မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများ၏ ဝါဒဖြန့်ချိမှုများနှင့် သတင်းအဆိပ်ခတ်နေမှုများ

Views

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက မဖုံးနိုင်မဖိနိုင် မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေဖောက်ဖျက်မှုများကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အိမ်စောင့် အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်တွင်း/ပြည်ပလူပုဂ္ဂိုလ်အဖွဲ့အစည်းများက မီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိနေမှုတွေကို “သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု သတင်းအမှားများ၏အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၃-၅-၂၀၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှာ ဆောင်းပါးရေးသား ဖော်ပြခဲ့ပါသည်။ ယခုအခါမှာ ထိုဆောင်းပါးကို ရုရှားနိုင်ငံရဲ့ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း Internauka နဲ့ ai-news.ru ဆိုတဲ့ သတင်းစာမျက်နှာတွေမှာ ရုရှားဘာသာနဲ့ ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်းတွေနဲ့ အင်တာနက် သတင်းစာမျက်နှာတွေမှာ ဒီဆောင်းပါးကို ပြန်လည်ဖော်ပြရတဲ့ အကြောင်းအရင်းကတော့ ရုရှား-ယူကရိန်း စစ်ပွဲမှာလည်း အနောက်မီဒီယာများက သတင်းအတု၊ သတင်းအမှားတွေကို အသုံးချပြီး သတင်းမီဒီယာစစ်ပွဲ ဆင်နွှဲနေကြတဲ့အတွက် မြန်မာနိုင်ငံက သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးအတိုင်းပဲ တူညီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခံနေရလို့ဖြစ်ကြောင်း သိရှိရပါသည်။ ဒါကြောင့် မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေသာမက ရုရှားလို အင်အားကြီးနိုင်ငံများကိုပါ ဒီလိုသတင်းအတု၊ သတင်းအမှားတွေကို အသုံးချပြီး ဝါဒဖြန့်တိုက်ခိုက်ခံနေရတယ်ဆိုတာ ထင်ရှားတဲ့သက်သေ သာဓက ဖြစ်ပါတယ်။

၂၁ ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာ (Information Technology) အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အတူ နည်းပညာနဲ့ ငွေကြေးအားသာချက်ကို အသုံးချပြီး ဆိုရှယ်မီဒီယာများကနေတစ်ဆင့် ဝါဒဖြန့်ချိခြင်းတွေကို စနစ်တကျ အကွက်ချ ဆောင်ရွက်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အပြောင်းအလဲ အခြေအနေကို အမြတ်ထုတ်ပြီး ဝါဒဖြန့်ချိမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြပါတယ်။ ဘယ်လိုအကွက်ချပြီး စနစ်တကျ ဆောင်ရွက်ခဲ့ကြတယ်ဆိုတာကို ဒီဆောင်းပါးမှာ ကျွန်တော် ထပ်မံရှင်းလင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ စတင်ချိန်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲလိမ် / မဲခိုးမှုတွေနဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေအရ ဝင်ရောက်ထိန်းသိမ်းရတဲ့ အကြောင်း တရားအမှန်ကို ပုံဖျက်ပြီး စစ်တပ်က မတရားအာဏာသိမ်းတယ်ဆိုတဲ့ အတွေးအခေါ် အယူအဆကို ပြည်သူများအကြားမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားအောင် သတင်းအချက်အလက်ပုံဖျက်ခြင်း (Disinformation) နဲ့ ၎င်းတို့ရဲ့ အယူအဆမှား/ သတင်းမှားတွေကို ပျံ့နှံ့စေခြင်း (Misinformation Floating) ဖြစ်အောင် ဆိုရှယ်မီဒီယာတွေနဲ့ ၎င်းတို့ကြိုတင်မွေးမြူတည်ဆောက်ထားကြတဲ့ ကွန်ရက်များကနေတစ်ဆင့် ဆောင်ရွက်ကြပါတယ်။ NLD အစိုးရရဲ့ မဲလိမ်/ မဲခိုးမှုတွေကို ဖော်ပြရေးသားကြတဲ့ ပြည်သူတွေရဲ့ အသံတွေ၊ အကောင့်တွေနဲ့ စာမျက်နှာတွေကိုလည်း Face-book Newsfeed Algorithm ရဲ့အကူအညီ၊ FB Team က မြန်မာစကား တတ် ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းများကို တစ်ပြိုင်နက် ဆောင်ရွက်စေခဲ့ပါတယ်။

