အကြမ်းဖက်CRPH၊ NUG၊ PDF များ၏ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ

Views

အကြမ်းဖက်CRPH၊ NUG၊ PDF များ၏ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ 

    ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အတွင်းမှာ ကျောင်းကား တစ်စီးကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPH၊NUGတို့ရဲ့လက်ဝေခံ PDFအမည်ခံ အကြမ်းဖက် သမားများက လက်လုပ်ရီမု မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စာမေးပွဲ ဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားတဲ့ သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိခဲ့ရပါတယ်။ 

    ကျောင်းဖွင့်ရက်တွေမှာနေ့စဉ် ဒီအချိန်၊ ဒီလမ်းကြောင်းကနေ ပုံမှန်သွား လာနေတဲ့ ကျောင်းကားကို ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ကျောင်းသူ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက် စက်စက်အကြမ်းဖက် တိုက်ခိုက်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ဆင်ထားတဲ့ အပြစ်မဲ့ ကလေးငယ် ကျောင်းသား၊ ကျောင်းသူလေးများ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မှတ်တမ်း ဓာတ်ပုံများကို မြင်တွေ့ရတဲ့သူတိုင်းလည်း စိတ်မကောင်းဖြစ်ကြ ရပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်းလည်း ကိုယ်ချင်းစာစိတ်နဲ့ ခံစားကြည့်ရင်ဒီလိုဆိုးရွားရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရွံရှာ စက်ဆုတ် ကြပါတယ်။

PDF အမည်ခံအကြမ်းဖက်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အရွယ်မရောက်သေးသော ကလေးသူငယ်များ



    ဒီလိုဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်ရဲ့အနာဂတ်၊ မိဘများရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ သားသမီးများရဲ့ ပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သလို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကလေးသူငယ်များကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးတွေကို နိုင်ငံတကာက ဘယ်လိုသဘောထားကြပါလဲ။ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေအရ ဒီလိုဆိုးရွားရက်စက်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ ကြိုးကိုင်စီစဉ်ဆောင်ရွက်နေတဲ့ အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားတဲ့CRPH၊  NUG နဲ့ ၎င်းတို့ရဲ့ လက်ဝေခံ မြေပြင်မှာ လက်ရဲဇက်ရဲကျူးလွန်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေကို အားပေး ထောက်ခံသင့်ပါသလား စဉ်းစားချင့်ချိန်ကြစေချင်ပါတယ်။

    ကလေးသူငယ်တွေဆိုတာ နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ် ဖြစ်သလို အဖိုးတန် ရတနာတွေလည်းဖြစ်ပါတယ်။ ကလေးသူငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ရင် မိမိကိုယ်ကိုယ် စောင့်ရှောက်ကာကွယ်နိုင်တဲ့ အသက်အရွယ်၊ အတွေ့အကြုံနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေမရှိသေး တာကြောင့် မိဘ၊ ဆွေမျိုးများ၊ အစိုးရနဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများရဲ့ အရိပ်အာဝါသအောက်မှာ အထူးအကာအကွယ်ပေးထားရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့၊ သူတို့အပေါ်ကျရောက်နိုင်တဲ့ ဘေးအန္တရာယ် တွေကို ဥပဒေတွေနဲ့ ထိန်းကျောင်းကာကွယ်ထားရခြင်း ဖြစ်ပါတယ်။
    နိုင်ငံတကာဥပဒေတွေအရတော့ တိုက်ခိုက်ရေးစစ်သည်မဟုတ်တဲ့ အရပ်သား (Non-Combatants) တွေကိုအကာအကွယ်ပေးထားတဲ့ဥပဒေတိုင်းဟာ ကလေး သူငယ်များအတွက် “General Protection” အရ အကျုံးဝင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Geneva Declaration of the Rights of the Child၊ ၁၉၅၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ Declaration of the Rights of the Child အပါအဝင် အခြားသော အခွင့်အရေးဆိုင်ရာဥပဒေများမှာ ကလေးသူငယ်များရဲ့ အခွင့်အရေးကို ကာကွယ်ပေးထား ပါတယ်။
    သာမန်အခြေအနေတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးထားသလို သာမန်မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်းမှာလည်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အထူး ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိပါတယ်။ Geneva Convention တွေရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ၁၉၇၇ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Additional Protocol I၊ Article 77 မှာ “Children shall be the object of special respect and shall be protected against any form of indecent assault. The Parties to the conflict shall provide them with the care and aid they require, whether because of their age or for any other reason” ကလေးသူငယ်တွေကို အထူးလေးစားရမယ်၊ သူတို့အပေါ်ကျရောက်မယ့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးရမယ်။ အသက်ငယ်တာအပြင် ဘယ်လို အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် ပဋိပက္ခထဲမှာ ပါဝင်တဲ့အုပ်စုတွေအနေနဲ့ ကလေးငယ် တွေကို ကူညီထောက်ပံ့စောင့်ရှောက်မှုတွေ ပေးရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခကိုရည်ညွှန်းတဲ့ AP II မှာ အဲဒီထက်အသေးစိတ်ကျတဲ့ ပြဋ္ဌာန်းချက် တွေ ပါဝင်ပါတယ်။

    မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က “ကလေး သူငယ် အခွင့်အရေးဆိုင်ရာဥပဒေ” ကိုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေရဲ့ အခန်း (၁၆) မှာ “ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ခြင်း” ပါဝင်ပြီး ကလေးသူငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးထားပါတယ်။ အခန်း (၁၇) ဖြစ်တဲ့ “ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ”ဆိုတဲ့အခန်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ   ကလေးသူငယ်တွေကို      အထူးကိစ္စရပ် တစ်ခုအနေနဲ့ အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့၊ ပါဝင်ပြီး ဖြစ်ပါတယ်။
    ဒီလို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကလေးသူငယ်တွေကို အလေးထား ကာကွယ်စောင့်ရှောက်ဖို့၊ ပဋိပက္ခတွေမှာ မပါဝင်စေဖို့၊ ကြားမညပ်စေဖို့ ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားတဲ့ CRPH၊ NUGတို့ရဲ့လက်ဝေခံ PDFအမည်ခံအကြမ်းဖက် သမားများက နိုင်ငံရေးအရ အမြင်မတူလို့၊ သူတို့ကို ထောက်ပံ့ခြင်းမပြုလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိသားစုတစ်စုလုံးကို ကလေးသူငယ်ပါမကျန် ရက်ရက် စက်စက် သတ်ဖြတ်နေကြသလို၊ ကလေးသူငယ်တွေကိုလည်း အကြမ်းဖက် ဖောက်ခွဲမှုကျူးလွန်တဲ့ နေရာမှာ ဓားစာခံအဖြစ်အသုံးချ နေကြတာကို စိတ်မကောင်းဖွယ်ရာ၊ စိုးရိမ်ထိတ်လန့်ဖွယ်ရာ မြင်တွေ့ကြားသိ နေရပါတယ်။
    မြန်မာနိုင်ငံမှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG တွေနဲ့ ၎င်းတို့ရဲ့လက်ဝေခံ PDFအမည်ခံအကြမ်းဖက်သမား တို့ရဲ့ အကြမ်းဖက်မှု ကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်အရေအတွက် ၁၄၃ ဦးရှိပြီဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့တဲ့အရေအတွက် ၃၉၂ ဦးရှိပြီး ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါ တယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ် အများစုဟာ နိုင်ငံရေး အရောင်အသွေး မတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံအကြမ်းဖက် တွေလက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်လို့၊ ကျေးရွာ မီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ ကြရတာ အများစုဖြစ်ပြီး၊ PDF အမည်ခံအကြမ်းဖက် တွေ အကြမ်းဖက်မှု ဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို       ဓားစာခံအဖြစ်အသုံးချတဲ့အတွက် သေဆုံးခဲ့ကြ ရတဲ့ဖြစ်စဉ် များလည်း ပါဝင်နေပါတယ်။


    ဒီဖြစ်စဉ်တွေထဲကမှ ပြည်သူလူထုနဲ့ နိုင်ငံတကာက သိရှိနိုင်အောင် ထူးခြားဖြစ်စဉ်တစ်ချို့ကို အကျဉ်းမျှဖော်ပြပေးလိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ညောင်ရှင်ကုန်း ကျေးရွာမှာ ရစဖမှူး ဦးမြင့်အောင်၏ဇနီး၊ သမီးနဲ့ မြေးများဖြစ်တဲ့ မိသားစုဝင် (၇) ဦးစလုံးကို PDFအမည်ခံအကြမ်းဖက် တွေ သတ်ဖြတ်သွားကြပါတယ်။ ဒီလို ရက်ရက် စက်စက်အသတ်ခံရတဲ့ မိသားစုတွေထဲမှာ မြေးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉ နှစ်အရွယ် မမေဇင်ဖြူ၊ နာမည်တောင် သေချာမပေးရသေးတဲ့ တစ်နှစ်အရွယ် မောင်သားသားတို့ဟာ အရွယ်မရောက် သေးတဲ့ ကလေးငယ်များဖြစ်ကြပါတယ်။ အဘိုးဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့ မိသားစုတစ်စုလုံးကို ရင်ခွင်ပိုက် ၁ နှစ်အရွယ်ကလေးပါမကျန် လူမဆန်စွာ သတ်ဖြတ်သွားခဲ့ကြတာ ဖြစ်ပါတယ်။


Post a Comment

Previous Post Next Post