သတင်းအတု/ သတင်းအမှားများပျံ့နှံ့မှုကို ပိုမိုအားကောင်းစေမယ့် Starlink

Views

    ယနေ့ခေတ်ကမ္ဘာကြီးမှာ နည်းပညာအားကောင်းတဲ့ အမေရိကန်လို အနောက်နိုင်ငံကြီးတွေက ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နိုင်ငံတွေကို ၎င်းတို့အကျိုးစီးပွားအတွက် သတင်းစစ်ဆင်ရေးဆင်နွှဲပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ ထိုသို့လုပ်ဆောင်ရာမှာ Social Media Platform အမျိုးမျိုးကို အသုံးချပြီး ပြည်သူများအကြား သတင်းအမှား(သတင်းအဆိပ်)များကျွေးကာ ဆူပူအုံကြွမှုများဖြစ်စေပြီး အာဏာရအစိုးရကို ပြုတ်ကျစေခြင်း၊ ၎င်းတို့အလိုကျ ရုပ်သေးအစိုးရ ပေါ်ထွန်းလာစေခြင်းစတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ 

    ၎င်းတို့ရဲ့ အရေးကြီးပစ်မှတ်ထဲမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကို ထိန်းချုပ်နိုင်ရန် မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံကလည်း ထိပ်ဆုံးကပါဝင်နေခဲ့ပြီး  နိုင်ငံကြီးတွေရဲ့ ကစားပွဲ (Game Plan) ထဲမှာ မြေစာပင်ဘဝရောက်ခဲ့ရကာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ သတင်းစစ်ဆင်ရေးစစ်ပွဲမှာ မြန်မာနိုင်ငံလို နည်းပညာအားနည်းတဲ့ နိုင်ငံငယ်လေးသာမက ရုရှားလိုနည်းပညာမြင့်မားတဲ့ နိုင်ငံကြီးတောင် အလူးအလဲခံခဲ့ရပါတယ်။ 

    ၂၀၂၁ ခုနှစ် အာဏာထိန်းဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများ အများဆုံးအသုံးပြုတဲ့ Facebook Platform ပေါ်မှာ ပြည်ဖျက်တစ်သိုက်ဟာ Page အမျိုးမျိုး၊ Account အမျိုးမျိုးတို့ကို အသုံးပြုပြီး အနောက်နိုင်ငံကြီးများရဲ့ ငွေအား၊ နည်းပညာအားကိုရယူ၍ ပြည်သူများအကြား သတင်းအတု/ သတင်းအမှားများ၊ အကြမ်းဖက်ရန် သွေးထိုးလှုံ့ဆော်မှုများကို အစဉ်တစိုက်ပြုလုပ်လျက်ရှိပါတယ်။ ဒါက ဘာကိုပြဆိုနေသလဲဆိုရင် မြန်မာနိုင်ငံအနေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ဆင်နွှဲခံနေရပြီဆိုတာ သေချာစေတဲ့ အချက်ပေးခေါင်းလောင်းထိုးနေခြင်းဖြစ်ပါတယ်။ 

    စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲဆိုတာ အသစ်အဆန်းတော့မဟုတ်ပါ။ သမိုင်းမတင်မီ ခေတ်ကတည်းက စစ်ပွဲတွေမှာ ပြိုင်ဘက်ရဲ့စိတ်ဓာတ်စွမ်းရည် ကျဆင်းစေရန် အသုံးပြုခဲ့ကြတဲ့ နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။ BC ၅၂၅ လောက်က ပါရှန်အင်ပါယာနဲ့ အီဂျစ်တို့ ဖြစ်ပွားခဲ့တဲ့ Pelusium စစ်ပွဲမှာ ပါရှန်တို့ဘက်က ကြောင်သတ္တဝါတွေကို ဓားစားခံအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီလိုသုံးရတဲ့အကြောင်းက အီဂျစ်တို့ဘက်က ဘာသာရေးယုံကြည်ချက်နဲ့ ဂါထာမန္တာန်တစ်ချို့ကြောင့် ကြောင်သတ္တဝါတွေကို အထွဋ်အမြတ်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာသာရေးကန့်သတ်ချက်ကို စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းတစ်ခုအနေနဲ့ သုံးခဲ့ခြင်းဖြစ်ပါတယ်။ 

    ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှတို့က ဂျာမဏီကိုရင်ဆိုင်ရာမှာ လက်ကမ်းစာစောင်များဖြန့်ဝေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းကို အသုံးချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အသံလွှင့်ဌာနတွေကနေတစ်ဆင့် ဝါဒဖြန့်ချိခြင်း နည်းလမ်းများကို စတင်အသုံးပြုခဲ့ကြပါတယ်။ ယခုကာလမှာတော့ အင်တာနက်နဲ့ လူမှုကွန်ရက်များဟာ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပြီး ပစ်မှတ်နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ အုပ်စုတွေရဲ့ အယူအဆ သဘော တရားတွေ၊ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်အယူအဆတွေ ပြောင်းလဲ လာအောင် သတင်းအတု၊ သတင်းအမှားများအပါအဝင် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်း မျိုးစုံကို အသုံးချကြပါတယ်။ 

    မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ ဒေသတွင်းနိုင်ငံတစ်ခုမှာဖြစ်ခဲ့တဲ့ ဥပမာကို ပြဆိုရရင် ဗီယက်နမ်စစ်ပွဲတွင်အသုံးပြုခဲ့တဲ့ အမေရိကန်တို့ရဲ့ Phoenix Program နဲ့ Chieu Hoi Program ဆိုတာ အထူးထင်ရှားပါတယ်။ Phoenix Program ကတော့ Viet Cong တွေထဲကို စိမ့်ဝင်ထိုးဖောက်ရေး၊ စိတ်ဓာတ်ပျက်ပြားအောင် စစ်ကြောရေးနဲ့ ညှင်းပန်းနှိပ်စက်ရေးအပါအဝင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ရေးတွေ အထိ ပါဝင်ပါတယ်။ Chieu Hoi Program ကတော့ Viet Cong တွေ ဘက်ပြောင်းလာစေရေးကို အဓိကထားတာ ဖြစ်ပါတယ်။ Phoenix Program ကြောင့် သာမာန်ပြည်သူတွေနဲ့ Viet Cong ၈၁,၇၄၀ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၂၆,၃၆၉ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ Chieu Hoi Program ကြောင့် Viet Cong ၁၀၁,၅၁၁ ဦးဘက် ပြောင်းစေခဲ့ပါတယ်။ 

    ယခုအချိန်မှာတော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့အသုံးပြုခဲ့တဲ့ Phoenix Program နဲ့ Chieu Hoi Program ဆန်ဆန် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းတွေကို အင်တာနက်နဲ့ ဆိုရှယ်မီဒီယာများမှာ အသုံးချပြီး လုပ်ဆောင်နေတာကို ထင်ထင်ရှားရှားတွေ့ရှိနေရလို့ နိုင်ငံတော် လုံခြုံရေးအတွက် အထူးသတိပြုရမည့် အချိန်အခါဖြစ်ပါတယ်။ 

    ပြည်ဖျက်အကြမ်းဖက်သမားတွေဟာ အနောက်နိုင်ငံကြီးများရဲ့ အကူအညီ များကိုရယူပြီး သတင်းအမှန်များကိုဖော်ပြပေးတဲ့ အစိုးရအဖွဲ့အစည်း၊ အမျိုးသား ရေးအဖွဲ့အစည်းများရဲ့ Facebook Page များ၊ Account များအား ဖြုတ်ချ ဖျက်သိမ်းမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာ မျက်မြင်ပါပဲ။ ယခုလို သတင်း အမှန်တွေတင်တဲ့ Page တွေ၊ Account တွေ မရှိတော့မှ ပြည်ဖျက်မီဒီယာ တွေဖြစ်တဲ့ Khit Thit ၊ DVB ၊ VOA ၊ Irrawaddy တို့မှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို နေ့စဉ်ထပ်ခါထပ်ခါ ဖော်ပြနေပြီး မြန်မာပြည်သူများကို ဝါဒမှိုင်း တိုက်ကျွေးလျက်ရှိပါတယ်။ 