တစ်ပြိုင်တည်းမှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားလာမှု ကန့်သတ်ထိန်းချုပ်ထားရတဲ့ အခြေအနေကြောင့် စိတ်မွန်းကျပ်နေတဲ့ ပြည်သူလူထုကို ထွက်ပေါက်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ လမ်းပေါ်ထွက်လာအောင် ဆွဲထုတ်ခဲ့ကြပါတယ်။ ဒါကလည်း တိုက်ဆိုင်မှုမဟုတ်ဘဲ အမေရိကန်နိုင်ငံသား ဂျင်းရှပ် (Gene Sharp) ရေးသားထားတဲ့ From Dictatorship to Democracy ဆိုတဲ့ စာအုပ်ထဲက နည်းနာတွေအတိုင်း အစီအစဉ်တကျ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြည်သူလူထုကြီး မြင်တွေ့လိုက်ရတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံ၊ လူစိတ်ဝင်စားမယ့် အဖော်အချွတ် ပုံစံမျိုးစုံနဲ့ လမ်းပေါ်ထွက် လာကြတာတွေ၊ သံပုံးတီးကြတာတွေက ဂျင်းရှပ်ရဲ့ နည်းနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနာတွေနဲ့ လူထုရဲ့ Social Psychology ကို အချိန်ကိုက် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုလှုံ့ဆော် ချိတ်ဆက်မှုတွေအားလုံးရဲ့ အဓိကလမ်းကြောင်းက ဆိုရှယ်မီဒီယာများပဲ ဖြစ်ပါတယ်။

တကယ်တော့ ဂျန်ဇီး (GenZ) လို့အမည်လှလှလေး တပ်ပေးလိုက်တဲ့ လူငယ်ထုဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီအသွင် ကူးပြောင်းမှုနောက်ပိုင်းမှာ အရွယ်ရောက်ခဲ့သူတွေဖြစ်ပြီး အိုင်တီနည်းပညာတွေနဲ့ နီးစပ်တဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပွင့်လင်းလွတ်လပ်လာတဲ့ သတင်းမီဒီယာနဲ့ နိုင်ငံရေးအခြေအနေကို အမြတ်ထုတ်ပြီး ၎င်းတို့အလိုကျ အတွေးအခေါ်များ၊ ယဉ်ကျေးမှုများနဲ့ နီးစပ်ပေးခြင်းခံခဲ့ရတဲ့ မျိုးဆက်လို့လည်း ဆိုနိုင်ပါတယ်။ GenZ လေးများရဲ့ လူငယ်သဘာဝ တက်ကြွတဲ့စိတ်အခံကို အသုံးချခဲ့ကြပါတယ်။

