KNU ပျောက်ကွယ်နိုင်လား?

Views



အရှေ့တောင်တိုင်းစစ်ဌာနချုပ်သည် ၁၉၆၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အစဉ်အလာကောင်းသော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ခဲ့ပြီး မြန်မာ့တပ်မတော်သမိုင်းတွင် အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

ယခင်က အင်အားကြီးနိုင်ငံဖြစ်သည့် US ရဲ့ alliance ဖြစ်သည့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် တောက်လျှောက်ထိစပ်လျက်ရှိသော တိုင်းစစ်ဌာနချုပ်လည်း ဖြစ်ပါသည်။ ပြည်ပရန်ကာကွယ်မှုများအတွက် မဟာဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နယ်စပ်ဒေသတစ်လျှောက် အရေးပါသော စခန်းကြီးများလည်း တည်ရှိပါသည်။

သမိုင်းအစဉ်အလာအရ Rival ဖြစ်သော ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် နာမည်ကြီးစခန်းများဖြစ်သော ကျောက်ညှပ်၊ ဒါးကွင်း၊ ဥသုထ၊ ဝါးခသစ် အစရှိသော စခန်းကြီးများအနေဖြင့် ပြည်ပရန်ကာကွယ်ရေးအတွက် ကြံ့ကြံ့ခံကာ နိုင်ငံတော်တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ ထို့အပြင် ခေတ်အဆက်ဆက် သူရဲကောင်းများ ပေါ်ထွက်လာသော ရေခံမြေခံကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး အဇင်း-ကျိုက်ဒုံဒေသ၊ မဲသဝေါဒေသ၊ ကျောက်ညှပ်ဒေသ၊ ဝေါလေဒေသ အစရှိသောနေရာများတွင် သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့ပါသည်။

ထိုင်းနိုင်ငံရဲ့အကာအကွယ်ကိုရယူပြီး ကရင်လူထုကို အဓိကအားယူခဲ့တဲ့ အင်္ဂလိပ်တို့ မွေးထုတ်ပေးလိုက်သော KNU မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို အဓိက ခြိမ်းခြောက်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါသည်။

KNU နှင့် မြန်မာ့တပ်မတော်ကြား ထင်ရှားသောတိုက်ပွဲများဖြစ်ခဲ့တဲ့ ၁၉၈၀ မှ ၂၀၀၀ ခုနှစ်အကြား ရွာဟေ့လူတိုက်ပွဲ၊ ဝေါလေစခန်းတိုက်ပွဲ၊ မဲသဝေါဒေသစခန်းတိုက်ပွဲ၊ မော်ဖိုးကေ-မဲလစခန်းတိုက်ပွဲ၊ ဝါးခသစ်- ဝါးခဟောင်းတိုက်ပွဲ၊ ဖလူး၊ မာနယ်ပလောတိုက်ပွဲ စသည်တို့မှာ ထင်ရှားသောတိုက်ပွဲများ ဖြစ်ခဲ့ပါသည်။

KNU အပြင် KNU/KNLA(PC) DKBA(KKO) NMSP(မွန်) ၊ ABSDF DKBA ခွဲထွက် အစရှိသော EAO အဖွဲ့ကြီးများအနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်ဧရိယာအတွင်း လှုပ်ရှားလျက်ရှိပြီး လက်နက်ကိုင်အဖွဲ့များစွာ ရှိသော နေရာတစ်ခုလည်း ဖြစ်ပါသည်။

မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဒေသဖြစ်သဖြင့် အထူးသတိကြီးစွာ ကိုင်တွယ်ထိန်းချုပ် ရသောဒေသတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ကိုင်တွယ်ရသောတိုင်းမှူးများ အနေဖြင့် အရည်အချင်းပြည့်ဝမှု၊ ခေါင်းဆောင်မှု၊ စည်းရုံးမှု၊ စစ်ရေးပရိယာယ်ကြွယ်ဝမှု အစရှိသော ကောင်းမွန်သည့် အင်္ဂါရပ်များဖြင့် ပြည့်စုံသောပုဂ္ဂိုလ်များလည်း ဖြစ်ပါသည်။

လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ကြုံတွေ့နေရသော တိုက်ပွဲများမှာ ၁၉၈၀ နောက်ပိုင်း ယခင်တိုက်ပွဲများနှင့်ယှဉ်လျှင် သိသာစွာ တိုးတက်ပြောင်းလဲလာခဲ့ကြောင်းလည်း သိရှိနိုင်မည်ဖြစ်သည်။ လက်နက် (Weapon)၊ စစ်နည်းဗျူဟာ(Strategy)၊ ထောက်ပံ့မှု(Support)၊ ခေါင်းဆောင်မှု(Leadership)စသော ပြောင်းလဲလာသည့် တိုက်ပွဲများအား ခေတ်နှင့်အညီ ဗျူဟာမြောက် ဆင်နွှဲနေကြောင်းကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ကြုံတွေ့နေရသောတိုက်ပွဲများအရ ယခင်ခေတ်မှ မျက်မှောက်ခေတ်အချိန်ထိ KNU နှင့်သာ အများဆုံး ဖြစ်ပွားခဲ့ခြင်းကြောင့် KNU အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အင်အားကြီးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း မှတ်ချက်ပြုရပေမည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နှစ်ပေါင်း ၇၀ ကျော်တိုက်ခိုက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း KNU သမိုင်းကို အကျဉ်းချုပ်တင်ပြသွားပါမည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ခရစ်နှစ် ၁၉၄၇ ဖေဖော်ဝါရီလမှာစတင်တည်ထောင်ခဲ့ပြီး ပထမဦးဆုံး KNU ၏ ဥက္ကဌမှာ စောသာဒင်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကရင်အမျိုးသား ညီလာခံအား ကျင်းပခဲ့ပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ကန့်ကွက်ဖို့ဆုံးဖြတ်ခဲ့ကြသည်။

ဖဆပလခေတ် လွတ်လပ်ရေးရယူပြီးနောက်ပိုင်းအချိန်များမှစ၍ အစိုးရကိုနည်းလမ်းပေါင်းစုံနဲ့ တော်လှန်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်ရှိ အင်းစိန်မြို့အား သိမ်းပိုက်နိုင်ခဲ့ဟု ဆိုကြလေသည်။

ဖဆပလ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်း လက်ထက် KNDO တို့တိုက်ပွဲအလီလီဆင်နွှဲခဲ့ပြီး ရန်ကုန်ရှိ နေရာတော်တော်များများအား အသက်သွေးချွေးများရင်း၍ တိုက်ခဲ့ကြကာ နောက်ဆုံး ကရင်အမျိုးသားအစည်းအရုံး KNU အမည်ဖြင့် ကရင်ပြည်နယ်အား လက်နက်ကိုင်အုပ်ချုပ်ခဲ့ကာ တပ်မတော်အား နှစ်ပေါင်း ၆၀ ကျော် ခုခံတိုက်ခိုက်ကြသည်ဟု ကရင့်သမိုင်းက ဆိုလေသည်။

နယ်ချဲ့အင်္ဂလိပ်တို့၏ တောင်တန်းနှင့်ပြည်မ ခွဲခြားဆက်ဆံကာ သွေးခွဲပြုမူအောင်မြင်ခဲ့ခြင်းကြောင့် မြန်မာ့ တပ်မတော်နှင့် KNU တို့ ယနေ့အချိန်ထိ တိုက်ပွဲများကြား အသက်၊ သွေး၊ ချွေး တို့ ပေးဆပ်ခဲ့ရသည် ဆိုသော သမိုင်း ကိုတော့ ဖုံးကွယ်မြဲဖုံးကွယ်နေကြသည်။