    အစိုးရမဟုတ်တဲ့ ကြားနေ FACT CHECK (Volunteer)အဖွဲ့က သူတို့ရဲ့ စိစစ် တွေ့ရှိချက်တွေကို လူမှုကွန်ရက် Platform တွေဖြစ်တဲ့ Facebook ၊ Telegram၊ Twitter များပေါ်မှာ နေ့စဉ်စိစစ်ပြီး သတင်းအမှန်၊ သတင်းအမှား ခွဲခြားဖော်ပြပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်။ အဆိုပါအဖွဲ့ရဲ့ စိစစ်ထုတ်ပြန်ချက်များ အနက် အနီးစပ်ဆုံး လတ်တလောကာလဖြစ်တဲ့ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြည်ဖျက်မီဒီယာများက Facebook စာမျက်နှာပေါ်မှာ လုပ်ကြံသတင်းအတုနဲ့ ပုံဖျက်သတင်းအမှား ၅၇၄ ပုဒ် အထိရှိကြောင်း စိစစ်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ 


    အတိတ်ကာလတွင်သာမက ယနေ့ခေတ်တွင်လည်း သတင်းနည်းပညာနှင့် ဆက်သွယ်ရေးစနစ်ဟာ အလွန်ပဲ အရေးပါလှပါတယ်။ စစ်ပွဲတစ်ပွဲအောင်မြင်ရန်အတွက် ဆက်သွယ်ရေးစနစ်ကောင်းမွန်ခြင်းဟာ အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် ဆက်သွယ်ရေးစနစ်သည် အင်တာနက်ကို များစွာအခြေခံထား သည်ကို အားလုံးအသိပင်ဖြစ်ပါတယ်။    ဆက်သွယ်ရေး(အင်တာနက်)သည် အုပ်မှုကိစ္စရပ်များ၊ စစ်ဆင်ရေးကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက်လည်း အလွန်အရေးကြီးလှပါတယ်။ ကမ္ဘာနိုင်ငံများတွင်လည်း စစ်ဆင်ရေး တစ်ရပ်ကို အောင်မြင်စွာစွမ်းဆောင်နိုင်ရန်အတွက်  ဆက်သွယ်ရေးစနစ်ကို ဦးစွာ တိုက်ခိုက်နေကြသည်ကိုလည်း မျက်မြင်တွေ့ရှိနေကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းစစ်ဆင်မှုများ ပြုလုပ်ရန်၊ သတင်းအတု/ သတင်းအမှားများ ဖြန့်ဝေရန် အတွက်လည်း အင်တာနက်ကို မှီတည်နေကြရတာ ဖြစ်ပါတယ်။ အစိုးရမှ ပြည်သူများအား သတင်းအတု/ သတင်းအမှားများရန်မှ ကင်းဝေးစေရေး၊ သတင်းအဆိပ် မမိစေရေးအတွက် စိစစ်ဆောင်ရွက်နေစဉ်  အစိုးရထိန်းချုပ်၍ မရနိုင်သော Starlink ကဲ့သို့သော အင်တာနက် ဝန်ဆောင်မှုများသည် အလွန်ပင် အန္တရာယ်ကြီးမား လှပါတယ်။ 

    ဒီနေရာမှာ Starlink ဆိုတာဘာလဲဆိုတာလေးကို အကြမ်းဖျင်းပြောပြချင်ပါတယ်။ Starlink ဆိုတာကတော့ အီလွန်မက်၏ Space X ကနေပြီး မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတွေ ပေးတိုင်ရန်အတွက် ကမ္ဘာ့မျက်နှာပြင်နှင့် အနီးဆုံး ပတ်လမ်းမှာရှိတဲ့ ဂြိုဟ်တုအစုအဝေးကိုသုံးပြီး Global Broadband Network တစ်ခုကို ဖန်တီးဖို့အတွက်  ကမ္ဘာလုံးဆိုင်ရာ ပဏာမ ခြေလှမ်းလို့ပြောရမှာပါ။ ဒီနည်းပညာဟာဆိုရင်တော့ Fiber ဆက်ကြောင်းတွေကနေ အင်တာနက်ကို ပို့ဆောင်ပေးမဲ့အစား အာကာသထဲမှာရှိသော  ဂြိုဟ်တုများမှ ရေဒီယို အချက်ပြမှု (Signal)တွေကို ပေးပို့တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ မြေပြင်စခန်းများမှ အချက်ပြမှု များကို အာကာသထဲရှိ ဂြိုဟ်တုတွေဆီကို ပေးပို့ပြီး ထိုမှတစ်ဆင့် ကမ္ဘာပေါ်က Starlink အသုံးပြုသောသူများထံ လျင်မြန်စွာ သတင်းအချက်အလက်များ ပေးပို့ခြင်းပဲ ဖြစ်ပါတယ်။ Starlink ဟာ ဂြိုဟ်တု ထောင်ပေါင်းများစွာဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နေသော လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အဓိကထား အသုံးပြုနေပေမယ့်လည်း ယခုလတ်တလော ယူကရိန်းစစ်ပွဲ အတွင်းမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။ 