ပုံစံမျိုးစုံဆန္ဒပြမှုတွေနဲ့အတူ ပေါ်ထွက်လာတာက အစိုးရယန္တရား မလည်ပတ်နိုင်အောင်နဲ့ ပျက်စီးသွားအောင် အစိုးရဝန်ထမ်းများ ရုံးမတက်ကြဖို့ CDM လှုံ့ဆော်မှုတွေ ဖြစ်ပါတယ်။ တကယ်တော့ ဝါဒဖြန့်ချိသူတွေဟာ CDM လုပ်လာမယ့် ဝန်ထမ်းတွေကို တာဝန်ယူပေးနိုင်မှာ မဟုတ်ပေမယ့်လည်း အများကြိုက် ငွေကြေးမက်လုံးနဲ့ ဆွဲဆောင်မှုများ၊ ရာထူး/နေရာနဲ့ ဆွဲဆောင်မှုတွေနဲ့ လူကြိုက်များအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ CDM မအောင်မြင်နိုင်ကြောင်း သုံးသပ်ရေးသားပြခဲ့သူတွေ ရှိပေမယ့် သူတို့ရဲ့စကားသံက ကန့်သတ်ထားခြင်း ခံရတာကြောင့် ထင်တိုင်းမပေါက်ခဲ့ကြပါဘူး။ ယခုလက်တွေ့မှာတော့ CDM ဆိုတဲ့ အသံတွေ တိုးတိတ်သွားပြီး NUG အကြမ်းဖက်အဖွဲ့နဲ့ လေလှိုင်းပေါ်က လူသတ်သမားများဟာ CDM သမားတွေကို ပစ်ပယ်လိုက်ကြပါပြီ။ သူတို့ရဲ့ ဝါဒဖြန့် လှုံ့ဆော်မှုတွေကို ယုံကြည်မိခဲ့တဲ့ ဝန်ထမ်းတချို့ နယ်စပ်မှာ ဘဝပျက်စီးနေကြပြီး မိသားစု ဘဝတွေလည်း ကြေမွသွားခဲ့ကြပါတယ်။ နစက အစိုးရကတော့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ပြန်လည်ခေါ်ယူမှုတွေ ဆောင်ရွက်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

CDM လှုံ့ဆော်မှုတွေ မအောင်မြင်နိုင်မှန်း သိလိုက်တဲ့အချိန်မှာတော့ အနောက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူကို ဆိုရှယ်မီဒီယာတွေကနေ လှုံ့ဆော်ပြီး အကြမ်းဖက်ဆောင်ရွက်မှုတွေဆီ စနစ်တကျ လမ်းကြောင်းပြောင်းလဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကိုက်ပဲ အမေရိကန်နိုင်ငံသားတစ်ဦးက မြန်မာလူငယ်တွေကို အွန်လိုင်းကနေ အကြမ်းဖက်သင်တန်းတွေပေးခဲ့ပြီး အကြမ်းဖက် NUG အဖွဲ့က ဆာဆာတက်ရောက်ခဲ့တဲ့ အထောက်အထားကို စင်ကာပူအခြေစိုက် မီဒီယာတစ်ခု ဖော်ထုတ်ခဲ့ပါသေးတယ်။ သူတို့အသုံးချခဲ့ကြတာက ပညာအခြေခံနည်းပါးသူတွေ၊ NLD ကိုထောက်ခံတဲ့ နိုင်ငံရေးအစွန်း ရောက်သူတွေနဲ့ ဖျက်လိုဖျက်ဆီးစိတ်ဓာတ် အခံရှိသူတွေကို ရှေ့တန်းတင်စည်းရုံးပြီး နိုင်ငံနဲ့အဝန်း အကြမ်း ဖက်လုပ်ရပ်တွေ ဆောင်ရွက်ဖို့ လှုံ့ဆော်ဝါဒဖြန့်ချိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အပြစ်မဲ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုကို ဒလန်လို့စွပ်စွဲပြီး အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ တရားခံအစစ်က ပြည်တွင်း/ ပြည်ပ မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများ ဖြစ်ပါတယ်။

