိမရှိဘူးလို့ပဲမြင်မိပါတယ်ပြီးရင်ကုန်းဘောင်ဆင်ဖြူရှင်လက်ထက်ရခိုရ်ဘုရင်စန္ဒသုမနရဲ့ပြင်အမတ်ဇေယျဘန္ဒစည်သူကျော်ထင်ရေးတဲ့သက္ကရာဇ်၁၁၃၆တော်သလင်းလဆန်း၈ရက်မှာမြန်မာဘုရင်ဆင်ဖြူရှင်ကိုပြန်လိုက်တဲ့ရာဇသံကိုကြည့်ခြင်းအားဖြင့်ဆင်ဖြူရှင်ဟာရခိုင်ထိသြဇာအာဏာမရောက်ခဲ့ဘူးဆိူတာထင်ရှားပါတယ်.ပြီးရင်နောက်တခုပြောချင်တာကအဝပထမနန်းတည်းသတိုးမင်းဖျားကျောက်စာဟာသူ့လက်ထက်ကအဝနိုင်ငံတော်ဟာစစ်အင်အားတောင့်တင်တာမလို့သူ့ဘေးနားအိမ်နီးချင်းတိုင်းနိုင်ငံတေကငြိမ်းချမ်းရေးနဲ့သံတမန်ရေးအတွက်နှစ်စဉ်လက်ဆောင်ပြဏ္ဏဆက်တာကိုဆိုလိူတာပါပျူရူးစျာန်သစ်အောင်ပြောသလိုလက်အောက်ခံအနေနဲ့ပဏ္ဏဆက်တာမဟုတ်ပါဘူးဉပမာပုဂံမင်းဟာမွန်ဂိုဧကရာဇ်ကူဗလိုင်ခန်ကိုငြိမ်းချမ်းရေးအတွက်လက်ဆောင်ပဏ္ဏာဆက်သလိုပဲခူးကရာဇာဓိရာဇ်မင်းကိုအဝမင်းခေါင်ကစစ်ပြေမြ်းလိုလို့လက်ဆောင်ပဏ္ဏာဆက်သလိုသာဆိုလိုခြင်းဖြစ်တယ်ပဒေသရာဇ်ခေတ်ကကို့နိုင်ငံကိုသူ့လက်အောက်အောက်မရောက်စေဖို့တွက်ဒီလိူလက်ဆောင်ပဏ္ဏာတေကိုချစ်ကြည်ဂေးနဲ့ငြိမ်းချမ်းရေးတွက်ပဲပေးတာသာဖြစ်ပီးလက်အောက်ခံအနေနဲ့ပေးတာမဟုတ်ဘူးဒါပေမဲ့ကျောက်စာထိူးခဲ့တဲ့သူတေကတော့ကျပိုးကိူလိပ်ဖြစ်အောင်မသိရင်မုတ္တမဘဒဝယ်ရခိုင်ကိုပဲအစိုးရသယောင်ထင်ရောင်ထင်မှာဖြစ်အောင်ဘဝင်လေဟတ်ပိးရေးခဲ့တာသာဖြစ်တယ်လို့မြင်မိတယ်တခြားသောတိကျခိုင်လုံတဲ့အထောက်ထားတေလအများကြိးရှိပေမဲ့စာတေမတရားရှည်သွားမှာစိုးလို့ဒီလောက်နဲ့ပဲရပ်တန့်လိုက်တော့မယ်
ReplyDeleteအတိတျာမင်းကျောက်အိုးစာထဲမှာပါတဲ့ကမ်းယံတိုင်းကရခိုင်ဖြစ်ပါတယ်ဆိုတဲ့အထောက်ထားကလဲမှန်ကန်မှုမရှိပါဘူးဘာလိူ့ဆိုရခိုင်ရာဇဝင်တေမှာကမ်းယံကိုသီးခြားလူမျိူးအဖြစ်ဖော်ပြထားလို့ပါဘဲပီးတော့ရခိုင်ကိုကမ်းယံတိုင်းလို့သူံးနှုန်းတာကိုလဲရခိုက်ရာဇဝင်နဲ့မြ်နမာရာဇဝင်တေမှာဖော်ပြထားတာလဲမတွေ့ဖူးပါဘူး
ReplyDelete