မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေး(Peace)

Views

မြန်မာနိုင်ငံသည် တစ်တိုင်းပြည်လုံးအနေအထားဖြင့် ငြိမ်းချမ်းသည်ဟု မဆိုနိုင်သော်လည်း မငြိမ်းချမ်းသောအာဖရိကရှိ ကွန်ဂို၊ တောင်ဆူဒါန်၊ အနောက်ဆာဟာရ၊ မာလီ၊ ဒါဖာ၊ အာဖရိကအလယ်ပိုင်း၊ ဘေရီ၊ အာရှတွင် ကတ်ရှ်မီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဘနွန်၊ ဥရောပရှိ ကိုဆိုဘို၊ ဆိုက်ပရပ်နိုင်ငံများလောက် ဆိုးဆိုး ရွားရွား မခံစားကြရပေ။ သို့သော် မဖွံဖြိုးခြင်းအကျိုးရလဒ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ များပြား ခြင်းမှာတော့ အတူတူပင်ဖြစ်သည်။ နယ်စွန်နယ်ဖျားဒေသများသည် မြိုပြများကဲ့သို ဖွံဖြိုးတိုးတက်မှု၊ လုံခြုံမှုတိုနှင့်အလှမ်းဝေးနေသည်။ သေနတ်သံများကြားနေရသ၍ ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားလက်နက်အဖွဲ့ ၁၈ ဖွဲ့ ရှိသည်။ ၁၀ ဖွဲ့မှာ အပစ်အခတ်ရပ်စဲထားပြီး ကျန်အဖွဲများနှင့်လည်း အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေများအရ NCA အား တည်တံ့ခိုင်မြဲရေးအတွက် EAOs များနှင့် မြန်မာ့တပ်မတော်တို့အကြား ယုံကြည်မှုလျော့နည်းသွားမှုအား အဖြေရှာ၍ NCA လမ်းစဉ်တစ်ခုအား ဆက်လျှောက်နိုင်ရေး နည်းလမ်းရှာရပေဦးမည်။ သို့မှသာ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးခရီးလမ်းကို တက်လှမ်းနိုင်မည့်လမ်းစများ မပျောက်ပျက်မှာဖြစ်သည်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုရဲ့သမိုင်းသစ်မှာ ၂၀၁၁ ခုနှစ်က စတင်ရေတွက်လျှင် ၁၀ နှစ်ခန့်ရှိပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်တစ်ဆင့်ကို တိုးမြှင့်သွားသည်ဟု ဆိုနိုင်သည်။ NUG အဖွဲ့တစ်ခုပေါ်ထွက်လာသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်း ပုံစံအမျိုးမျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အသစ် ဖြေရှင်းရမည့်ဥစ္စာများဖြစ်ပါသည်။

မြန်မာ့တပ်မတော်မှ အပစ်ရပ်ကြေငြာချက်များထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစု (EAOs)နယ်မြေတွေမှာ တစ်ဖက်အပစ်ရပ်ဟု ကြေငြာခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ ထိုပြင် လက်ရှိအစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များ၊ မထိုးရသေးသောအဖွဲ့များအပါ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်၍ ဆောင်ရွက်မှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်ခဲ့သည်ဟု ယူဆရမည်ဖြစ်သည်။ ဒါကြောင့် ပဋိပက္ခချုပ်ငြိမ်းရေး၊ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue)ဆီ မရောက်သေးဘူးဟု သုံးသပ်နိုင်ပါသည်။ လက်ရှိအခြေအနေများအရ KIA ၊ KNU ၊ KNPP နယ်မြေတွေမှာ PDF တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေမှုတွေကို သုံးသပ်ကြည့်မည်ဆိုပါက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်တွင်းအင်အားစုများ၏သဘောထားနှင့် ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားများလည်း ထည့်သွင်းစဉ်းစားရသည့်အချက်ဖြစ်ပါသည်။ အထူးသဖြင့် KIA ၊ KNU ၊ KNPP လှုပ်ရှားရာဒေသများနှင့် ဆက်စပ်နေသည့်အိမ်နီးချင်း နိုင်ငံများနှင့် ပတ်သက်ဆက်နွယ်မှုတွေဟာ ယခုကာလလို အင်အားစုအသစ်များ ပေါ်ထွက်နေသည့် ကာလ၊ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်း မတူညီသည့်ကာလတွင် ယခုလို "ပထဝီ နိုင်ငံရေး ပယောဂ" များက ပိုမိုပြင်းထန်လာတတ်ပါသည်။