    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကယားပြည်နယ် ဟိုယာ/ဘီယာ နယ်မြေထဲရှိ ဟိုယာ စစ်ရှောင်စခန်းတွင် လက်ရှိနေထိုင်လျက်ရှိသော MI - 6 ကွင်းဆင်းစပိုင် ဖြစ်တဲ့  David Eubank ဒေးဗစ်ယူးဘတ်(ခ်) ဟာ StarLink အင်တာနက် ဝန်ဆောင်မှုကို စတင်အသုံးပြုနေကြောင်း သတင်းများတွင် တွေ့ရှိရပါတယ်။ အကြမ်းဖက် NUG/PDF များသည် အပြစ်မဲ့ပြည်သူလူထုကို  ခေါင်းစဉ်အမျိုးမျိုး တပ်ကာ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကလေးသူငယ်ပါမချန် ရက်ရက်စက်စက် အစုလိုက် အပြုံလိုက်သတ်ဖြတ်နေကြခြင်း၊ မိုင်းထောင်၊ ဗုံးခွဲ၊ ရွာမီးရှို့ခြင်း၊ စာသင်ကျောင်း၊ လမ်းတံတားများကိုဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း အစရှိသော အကြမ်းဖက် လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း အနောက်အုပ်စု၏ လက်ဝေခံဖြစ်သော Facebook ကဲသို့သော Social Platform များ အသုံးပြုကာ သတင်းအတု၊ သတင်းအမှားများဖြင့် နိုင်ငံတကာကို လိမ်လည်လျက် ရှိပါတယ်။ ၎င်းတို့၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ရန်အတွက် အနောက်အုပ်စု လက်ဝေခံ မီဒီယာများ၏ အကူအညီရယူကာ သတင်းအတု၊ သတင်းအမှားများစွာကို ဖြန့်ဝေလျက် ပြည်သူများနှင့် ကမ္ဘာကို မလိမ့်တပတ်ဖြင့် သတင်းအဆိပ်ကျွေး နေတာကိုလည်း တွေ့ရှိရပါတယ်။ အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက် မြေပြင်အမှန်ကို ကမ္ဘာမှသိရှိရန်အတွက် အင်တာနက်ကို ကောင်းစွာထိန်းချုပ် နိုင်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ 



    ယခု Starlink ကဲ့သို့သော ထိန်းချုပ်မှုကင်းမဲ့တဲ့ ကွန်ရက်ကို လျစ်လျူ ရှုခဲ့မယ်ဆိုပါက အကြမ်းဖက်သမားတို့ရဲ့ အရပ်ဘက်ပစ်မှတ်၊ စစ်ဘက်ပစ်မှတ် များကို Drone ဖြင့် Drop Bomb ကြဲချနေမှုများ ပိုမိုအရှိန်မြှင့် တိုက်ခိုက်ခြင်းကို ခံရနိုင်ပြီး ၎င်းတို့ဇာတ်လမ်းဆင်ဖန်တီးထားသော Video Clip များ၊ သတင်းအချက် အလက်အမှားများကို ISP-Myanmar ၊ AAPP စသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များထံသို့ တိုက်ရိုက်ပေးပို့ခဲ့မယ်ဆိုပါက မြန်မာ့နိုင်ငံရေးအတွက် အင်မတန်ရင်လေးစရာ ကောင်းလှပါတယ်။ 



    ဒါ့ကြောင့် Starlink ကွန်ရက်အသက်ဝင်ချိတ်ဆက်နေမှုမရှိစေရေး အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ရမှာဖြစ်သလို Social Media ကို လက်နက် သဖွယ်အသုံးချကာ သတင်းအတု၊ သတင်းအမှားတွေကို ရေးသားဖော်ပြပြီး ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာကို ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် စဉ်းစားချင့်ချိန်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆဲအစိုးရနဲ့အတူ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ လက်တွဲဆောင်ရွက်သွားကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 

Ko Thet

Post a Comment

Previous Post Next Post