ထိုင်းရောက် ပြည်ပြေးတွေ မျက်ဖြူဆိုက်ကိန်း

Views


နိုင်ငံတကာ သံတမန်ဆက်ဆံရေးပုံစံတွေနဲ့ ခံယူချက်တွေ ပြောင်းလာတယ်။

-

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားက တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမားသုံးယောက်ကို ဖမ်းဆီးခဲ့တယ်။

-

ဒိလိုကိစ္စက နိုင်ငံရေးလှုပ်ရှားတဲ့သူတွေအတွက် အချက်ပေး ခေါင်းလောင်းသံပဲ။

-

ကမ္ဘောဒီးယားနိုင်ငံအစိုးရကို ဆန့်ကျင်တဲ့ ပြည်ပရောက် ကမ္ဘောဒီးယားနိုင်ငံရေးသမားဆိုသူတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံက ဖမ်းဆီးလိုက်တာ သက်ဆိုင်ရာအစိုးရတွေကို ဆန့်ကျင်တဲ့သူတွေအတွက် ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်လာစေနိုင်တယ်။ ဘာကြောင့် ဖမ်းလဲဆိုတာတော့ မသိပါဘူး။

-

ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေလုပ်တဲ့အခါ ရှုံးတဲ့ဖက်က မဲခိုးတယ်ဆိုတဲ့အကြောင်း ပြတတ်တယ်။ သာမန်အခြေအနေမျိုးမှာ အဲ့ဒါနဲ့ ပြီးသွားတတ်ပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အခါတွေမှာ ဆန္ဒပြတာတွေ၊ တောခိုပြည်ပထွက် စင်ပြိုင်အစိုးရဖွဲ့တာတွေမျိုး ဖြစ်တတ်ကြတယ်။

-

တစ်ခါတလေမှာ အစိုးရက အမှန်တကယ် ဖိနှိပ်တာမျိုးတွေလည်း ရှိတယ်။ ကမ္ဘောဒီးယားက အာဏာရှင် နိုင်ငံပါ။ ဟွန်ဆင် ၃၈ နှစ် အုပ်ချုပ်ပြီး သူ့သားစစ်ဗိုလ်ချုပ်ကို ပြီးခဲ့တဲ့နှစ်ကပဲ အာဏာလွှဲပေးခဲ့တာ။

-

ဗင်နီဇွဲလားနိုင်ငံမှာလည်း လက်ရှိသမ္မတကို အရင်သမ္မတက ပြည်ပကိုထွက်ပြေးပြီး စင်ပြိုင်အစိုးရဖွဲ့ တိုက်ခိုက်နေတာပဲ။ အဲ့လို ပြည်ပထွက် စင်ပြိုင်အစိုးရဆိုတာမျိုး အတိုက်အခံတွေကို တခြားနိုင်ငံတွေက နေထိုင်ခွင့် ပေးထားကြတယ်။ ထိုင်းက သက်ဆင်ဆို ၁၅ နှစ်လောက် သူများနိုင်ငံမှာ နေခဲ့တယ်။

-

အခု ထိုင်းက အဲ့လိုအစိုးရကို တော်လှန်တဲ့ နိုင်ငံသားကို ဖမ်းဆီးတယ်ဆိုတဲ့ အစဉ်အလာဖြစ်လာရင် သဘောထားတင်းမာတဲ့ နိုင်ငံရေးသမားတွေ မလွယ်ဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ထွက်ပြေးပြီး မြန်မာလက်ရှိအစိုးရကို တော်လှန်ဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားတွေ အများကြီးရှိတယ်။

-

အာဏာရှင် ကမ္ဘောဒီးယားကို တော်လှန်တဲ့ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမားကိုတောင် ဖမ်းတယ်ဆိုရင် မြန်မာက နိုင်ငံရေးသမားတွေကို ဖမ်းဖို့လည်း ဝန်လေးမယ် မထင်ဘူး။

-

ထိုင်းအစိုးရက မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းကစပြီး ဆက်တိုက်ဖြစ်လာတဲ့ ပြဿနာတွေကိုမြင်ပြီး သူများနိုင်ငံထဲက ပြဿနာတွေ ငါတို့နိုင်ငံထဲ လာမရှုတ်နဲ့ဆိုတဲ့ သဘောတွေးလာသလား ထင်ရတယ်။