ပြည်တွင်းတပ်များ၏ရေသောက်မြစ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နှင့် ၂၀၁၅ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်များအတွင်း NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ၅ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက် (Union Accords) အတွက် အခြေခံနိုင်ငံရေးသဘောတူညီမှု ၇၁ ချက် ရရှိခဲ့တယ်လို့ သိရှိ ခဲ့ရပါတယ်။ ဒါပေမဲ့ လုံခြုံရေး၊ တပ်ပိုင်းဆိုင်ရာ၊ နယ်စည်းပိုင်းခြားသတ်မှတ်ရေး စတဲ့ သဘောတူညီမှုမရရှိခဲ့တာကြောင့် NLD အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကြန့်ကြာတစ်ဆို့နေမှုတွေ ရှိနေခဲ့ကြောင်းတွေ့ရှိခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် NCA ဟာ နိုင်ငံတကာအသိသက်သေများရှေ့မှောက်မှာ လက်မှတ်ရေးထိုးသဘော တူထားကြတာဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်တစ်ခုလို့ ယူဆထားနိုင်ပြီး မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း NCA စာချုပ်အရ ဖွဲစည်းထားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ၊ NCA ပူးတွဲအကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ညှိနှိင်းအစည်းအဝေး (JICM) ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JCM)နဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ(UPC)တွေရဲ့ လုပ်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်း စဉ် ၅ ရပ် နဲ့ ဦးတည်ချက် ၉ ရပ် ချမှတ်ထားပြီး ၎င်းတို့ထဲမှာ NCA နဲ့ ထာဝရငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လည်ပတ်လျက်ရှိပါတယ်။

မြန်မာနိုင်ငံသားအားလုံးနဲ့ နိုင်ငံတကာမိသားစုများကတော့ ညှိနှိင်းဖြေရှင်းရေးကိုသာ ဆောင်ရွက်စေလိုကြပါတယ်။ ဒါကြောင့်မို့လို နိုင်ငံတကာအသိလက်မှတ်ရေးထိုးထားတဲ့ NCA ကို ဘယ်လိုပြန်စနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ အစိုးရ-တပ်မတော်-EAOs ဘက်အသီးသီးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စဖို့၊ တွေ့ဆုံဆွေးနွေးရေး (Dialogue) စားပွဲတွေဆီ ပြန်ရောက်ဖို့၊ ပဋိပက္ခအသွင်ပြောင်းတိုးတက်မှု(Conflict trans-formation) ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်နေပါတယ်။


ဒါကြောင့်မို့လို ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက သုံးသပ်နေတဲ့ ကျရှုံးနိုင်ငံ(Failed state)ဖြစ်ပေါ်လာနိုင်တဲ့ အချက်အလက်တွေကို တစ်ပြိုင်တည်း ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု၊ မဟာဗျူဟာ၊ မဟာမိတ်တည်ဆောက်မှု၊ မူဝါဒ ဆိုင်ရာပြဿနာတွေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး(Border Democratization)နဲ့ လူမှုအသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းရေး(Community Peace)ကိစ္စတွေ ဖွံ့ဖြိုးအား ကောင်းလာဖို့အထိ တွေ့ဆုံဆွေးနွေးသွားရမှာဖြစ်ပါတယ်။ အချုပ်အားဖြင့် နှစ် ၇၀ ကျော်ကြာ မငြိမ်မသက် နေတဲ့ ကျွန်တော်တိုရဲ့ အမိမြန်မာနိုင်ငံတော်ကြီးအနေဖြင့် "ကျရှုံးနိုင်ငံတစ်ခု မဖြစ်သွားစေရေး"အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူထုဒေသဖွံ့ဖြိုးရေးဖြစ်စဉ်များကို မူပိုင်းဆိုင်ရာတွေနဲ့ မြေပြင်နဲ့စာတွေ့ ဆီလျော်အောင် ဖန်တီးမှုအသစ်တွေနဲ့  တပ်မတော်- EAOs စတဲ့ အင်အားစုများအားလုံးက ဝိုင်းဝန်းကြိုးစားကြဖို့လိုအပ်ပြီး ပြည်သူတွေ၊ အနာဂါတ်နိုင်ငံသားများအတွက် အကောင်းဆုံးအခွင့်အလန်းတွေ ဖန်တီးပေးဖို့လိုအပ်ပါတယ်လို အကြံပြုတင်ပြအပ်ပါတယ်

လင်းနေ
#KT

Post a Comment

Previous Post Next Post