၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ခြေဥ ပျက်/မပျက်

Views

 ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ခြေဥ ပျက်/မပျက်
=================================================

ဒီမေးခွန်းက သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်း မေးဖို့ မတိုင်ခင်မှာ ဖြိုးဝေတို့ သတင်းဌာနမှာ ရွေးကောက်ပွဲ ကျင်းပနိုင်/မကျင်းပနိုင်ဆိုပြီး ဆွေးနွေးပွဲ တစ်ခုလုပ်သွားတာလည်း တွေ့ပါတယ်။

၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ရင် အမြင်တွေ အမျိုးမျိုး ရှိကြပေမယ့် ဒီရွေးကောက်ပွဲကြီး ဖြစ်စေချင်တဲ့ သူက တဖက်၊ ရွေးကောက်ပွဲကြီးမဖြစ်စေချင်တဲ့သူက တဖက်ရှိကြတယ် ဆိုတာ ပြည်သူတွေ မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ပထမ အဖွဲ့ကတော့ ရှင်းပါတယ်။ ဘာအမုန်းအာဃတ မှမရှိဘူး။ တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်နေတဲ့ အာဏာထိန်းအစိုးရကနေ ရွေးကောက်ခံအစိုးရ ဖြစ်စေချင်တဲ့ သာမန် ပြည်သူတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီး ပျက်စေချင်တဲ့ တဖက်ကတော့ NUG ၊ CRPH နဲ့ PDF အဖွဲ့တွေဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ရွေးကောက်ခံ အစိုးရ အသစ်သာ တက်လာခဲ့ရင် ခုလက်ရှိသူတို့လှုပ်ရှားနေတဲ့ တော်လှန်ရေးကြီးဟာ ဘယ်သူ့ကို တော်လှန်နေမှန်းမသိ ဖြစ်သွားမှာဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ နစက ဦးဆောင်တဲ့ အာဏာထိန်းအစိုးရအနေနဲ့ ဒီရွေးကောက်ပွဲကြီးကို မဖြစ်ဖြစ်အောင် ကြိုးပမ်းမှာပါပဲ။ ဒီလိုပဲ တဖက်မှာ NUG ဦးဆောင်တဲ့ အဝေးရောက်အဖွဲ့အစည်းကြီးကလည်း ဒီရွေးကောက်ပွဲကို ပြည်သူတွေ စိတ်မဝင်စားအောင်၊ ပြည်သူတွေ မဲမထည့်ရလေအောင်၊ ယုတ်စွ အဆုံး ရွေးကောက်ပွဲကျင်းပတဲ့နေ့တွေမှာတောင် အကြောင်းအမျိုးမျိုးပြပြီး အကြမ်းဖက် နှောက်ယှက်ဖျက်စီးမှာဆိုတာကလည်း ကျိန်းသေပေါက် တွက်ချက်လို့ရတဲ့ အရာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကိုက နစက အာဏာထိန်းတဲ့ သက်တမ်းအတွင်း တည်ငြိမ်မှု မရှိအောင်ဆောင်ရွက်မယ်။ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပခွင့်မရအောင် ဆောင်ရွက်မယ်။ ရွေးကောက်ပွဲပျက်သွားတဲ့အခါ ရွေးကောက်ခံအစိုးရ တက်မလာဘူး။ အာဏာ(၃)ရပ်ချုပ်ကိုင်တဲ့ လွှတ်တော်လည်း ရှိမလာဘူး။ နောက်ဆုံး တပ်မတော်အာဏာထိန်းတဲ့နစကရဲ့ သက်တမ်း (၂)နှစ်လွန်မြောက်တဲ့အခါ ၂၀၀၈ ခြေဥလည်းပျက်စီးသွားမယ်။ ဒီလိုပဲ မှတ်ယူပြီး လုပ်ဆောင်နေကြတာပါပဲ။