KNU တို့၏ လူမျိုးကြီးဝါဒအစွဲ လက်ကိုင်ထားမှုအား ပယ်ဖျက်ရန်နှင့် တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ် စေရန် လုပ်ကိုင်လျက်ရှိသော မြန်မာ့တပ်မတော်၏ သဘောမူအရ တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခဲ့ပြီး KNU တို့၏ အခြေပြုနေရာများမှာ ကျဉ်းမြောင်းလာခဲ့ရသည်။

တပ်မတော်မှ အင်းစိန်အား ပြန်လည်သိမ်းပိုက်ရယူပြီး ဆက်တိုက်ဆိုသလို KNU တို့၏ ပြောင်းလဲအခြေပြုနေရာများဖြစ်သောမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသနှင့် မာနယ်ပလောဒေသများထိပါ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ KNU တို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဘိုမြနှင့် ပဒိုမန်းရှား တို့ ၁၉၉၅ ဝန်းကျင်တွင် ကွယ်လွန်ခဲ့ပြီး KNU ခေါင်းဆောင်များ ထိုင်းနိုင်ငံအတွင်း ခိုလှုံခဲ့ကြကာ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်ပ အထောက်အပံ့များ ရယူကာ တပ်မတော်အား ပုန်ကန်တွန်းလှန်ခဲ့ကြသည်။

၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ သဘောထားများကို မကြိုက်နှစ် သက်သော ဗုဒ္ဓဘာသာကိုးကွယ်သူ ကရင်လူမျိုးများမှ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (DKBA) အား ဖွဲ့စည်းပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲကာ ငြိမ်းချမ်းရေးယူခဲ့သည်။ ထိုအချိန်များတွင် ကရင်ပြည်နယ်မှာ မတူ ကွဲပြားစွာ ငြိမ်းချမ်းသာယာသော ဒေသများစွာပေါ်ထွက်လာခဲ့သည်။ ထို့အပြင် DKBA အနေဖြင့် BGF ခေါ် နယ်ခြားစောင့်တပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်အား ထမ်းဆောင်လျက်ရှိသည်ကို အားအသိပင်ဖြစ်သည်။

၂၀၁၀ ခုနှစ် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် KNU အပါအဝင် အခြား EAO အဖွဲ့များနှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို စတင်ဖော်ဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ KNU ၏ ငြိမ်းချမ်းရေးဗိသုကာ များဖြစ်သော စောမူတူးစေးဖိုး၊ ပဒိုရွှေမောင်း၊ ဆာမိစေးဖိုး၊ ဂျော်နီ အစရှိသော သမ္မာရင့်ပုဂ္ဂိုလ်ကြီးများ၏ ဦးဆောင်မှုဖြင့် KNU အား ထိန်းကျောင်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းတွင် OICCIA နိုင်ငံများအလိုကျ ဆောင်ရွက်သော KNU အဖွဲ့တွင်း ခေါင်းဆောင်ငယ်များဖြစ်သည့် စောတာဒိုးမူ၊ စောတောနီး၊ ဘောကျော်ဟဲ၊ နယ်ဒါးမြ တို့မှ NUGPDF အကြမ်းဖက်တို့အား အကာအကွယ်ပေးပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ်ကျော်ငြိမ်သက်လျက်ရှိသော စစ်မီးများ တစ်ဖန်တောက်လောင်လာခဲ့ပါသည်။

တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်ရပ်စဲခြင်းအား ကြေညာလိုက်နာခဲ့သော်လည်း ကရင်ပြည်နယ် KNU လှုပ်ရှားရာဒေသများဖြစ်သော ဖာပွန်ဒေသ၊ ဝေါလေဒေသ၊ လေးကေ့ကော်တစ်ဝိုက်ရှိ တပ်မတော်၏ ပြည်ပရန် ကာကွယ်ရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်စခန်းများ တိုက်ခိုက်ခြင်းခံရ၍ တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ရသည်ဟူ၍ ဆိုနိုင်သည်။ ထို့အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် KNU အဖွဲ့အား တိုက်ခိုက်ခြင်းမဟုတ်ဘဲ အကြမ်းဖက် PDF များကိုသာ နယ်မြေရှင်းလင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNU ၏ တာဝန်ရှိသူများအား အကြောင်းကြားညှိနှိုင်းခဲ့ရာ ၎င်း KNU ခေါင်းဆောင်ပိုင်းမှ လက်ခံခဲ့ သော်လည်း NUG အလိုကျ ခေါင်းဆောင်ငယ်များမှာ အကြမ်းဖက် PDF များနှင့် ပူးပေါင်းမြဲပင်ဖြစ်သည်။

