အော်ရီဒူး ဂယက်

Views

အော်ရီဒူးထွက်မယ်ဆိုတော့ တချို့သော ပြည်သူတွေက မြန်မာ့စီးပွားရေးကြီး အကျဖက်ရောက်လာလို့၊ ဒေါ်လာဈေးတွေ ကြီးမြှင့်လာလို့  ပြည်ပလုပ်ငန်းရှင်တွေက မြန်မာပြည်က စွန့်ခွာလာကြပြီပေါ့။ ဒီလိုပဲ အကြမ်းဖျဉ်းတွက်ကြတဲ့အခါ အများစုက စိတ်ပူကြတယ်။ 

တစ်ခုရှိတာက  စီးပွားရေးက စီးပွားရေးပါပဲ။ ဒီလုပ်ငန်းကို ရေရှည်လုပ်ဖို့ အဆင်မပြေဘူးလို့ ပိုင်ရှင်ဖြစ်သူက ယူဆတဲ့အခါ လုပ်ငန်းပိုင်ရှင်က အခြားပိုင်ရှင်တစ်ဦးကို လက်လွှဲရောင်းချတာမျိုးက သဘာဝပါပဲ။ ဒါက ဆက်သွယ်ရေးလုပ်ငန်းမှ မဟုတ်ပါဘူး။ အခြားလုပ်ငန်းတွေမှာလည်း ဒီလိုပဲဖြစ်ပါတယ်။  ပြောချင်တာက  ဥပမာ-အော်ရီဒူးရဲ့ တန်ကြေးက ကာလပေါက်ဈေး ဒေါ်လာ သန်း ၅၀ ရှိလို ဝယ်ယူသူကလည်း ဒေါ်လာ သန်း ၅၀ ပေးနိုင်ရင် ဒီအရောင်းအဝယ်ဖြစ်လာမှာပါပဲ။ စီးပွားရေးသမားအနေနဲ့ကတော့ ဒီနိုင်ငံမှာ ရေရှည်အရင်း အနှီးလုပ်ရင် အဆင်ပြေနိုင်မလား၊ တခြားနိုင်ငံမှာ တခြားလုပ်ငန်းပြောင်းလုပ်မလား။ စသဖြင့် အတွေးများစွာနဲ့ အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ 

အရေးအခင်းစဖြစ်တော့ မြို့နယ်အများစုမှာ Mytel တာဝါတိုင်တွေက  PDF တွေ ရဲ့ ဖျက်စီးချိုးဖျက်ခြင်းကိုခံခဲ့ကြရတယ်။ နောက်ပိုင်း PDF တွေက မိုင်တယ်တာဝါတိုင်ရယ်လို့ သီးသန့်မဟုတ်တော့ဘူး။ မြင်မြင်သမျှ တာဝါတိုင်‌တွေကို  မိုင်းခွဲဖျက်စီးလာတဲ့အခါ ဒီဆက်သွယ်ရေးလုပ်ငန်းအပေါ် မှာ ပိုင်ရှင်ဖြစ်သူတွေက အနည်းနဲ့ အများတော့ စိုးရိမ်မှုတွေရှိလာမှာပါပဲ။ အခြေခံအဆောက်အဦဖြစ်တဲ့ တာဝါတိုင်တွေတည်ဆောက်ဖို့ဆိုတာ နှစ်အများကြီး အချိန်ယူတည်ဆောက်ထားတာဖြစ်လို့ ဒီလိုလုပ်ရပ်တွေအပေါ်မှာ ပိုင်ရှင်ဖြစ်သူတွေက နှစ်သက်မှာမဟုတ်တာတော့ သေချာတယ်။ 

လူဦးရေ ၅၅ သန်းနီးပါးရှိပြီး မြန်မာပြည်မှာ ဝေစု တတိယနီးပါးကွန်ယက်ရှိနေတဲ့ ဆက်သွယ်ရေး လုပ်ငန်းတစ်ခုက မြန်မာပြည်ကထွက်ခွာဖို့ ကြိုးစားတာဟာ သုံးစွဲသူပြည်သူတွေကိုတော့ တိုက်ရိုက်ထိခိုက်စေမှာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းသမားကတော့ တန်ရာတန်ကြေးရောင်းပြီးမှပဲ ထွက်ခွာမှာဖြစ်သလို ဝယ်ယူမယ့်လုပ်ငန်းရှင်ကလည်း လူဦးရေ ၅၅ သန်းနဲ့ တတိယမြောက်ကွန်ယက်အကြီးဆုံးဆိုတဲ့ မက်လုံးတွေကြောင့် လက်ဆင့်ကမ်းဝယ်ယူဦးမှာ ဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ တစ်ခုပဲရှိပါတယ်။ ဒီတိုင်းပြည်မှာ အစိုးရကို တော်လှန်နေတဲ့ လူတစ်စုကြောင့် ဒီတိုင်းပြည်မှာ လက်ရှိအချိန်ကာလအတွင်း Investment လုပ်လို့ မရဘူးဆိုတဲ့ အမြင်တစ်ခုကတော့ အကျည်းတန်သွားစေမှာဖြစ်ပါတယ်။ 

#ဖိုးစီ

#KT

Post a Comment

Previous Post Next Post