ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်တန်ပြီ

Views

၁။ ထိုင်းနယ်စပ် သံလွင်မြစ်ဖျားမှာ အခြေပြုနေတဲ့ ရခိုင်စစ်စခန်းတစ်ခုကို တပ်မတော်က ချေမှုန်းလို့အပြီးမှာ  ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲတွေကို  AA က ပြန်ပြီး လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာတွေ့ရတယ်။ ခိုင်သုခရဲ့ မီဒီယာတွေကို ပြောတဲ့စကားအရဆိုရင် ဒါဟာ ကရင်ဘက်က ဖြစ်စဉ်အပေါ်ကို လက်တုန့်ပြန်တာပဲဆိုတဲ့ အနက်အဓိပ္ပာယ်ပဲ ရောက်ပါတယ်။ ဒါဆိုရင် ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ AA က ဘာလို့ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ်ထဲမှာ ရှိနေရသလဲဆိုတဲ့ မေးခွန်းကိုတော့ သူတို့ လူသိရှင်ကြား ဖြေကြမှာမဟုတ်ပါဘူး ။ သူတို့မဖြေလည်း အဖြေကတော့ ရှင်းပါတယ်။  စစ်ကိုင်းနဲ့ ကချင်ပြည်နယ်ကြားက  စစ်နယ်တဝှမ်းမှာရှိတဲ့ PDF တွေအတွက်   ထိုင်းကနေတဆင့်  လက်နက်တွေကို တရားမဝင် တင်သွင်းဖို  KNU ရဲ့ တပ်မဟာတချိုနဲ့ သဘောတူညီမှုယူပြီး လုပ်နေတဲ့ လမ်းကြောင်းတစ်ခုဆိုတာပါပဲ။ 


-----------

၂။မကြာသေးခင်အချိန်တုန်းက ထွန်းမြတ်နိုင်ကနေ ရခိုင်စစ်တိုင်းမှူးကို စိန်ခေါ်တဲ့အကြောင်းကို မှတ်မိကြဦးမှာပါ။ ဒါက အကြောင်းမဲ့ မဟုတ်ပါဘူး။ စစ်ရှောင်တွေကို အကြောင်းပြုပြီး မူးယစ်ဆေးဝါး သယ်ယူနေတဲ့ကိစ္စတွေနဲ့ လက်နက်မှောင်ခိုလုပ်နေတဲ့လမ်းကြောင်းတွေကို တပ်ကသိနေလို့ ဂိတ်တွေမှာ စစ်ဆေးမှုတွေ နည်းနည်းကြပ်မတ်လိုက်တဲ့အခါ   AA ဆီက အသံထွက်လာတဲ့သဘောပါပဲ။ 


-----------

၃။ လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ EAOs တွေနဲ့ ဖြစ်တဲ့ စစ်ပွဲတွေထဲက တချိုက လူမျိုးဒေသကို အခြေခံပြီး ဖြစ်နေတဲ့ စစ်ပွဲတွေမို မျိုးပြုတ်အောင် တိုက်လို မရဘူးဆိုတဲ့ အခြေခံသဘောတရားကိုတော့ သိထားဖို လိုပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောသလို တပ်မတော်မှာ တာဝေးပစ်လက်နက်/ဒုံးတွေလည်း ရှိပါတယ်။ လက်နက်ကိုင်အဖွဲတွေရဲ့ တပ်ဌာနချုပ် တည်နေရာ မြေပုံညွှန်းတွေလည်း တပ်မတော်မှာ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ရှည်ကြာမှုဟာ ဒီလို တိုက်လိုက်ရုံနဲ့ ပြီးပြတ်သွားတာမျိုးမဟုတ်ဘူးဆိုတဲ့ Mindset ကြောင့်သာ  NCA ကို စိတ်ရှည်ရှည်နဲ့ ခေါ်နေခြင်းသာဖြစ်ပါတယ်။ 

------------

၄။ ဒါပေမယ့်လည်း လက်ရှိ AA ၊ KIA နဲ့ KNU တပ်မဟာအချို့တွေရဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးလည်း မလာချင်သလို ပြည်ထောင်စုရဲ့ အချုပ်အခြာကိုထိပါးစေနိုင်တဲ့အထိ အုပ်ချုပ်ရေးယန္တရားတွေကို ပေါ်ပေါ်ထင်ထင်ပဲ တိုက်ခိုက်လာတာတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ- ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အစိုးရအုပ်ချုပ်ရေးဝန်ထမ်းတွေကို တာဝန်ကနေ နှုတ်ထွက်စေပြီး အသက်အန္တရာယ်ကို ချိမ်းခြောက်တဲ့ လုပ်ရပ်မျိုးတွေဟာ သူတိုပြောတဲ့ စစ်အာဏာရှင် ကျရှုံးရေးဆိုတာထက် လူမျိုးရေးပါတဲ့ စိတ်ခံစားချက်နဲ့ ဆောင်ရွက်နေတာမျိုးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ 

----

၅။ တိုင်းရင်းသား EAOs တွေတောင်းဆိုတဲ့ တန်းတူညီမျှမှုနဲ့ ဖက်ဒရယ်အရေးကိစ္စတွေမှာ NCA မူဘောင်ထဲကနေ လိုအပ်တာတွေကို ညှိယူ၊ သဘောတူညီမှု ရတဲ့အချက်တွေကို လွှတ်တော်မှာ အတည်ပြု၊ အတည်ပြုချက်ရတာတွေကို ၂၀၀၈ ဖွဲစည်းပုံမှာပြင်၊ နောက်ပိုင်း DDR/SSR အထိ လျှောက်လှမ်းမယ်ဆိုတဲ့ NCA ရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်လိုမျိုး ကွန်ဖန်ဒရိတ်အိမ်မက်မက်နေတဲ့ EAOs တွေနဲ့ CIA ကြိုးဆွဲသလို ဒေါ်လာလေးရတိုင်း ပွဲကပေးနေရတဲ့ KNU တပ်မဟာအချိုတွေရဲ့ လုပ်ရပ်ကြောင့် ငြိမ်းချမ်းရေးဟာ အတော်လေး အလှမ်းဝေးနေဦးမယ့်သဘောရှိပါတယ်။ သေချာတာတစ်ခုက တော့ "သူတစ်ကျပ်၊ ကိုယ်တစ်ကျပ်" ရှိနေတဲ့ အနေအထားတစ်ခုမှာ ဘယ်အဖွဲအစည်းမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်လာမယ့်သဘောမရှိပါဘူး။ တိုင်းရင်းသားမို့ အလျော့ပေးနေသည့်တိုင် တချို့ကိစ္စတွေမှာ ကိုယ်က "မာ"ပြရမှ အဆင်ပြေမယ့်သဘောရှိတာမျိုးလည်း တွေ့ရမှာဖြစ်ပါတယ်။ 



#ဖိုးစီ

#KT


Post a Comment

Previous Post Next Post