လက်ရှိအခြေအနေများအရ KNU အဖွဲ့အနေဖြင့် NCA လမ်းကြောင်းအတိုင်း ဆက်လက်တည်ရှိလိုကြောင်း ဗဟို၏ ထုတ်ပြန်ချက်များအရ သိရှိနိုင်ပေသည်။ သို့ရာတွင် ၎င်းတို့အဖွဲ့အတွင်း၌လည်း NCA ကို လိုလားသော အဖွဲ့၊ NUG နှင့်ပူးပေါင်းလိုသည့် အဖွဲ့၊ ကြားနေအဖွဲ့ဟူ၍ ၃ ဖွဲ့ ကွဲလျက်ရှိပြီး ယခုအခါ တရားဝင် KNU မှ ခွဲထွက်၍ စစ်ရေး နည်းကို ရွေးချယ်သွားသော နယ်ဒါးမြ ဦးဆောင်သည့် ကော်သူလေးအာမီ ဟူသော ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ပေါ်ပေါက်လာသည်။

ယခင် KNU စတင်ဖြစ်ပေါ်လာသော သမိုင်းနည်းတူ ကော်သူလေးအာမီအနေဖြင့် ဆန့်ကျင်ဘက်နိုင်ငံများ၏ အထောက်အပံ့ကို အဓိကရယူ၍ PDF အကြမ်းဖက်များကို အခြေခံကာ နှစ် ၇၀ ကြာ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ကို ရှေ့ဆက်ကြပေဦးမည်။ Conflict အခြေခံ၍ လူငယ်များကိုစည်းရုံးကာ KNU နှင့်စင်ပြိုင် အဖွဲ့တစ်ရပ်ကိုဖွဲ့စည်းရန် စိတ်ကူးထားသည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော ကော်သူလေးအာမီဆိုသည်မှာ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသောအမည်ဖြစ်သဖြင့် ရေရှည် KNU အား ကရင်ပြည်နယ်အတွင်း ပျောက်ကွယ်သွားစေလိုပြီး ယခု KNU ရှိ စစ်ရေးလိုလားသော ခေါင်းဆောင်ငယ်များနှင့် နယ်ဒါးမြ တို့ပူးပေါင်းကာ Super Army တစ်ခု ဖန်တီးသွား နိုင်မည်လား ဆိုတာပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား အဓိကယှဉ်ပြိုင်လာနိုင်သော အဖွဲ့အနေဖြင့် ကော်သူလေးအာမီဟုဆိုနိုင်ပြီး KNU ၏ ပုံရိပ်မှာ စောတာဒိုမူး၊ စောတောနီး၊ ဘောကျော်ဟဲ၊ နယ်ဒါးမြတို့ကြောင့် ပျောက်ကွယ်သွားနိုင်ပါကြောင်းနှင့် လက်ရှိအရှေ့တောင်တိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တပ်မတော်ရဲ့အစဉ်အလာနဲ့ ယခင်ကနောင်တော်ကြီးများ ရေးထိုးထားခဲ့သော သမိုင်းဝင်သူရဲကောင်းများ မွေးဖွားရာဒေသကို ဆက်လက်ကာကွယ်ထမ်းဆောင်ပြီး မြန်မာပြည်သူတွေကို ဆက်လက်အကာအကွယ်ပေးနိုင်ပါစေကြောင်းနဲ့ တရားသောစစ် အောင်မြင်ပါစေကြောင်း တင်ပြအပ်ပါသည်။

Crd. လင်းနေ
#KT


Post a Comment

Previous Post Next Post