တကယ်တော့ NUGနဲ့ CRPH က လုပ်ဆောင်နေတဲ့ တော်လှန်ရေးအကြမ်းဖက်မှုဆိုတာ ၂၀၂၃ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ပျက်စီးပြီး ၂၀၀၈ ခြေဥပျက်စီးရေးဟာ သူတို့ရဲ့ အနီးစပ်ဆုံး ရည်မှန်းချက် ပန်းတိုင်ပဲ။ ဒါကိုမြင်လို့ NUG သမ္မတ လဒူက သူတို့တော်လှန်ရေးဟာ ၂၀၂၃ အပြီးသတ်လို့ ကြွေးကြော်နေတာလည်းဖြစ်တယ်။ ဒီစကားလုံးဟာ အကြောင်းမဲ့ သက်သက်ပြောဆိုတာမျိုးတော့ မဟုတ်ဘူး။ သူတို့ရဲ့ အဓိက လှုပ်ရှားမှု Main Target ဟာ ၂၀၀၈ ခြေဥ ပျက်စီးရေးပဲ။ ဒါမှ တပ်မတော်ရဲ့ အရေးပါမှုအခန်းကဏ္ဍကို ဖျောက်ဖျက်နိုင်မှာလည်းဖြစ်တယ်။ တနည်းအားဖြင့် UN နဲ့ အာဆီယံမှာ တရားဝင်ဖြစ်နေသေးတဲ့ နစက ရဲ့ သက်တမ်းကို အလုံးစုံ အာဏာသိမ်းရေးဆိုတဲ့ အရာနဲ့ လဲလှယ်ချင်တာလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် နစက ပြုတ်ကျရေးဆိုတာထက် ၂၀၀၈ ခြေဥ ပျက်စီးရေးဆိုရင် ပိုပြီးမှန်လိမ့်မယ်။

အပေါ်က အချက်တွေကို ပြန်ကြည့်ရင် ၂၀၀၈ ခြေဥ ကဘယ်လောက် အရေးပါသလဲဆိုတာ မြင်သာနိုင်တယ်။ ဒီ ၂၀၀၈ ခြေဥ စာအုပ်ကြီး ရှိနေလို့ နစက ဟာ ခုထိ ဟန်မပျက်ရပ်တည်နိုင်တာဖြစ်သလို တဖက်မှာကျော်မိုးထွန်းအနေနဲ့ UN မှာ သံအမတ်အဖြစ်နဲ့ဆိုင်းငံ့ထားသည့်တိုင်အောင် ကိုယ်စားလှယ်တစ်ယောက်အဖြစ်နဲ့ အရေးပါသလို ဖြစ်နေသေးတာကလည်း ဒီခြေဥ စာအုပ်ကြီးကြောင့်ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီခြေဥစာအုပ်ကြီးကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်တို့ ကျမ်းသစ္စာကျိမ်ဆိုပြီး အစိုးရအဖြစ်နဲ့ (၅)နှစ်သက်တမ်း တိုင်းပြည်အုပ်ချုပ်သွားခဲ့တာလည်းဖြစ်တယ်။

၂၀၀၈ ခြေဥမှာသိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပုဒ်မတွေရှိနေတယ်။ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်တော့ စကားလုံးတလုံးဟာ အဓိပ္ပာယ်များစွာ ကွဲထွက်လို့မရပေမယ့် ဒီခြေဥစာအုပ်မှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိနေတာတွေ့ရတယ်။ ဥပမာ တခြားနိုင်ငံတွေမှာလို လူတစ်ယောက်က သမ္မတ တာဝန်ကို နှစ်ရှည်လများ တာဝန်မယူနိုင်အောင် နှစ်နှစ်ဆက်နဲ့ ကန့်သတ်ထားတယ်။ တစ်ခါ သမ္မတ ကို စွဲချက်ပြစ်တင်ရှုတ်ချနိုင်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကျတော့ Right To Recall ဥပဒေ မပြဌာန်းနိုင်သေးဘူး။ နောက်တခါ ပြည်ထောင်စုဝန်ကြီးတွေကို သမ္မတက တာဝန်ယူခန့်အပ်ပေမယ့် UEC ရဲ့ လုပ်ရပ်ကိုကျပြန်‌တော့ သမ္မတက တာဝန်မရှိဘူးလို့ ငြင်းဆိုပြီး ရှောင်သွားပြန်ရော။