-

အိန္ဒိယကလည်း တစ်လျှောက်လုံးအသုံးပြုခွင့်ပေးထားတဲ့ မြန်မာနယ်စပ်သွားလာခွင့်ကိုပိတ်ဖို့ အဆိုပြုလာတယ်။ မီဇိုရမ်ပြည်နယ်က နာဂလူမျိုးတွေက မြန်မာနိုင်ငံက ချင်း နာဂတွေနဲ့ မျိုးတူလူမျိုးတွေပါ။ အင်္ဂလိပ်တို့ လွတ်လပ်ရေးပေးတဲ့အခါမှာ နိုင်ငံခြားသွားပြီး သီးခြားလို ဖြစ်ခဲ့တာ။

-

အခု အိန္ဒိယကလည်း မြန်မာနိုင်ငံထဲဖြစ်နေတဲ့ စစ်ရေးကိစ္စတွေ သူ့နိုင်ငံထဲ လာမပတ်သက်နဲ့ဆိုတဲ့ သဘောမျိုး ဖြစ်လာပြန်တယ်။ ဘင်္ဂလားဒေ့ရှ်လည်း အလားတူ ဖြစ်လာတယ်။

-

အဲ့လို ပုန်ကန်ဆန့်ကျင်တဲ့သူတွေကို တခြားနိုင်ငံတွေက လက်မခံဘူးဖမ်းမယ်ဆို အစိုးရကို ဆန့်ကျင်မယ့်သူတွေ ဘောင်ကျဉ်းလာမယ်။

-

နိုင်ငံရေးမှာ မတူညီတာတွေ အမြဲရှိတယ်။ မတူညီတာတွေကို အတူယှဉ်တွဲနေလို့ရဖို့ အမျိုးမျိုးသောစနစ်တွေ ပုံစံတွေနဲ့ ဆောင်ရွက်နေကြပေမယ့် သဘောထားတင်းမာလွန်းတဲ့သူတွေ ပါလာရင် ဆန့်ကျင်တာကနေ လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့ထိ ဖြစ်လာတတ်တယ်။

-

အဲ့လို သဘောထားတင်းမာတဲ့သူတွေကို အိမ်နီးချင်းနိုင်ငံတွေက လက်မခံရင် သဘောထားတင်းမာတဲ့၊ နိုင်ငံရေးကို လက်နက်ကိုင်စစ်ရေးနည်းနဲ့ ဖြေရှင်းချင်တဲ့သူတွေ လျော့နည်းသွားနိုင်တယ်။

-

မြန်မာနိုင်ငံလို နိုင်ငံရေးအကြောင်းပြပြီး လက်နက်ကိုင်စီးပွါးရှာစားနေတဲ့ သူပုန်များတဲ့ နိုင်ငံအနေနဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံတွေက မထောက်ပံ့ပေးဘူး လက်မခံဘူးဆိုရင် လက်နက်ကိုင်တွေ ချုပ်ငြိမ်းသွားဖို့ လမ်းဖြစ်လာနိုင်တယ်။

-

အိမ်နီးချင်းနိုင်ငံတွေရဲ့ ရပ်တည်ချက် အပြောင်းအလဲက လက်နက်ကိုင်တွေ ပပျောက်သွားစေမယ်ဆိုရင်တော့ ကောင်းပါတယ်။ တစ်ဖက်စွန်းရောက်တွေရယ်၊ ထစ်ကနဲဆို သေနတ်ကိုင်မယ်ဆိုတဲ့သူတွေရယ် ဆင်ခြင်ကြလိမ့်မပေါ့။

-

ဒီမိုကရေစီဆိုတဲ့ မတူညီတဲ့အရာတွေကို သည်းခံဆွေးနွေးပြီး အတူတကွ နေထိုင်တဲ့စနစ်အတွက် အထောက် အကူ ဖြစ်စေတာပေါ့။

-

နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပါ။



မိုးတင့်ဆွေ ( ရန်ကုန်တက္ကသိုလ် )

Post a Comment

Previous Post Next Post