လူ့ပတ်ဝန်းကျင်မှာ ရှိဖို့မထိုက်တန်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ

Views

လူ့ပတ်ဝန်းကျင်မှာ ရှိဖို့မထိုက်တန်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ

============================

မနေ့က အရာတော်ဘက်မှာ အထက်တန်းကျောင်း အခန်းဆုံး စာမေးပွဲ ပြီးလို့ ပြန်လာတဲ့ ကျောင်းကားကို ထုံးစံ အတိုင်း PDF တွေက ကားမိုင်းခွဲခဲ့တယ်။😢 ဖြစ်စဉ်ကြောင့် ကျောင်းသူ ၁ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ (၁၀)ယောက်က ထိခိုက်ဒဏ်ရာရတယ်။ 

-

မုံရွာ PDF တွေ အတွက်တော့ ဒီလို ကားမိုင်းခွဲတာမျိုးက အဆန်းတကျယ်မျိုး မဟုတ်တော့ဘူး။ သူတို့လုပ်ထားတဲ့ ကားနင်းမိုင်းတွေကြည့်ရင် ၁၉၉၀ ပတ်ချာလည်လောက်က ဖာပွန်ဘက်သွားတဲ့ နင်းမိုင်းတွေကို ပြန်သတိရမိစေတယ်။  

-

ခုလိုပဲ (၅)ပိသာဝင်ဆန့်တဲ့ ဆီပုံးအဝါတွေထဲမှာ ယမ်းတွေ အပြည့်သိပ်ပြီး ကားလမ်းမတွေပေါ်မှာ KNU တပ်တွေက ကျင်းတူးမြုပ်ထားလေ့ရှိကြတယ်။ ခုချိန်သွားကြည့်ရင်တောင် ဖာပွန်-ကမာမောင်းဘက်တွေမှာ မိုင်းထိလို့ တစစီ ပျက်စီးသွားတဲ့ ဒိုဇာအပျက်တွေကို ချောက်ကမ်းပါးဘေးတွေမှာ ခုထိ မြင်တွေ့ခွင့်ရသေးတယ်။ 

-

ပြောချင်တာက NCA ထိုးပြီးတဲ့နောက်ပိုင်း ဆီပေပါတွေ၊ သံပိုက်လုံးတွေထဲကို ယမ်းစတွေထည့်ပြီး မိုင်းခွဲတာမျိုးက တကယ်ဆို ဒီဘက်ခေတ်မှာ အရမ်းရှားတဲ့ လုပ်ရပ်မျိုးတွေ။ လူမဆန်တဲ့ ရက်စက်တဲ့ လုပ်ရပ်ဖြစ်လို့ ငြိမ်းချမ်းရေးကာလတုန်းက နင်းမိုင်းတွေ၊ မြေမြုပ်မိုင်းတွေကို ပြန်လည်ရှင်းလင်းရေးကိစ္စတွေအတွက် နှစ်ဖက်တပ်တွေ ညှိနှိုင်းကြတယ်ဆိုတဲ့ အဆင့်ထိ ရှိခဲ့ဖူးတယ်။ 

-

တကယ်တော့ မုံရွာ PDF တွေအတွက် သာမန် အိမ်စီးကားတွေဆို ဒီလိုပဲ လုပ်နေကြဆိုတာ အရင်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေ ပြန်ကြည့်ရင် သိသာလှတယ် ။ 

-

ခုခေတ်ကာလကြီးမှာ မိုင်းထိလို့ သေသွားလည်း ရှည်ရှည်ဝေးဝေး ရှင်းပြစရာကလည်း သိပ်မလိုဘူး။ သေတဲ့သူတွေဟာ ပျူစောထီးတွေပါ။ အရပ်သားကားစီးလာတဲ့ စစ်ခွေးတွေပါဆိုပြီး ခေါင်းစဉ်တပ်လိုက်တာနဲ့ ဇာတ်လမ်းကပြီးတယ်။  