ပြောချင်တာက ခုမှ စမှာပါ။ ၂၀၂၃ ခုနှစ် ဖေ ၁ ရက်နေ့ မှာ နစက ရဲ့ (၂)နှစ် သက်တမ်းဟာ သတ်မှတ်ချက်ဥပဒေအရ ကုန်သွားတော့မှာဖြစ်ပါတယ်။ တိုင်းပြည် တည်ငြိမ်နေသည်ဖြစ်စေ၊ မတည်ငြိမ်သေးသည်ဖြစ်စေ တိုင်းပြည်ရဲ့အာဏာဟာ နစက ထံကနေ ကာလုံကိုလွှဲပြောင်းပေးအပ်တော့မှာဖြစ်ပါတယ်။ ဖေ ၁ ရက်နေ့ကနေ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့ကာလအထိ တိုင်းပြည်ကိုအုပ်ချုပ်မဲ့သူက ကာလုံအစိုးရသာဖြစ်နေမှာဖြစ်ပါတယ်။ ဆိုတော့ ယာယီ သမ္မတ ဦးစီးတဲ့ ကာလုံအစိုးရက ရွေးကောက်ပွဲကြီးကို ကျင်းပပေးရမှာဖြစ်ပါတယ်။ ဆိုတော့ဒီရွေးကောက်ပွဲကို ပျက်အောင် NUG က နှောက်ယှက်တယ်ဆိုပါစို့ ကာလုံအစိုးရအနေနဲ့ ခြေဥအရ အရေးပေါ်အခြေအနေ ထပ်ပြီး ကြေငြာလို့ရတယ်ဆိုတဲ့ အချက်ကို သတိပြုမိကြဖို့ပဲဖြစ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေကိုလည်း အဖွဲ့ဝင်တွေစုံညီမှ ကျင်းပရမယ်လို့ သတ်မှတ်ထားခြင်းမရှိပါဘူး။ ဒါကို ခြေဥ ပုဒ်မ ၄၁၂(ခ) မှာ အတိအလင်းဖော်ပြထားပါတယ်။ နောက်တချက် အရေးကြီးဆုံး ဥပဒေကတော့ ပုဒ်မ ၄၂၁(ခ) ဖြစ်ပါတယ်။

ပုဒ်မ ၄၂၁(ခ)မှာ -
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုုးအကြောင်းဖော်ပြလျက်တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။

ဆိုလိုတာက သာမန်အားဖြင့် ဆိုတဲ့စကားလုံးနေရာမှာ အထူးအားဖြင့်ဆိုရင်ရော ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ တကယ်လို့သာ ကာလုံဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲဟာ NUG တွေနှောက်ယှက်လို့ပျက်စီးခဲ့ရင် မဖြစ်မနေ နိုင်ငံတော်ဟာ အရေးပေါ်အခြေအနေအဖြစ်နဲ့ နောက်ထပ်တကြိမ် ထပ်မံကြေငြာခွင့် ရှိနေသေးတယ်ဆိုတာ သတိချပ်ကြဖို့ဖြစ်ပါတယ်။ အဲ့ဒီအခါ နိုင်ငံတော်အာဏာဟာ ခြေဥပျက်စီးခြင်းမရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီမှာပဲ နောက်ထပ်(၂)နှစ်သက်တမ်းရှိတဲ့ ကာလတစ်ခု ရရှိသွားဦးမှာဖြစ်ပါတယ်။

ဆိုတော့ ၂၀၂၃ ရွေးကောက်ပွဲ ပျက်သွားရုံနဲ့ ၂၀၀၈ ခြေဥဟာ လွယ်လွယ်ပျက်သွားမယ်လို့တော့ မထင်စေချင်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

Crd. ဖိုးစီ


 

Post a Comment

Previous Post Next Post