နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အကြမ်းဖက် အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

Views

နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အကြမ်းဖက် အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက် 

၁။ တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG၊ PDF အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ကို ကိုင်စွဲပြီး နိုင်ငံတော်၏အနာဂတ်ဖြစ်သောလူငယ်များ၏ ပညာရေးကဏ္ဍကို ဆင်ခြင်တုံ တရားကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်း ချက်အရ PDF အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိနိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်ပါသည်။ ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံ သတ်ဖြတ်ခြင်းများကိုပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှ ဥပဒေအရတားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုခြင်း ကိုလည်း ပြုလုပ်လျက်ရှိကြောင်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ သိရှိရပါသည်။

၂။ ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၄၂၇ တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ ပိတ်ထားရခြင်းကိုရှုံ့ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်းထားပါသည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော “လက်နက်ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရန်လမ်းညွှန်ချက်များ” တွင်လည်း ပညာရေးနှင့် သက်ဆိုင်သော နေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထားသကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေးဝန်ထမ်းများကိုလည်း ဖိအားပေးအကြပ်ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများအား မပြုလုပ်ရန် တားမြစ်ထားပါသည်။ 

၃။ သို့သော် NUG၊ PDF နှင့် သောင်းကျန်းသူအဖွဲ့အစည်းများသည် အစိုးရဆန့်ကျင်ရေးကို အကြောင်းပြ၍ စာသင်ကျောင်းများကိုအတင်းအဓမ္မပိတ်ခိုင်းပြီး စစ်စခန်းများ အဖြစ် အသုံးပြုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက(မိုးတားလေး) စာသင်ကျောင်း အတွင်းတွင် KIA၊ PDF အကြမ်းဖက်အဖွဲ့များက တပ်မတော်စစ်ကြောင်းများအားတိုက်ခိုက်ရန် စာသင်ကျောင်းဝန်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိ ရပြီး KIA၊ PDF အဖွဲ့များသည် ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး စာသင်ကျောင်းများအား စစ်စခန်းများအဖြစ် အသုံးချလျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည့် ရွာသားများ၏ ရင်ဖွင့်စကားသံများကိုလည်း ကြားသိခဲ့ရပါသည်။ 

၄။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာ၏ စာသင်ကျောင်းအတွင်းရှိ အကြမ်းဖက် သမားများ ဆောက်လုပ်ထားသော စစ်စခန်းများအား ရွာသူရွာသားများနှင့် အတူတကွ ပြန်လည်ဖျက်ဆီးခဲ့ပြီး ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)တွင် ဖော်ပြထားသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ အနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင်ကျောင်းများအား အသုံး ပြုခြင်းကို ထိထိရောက်ရောက်တားဆီးပေးရန် တိုက်တွန်းချက်အရ ပညာရေးကဏ္ဍအား အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံ များအား ဆောင်ရွက်လျက်ရှိပါသည်။

၅။ အကြမ်းဖက် NUG၊ PDF များသည် နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက် တိုက်ခိုက်နေသော်လည်း အချို့သော နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် NUG၊ PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို မသိကျိုးကျွံပြုကာ ၎င်းအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံခြင်း၊ မီဒီယာများပေါ်တွင် အားပေးထောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ပြုလုပ်နေမှုများသည် အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိပြီး နိုင်ငံတော်၏အနာဂတ် ဖြစ်သည့် ကလေးသူငယ်များ၏ ပညာသင်ကြားရေးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်သမားများအား အားပေးအားမြှောက် ပြုနေခြင်းဖြစ်ပြီး ထိုသို့အားပေးအားမြှောက်ပြုနေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေမှုများအား နှောင့်နှေးကြန့်ကြာ စေမည်ဖြစ်ကြောင်း သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ KIA သောင်းကျန်းသူအဖွဲ့နှင့် အကြမ်းဖက် NUG၊ PDF အဖွဲ့များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို ဖျက်ဆီးပြီး ၎င်းတို့၏ လက်နက်ကိုင်တိုက်ခိုက်မှုအတွက် စာသင်ကျောင်းများအား စစ်စခန်းများသဖွယ် အကာအကွယ်ယူ အသုံးချတိုက်ခိုက်နေမှုများအား နိုင်ငံတကာက သိရှိနိုင်ရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့




KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ အထက(မိုးတားလေး)စာသင်ကျောင်းတွင် စစ်စခန်းပြုလုပ်ထားသည့် ဘန်ကာနှင့် ဆက်သွယ်ရေးမြောင်းများ







KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ အထက(မိုးတားလေး)စာသင်ကျောင်းတွင် စစ်စခန်းပြုလုပ်ထားသည့် သဲအိတ်ဘန်ကာများ





PDF အကြမ်းဖက်သမားများက ဆရာ/ ဆရာမများအား အကြမ်းဖက်သတ်ဖြတ်မှု

CDM မပြုလုပ်သည့်အတွက် PDF များက သတ်ဖြတ်ခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှကျောင်းအုပ်ဆရာမကြီးဒေါ်လဲ့လဲ့(သေဆုံး)



CDM မပြုလုပ်သည့်အတွက် PDF များက သတ်ဖြတ်ခဲ့သည့် စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုး(သေဆုံး) 


KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများအားမီးရှို့ဖျက်ဆီးမှု


KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အထက(အလယ်ကျွန်းရွာ)စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးမှု


PDF အကြမ်းဖက်သမားများက အထက(၂)လွိုင်ကော် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးမှု


KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများနှင့် ဆရာ/ ဆရာမများအား ခြိမ်းခြောက်စာရေးသားခြင်းနှင့် ခြိမ်းခြောက်စာပေးပို့မှု 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပန်လားကျေးရွာရှိ အလယ်တန်းကျောင်းခွဲရှိ စာသင်ခန်းနံရံပေါ်၌ ခြိမ်းခြောက်စာရေးသားထားရှိမှု



တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၌ ကျည်ဆန် ၁ တောင့်နှင့် LLPDF တံဆိပ်ပါ ခြိမ်းခြောက်စာ ၁ စောင် ပေးပို့ခြိမ်းခြောက်မှု







KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အထက(မိုးတားလေး)စာသင်ကျောင်းတွင် စစ်စခန်းပြုလုပ်ထားမှုနှင့်ပတ်သက်၍ ရွာသားများက ရင်ဖွင့်ပြောကြားနေမှု 







 


Post a Comment

Previous Post Next Post