-

ဒီလိုမျိုးပုံစံတူဖြစ်စဉ်မျိုးကို မှတ်မိဦးမယ်ဆိုရင် သိပ်မကြာခင်ကာလတုန်းက မုံရွာ-ယာကြီးလမ်းမှာ PDF တွေကြောင့် အိမ်စီး ဟွန်ဒါဖစ် ကားလေး မိုင်းထိတဲ့ ဖြစ်စဉ်ကို ပြန်မှတ်မိကြဦးမယ်ထင်ပါတယ် ။ အမှတ်မမှားဘူးဆိုရင် ကားပေါ်ပါတဲ့ မိသားစု ၅ ယောက်စလုံး မိုင်းထိလို့ သေသွားကြရှာတယ်။ 

-

တိုက်ဆိုင်လွန်းတယ်လို့ပြောရမလား။ သိပ်မကြာခင်တုန်းကပဲ ရေးဘက်မှာ ဆူဇူးကီးဟိုက်ဂျက်ကားကို ရေး PDF တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတဲ့ ဖြစ်စဉ် ဖြစ်ခဲ့သေးတယ် ။ ထုံစံအတိုင်း ကားပေါ်ပါလာတဲ့ ရဟန်းတပါးရယ်၊ ကားနောက်ခန်းက အမျိုးသမီးအပါအဝင် လူ ၄ ဦး သေတယ်။ နောက်ပိုင်း တွေ့ရတဲ့ သတင်းတွေမှာ ခုလို မှားပစ်မိတဲ့အတွက် ရေး PDF က စာတစ်စောင်ထုတ်ပြန်ခဲ့တယ်။ မှားပစ်မိလို့ " ဆော်ရီးပါ"တဲ့။  

-

ပြောချင်တာက ခုလို သာမန်အရပ်သားတွေကို ပျူစောထီးတွေပါ၊ ဒလံတွေပါဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ခဲ့ကြတဲ့ အရပ်သားပြည်သူဆိုတာ မနည်းတော့ဘူး။ ဒီအရေးအခင်းစဖြစ်ကတည်းက အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးအရေအတွက်ဆိုတာ ထောင်ကျော်နေပြီ ။  

-

မနေ့ကတွေ့လိုက်တဲ့ သတင်းထဲမှာကို PDF တွေ သတ်လို့ သေသွားကြရတဲ့ ဆရာ/မ က အယောက် ၆၀ အထက်မှာ ရှိတယ်။ အတိုက်ခံလိုက်ရတဲ့ ရဲစခန်းတွေဆိုလည်း မနည်းဘူး။ မီးရှို့ခံရတဲ့ လဝက ရုံးတွေဆိုတာလည်း စာရင်းအားဖြင့်ပြောရင် (၁၀)ဂဏန်းအထက်မှာရှိတယ်။ 

-

ဒီနေ့ဖြစ်စဉ်က ကျောင်းသားကလေးငယ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်စဉ်ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေ မဆိုထားနဲ့။ ပြည်တွင်းမှာ ကျင့်သုံးတဲ့ ဥပဒေအရကို လက်သင့်ခံလို့ မရတဲ့ ဖောက်ဖျက်ကျူးလွန်မှုဖြစ်ပါတယ်။ 

-

အာဆီယံနိုင်ငံတွေကိုလည်း ဒီဖြစ်စဉ်တွေ ရှင်းပြပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်ပါတယ်။ ဘယ်နိုင်ငံမှာမှ ခုလို အကြမ်းဖက်မှုမျိုး လုပ်တဲ့ ဖြစ်စဉ်မျိုးကို အစိုးရကို မကြိုက်လို့ အတိုက်အခံ အဖွဲ့အစည်းက လုပ်တဲ့ သမာရိုးကျလုပ်ရပ်ဆိုပြီး သည်းမခံကြပါဘူး။ 

-

အိန္ဒိယလို ဒီမိုကရေစီနိုင်ငံတွေ၊ ကမ္ဘောဒီးယားလိုနိုင်ငံတွေမှာတောင် မဟုတ်မမှန်လုပ်တဲ့ သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန်ကိုင်တွယ်တာ တွေ့ရမှာဖြစ်ပါတယ်။ 

-

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတာက အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ် လက်တုန့်ပြန်သင့်ပါတယ်။ 


#ဖိုးစီ

#KT 



Post a Comment

Previous Post Next Post