နောက်ထပ်သိသာထင်ရှားတာတစ်ခုက အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေ ပညာရေးအတွက် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ပေးတဲ့အချိန်မှာ ကလေးတွေ ကျောင်းမတက်ကြအောင်၊ ကျောင်းမတက်ရဲကြအောင် အမျိုးမျိုး လှုံ့ဆော်ဝါဒ ဖြန့်ခဲ့ကြပါတယ်။ မြေပြင်မှာလည်း စာသင် ကျောင်းတွေကို ဗုံးခွဲတာ၊ မီးရှို့တာတွေကို တစ်ပြိုင်နက် ကျူးလွန်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း အစိုးရရဲ့ စေတနာအမှန်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်တွေရဲ့ ပညာရေးကို နားလည်တဲ့ မိဘပြည်သူတွေကြောင့် သူတို့ရဲ့ ဝါဒဖြန့်ချိမှု ရာနှုန်းပြည့်မအောင်မြင်ခဲ့ဘဲ ကျောင်းသား/သူ အများစု ကျောင်းပြန်တက်နေကြတာ ဝမ်းသာစရာ မြင်ကွင်းပဲဖြစ်ပါတယ်။ 

နိုင်ငံရေးနဲ့ ပညာရေးမှာသာမက စစ်ရေးမှာလည်း သတင်းအဆိပ်ခတ်မှုတွေ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေကြတာပါပဲ။ လတ်တလော တပ်မတော်ရဲ့ ဥကရစ်ထစခန်းကို ပြည်ပငွေကြေး ထောက်ပံ့မှုနဲ့ PDF လေးတွေကို အသုံးချပြီး တိုက်ခိုက်ခဲ့ပေမယ့်လည်း KNDO နဲ့ PDF တွေ စခန်းသိမ်းလို့မရဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ဒီစခန်းကို စတင်တိုက်ခိုက်တဲ့အချိန်မှာပဲ စခန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ကြိုတင်ဝါဒဖြန့်ခဲ့ကြပြီး၊ သေဆုံးသွားတဲ့ PDF နဲ့ KNDO အလောင်းတွေကို စုပုံပြီး တပ်မတော်ဘက်က ကျဆုံးလေသယောင် ဝါဒဖြန့်နေကြတာပါပဲ။ တကယ်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက်တော့ အရှုံးချည်းပဲဆိုတာကို နားလည်တဲ့အတွက် နစကအစိုးရကတော့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ နစကဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားချက်က နစကအစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့သလို ပြည်သူတွေကို သတင်းမှားတွေနဲ့ လှုံ့ဆော်တာ၊ အဆိပ်ခတ်တာ များလာတဲ့အတွက် အမှန်တရားကို လိုလားတဲ့ ပြည်သူတွေထဲကပဲ စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေ ရှိလာပါတယ်။ ဒီအဖွဲ့တွေထဲက Fact Check ဆိုတဲ့အဖွဲ့ကတော့ အတော်လေး တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒီအဖွဲ့က ဖော်ထုတ်ထားတဲ့ အချက်အလက်တွေအရ ပြည်ပအထောက်အပံ့ယူပြီး ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ ပြည်ပ မီဒီယာများဖြစ်တဲ့ DVB ၊ Khit Thit ၊ Mizzima နဲ့ Ayeyarwaddy Times အပါအဝင် အခြားသော သတင်းမီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများရဲ့ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန်တွေကို ရှင်းရှင်းလင်းလင်း သိရှိပါတယ်။ Fact Check အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လတစ်လအတွင်းမှာ ပြည်ဖျက်မီဒီယာတွေကနေ ထုတ်လွှင့်နေတဲ့ လုပ်ကြံသတင်းအတု ၃၅၆ ပုဒ်၊ သတင်းအမှား ၈၇ ပုဒ်၊ သတင်းအမှန် ၁၂၇ ပုဒ် ရှိကြောင်း တွေ့ရှိရလို့ အဆိုပါမီဒီယာတွေကနေ ထုတ်လွှင့်ရေးသားချက်တွေရဲ့ ၄ ပုံ ၃ ပုံက အမှားတွေ ဖြစ်တယ်ဆိုတာကို ပြည်သူများ သိရှိနားလည်စေချင်ပါတယ်။

နံပါတ်(၁) အဝါရောင်လေးနဲ့ ဝိုင်းပြထားတဲ့ “လုပ်ကြံသတင်းအတု” ဆိုတာက ဖြစ်စဉ်လုံးဝမရှိဘဲ မြေပြင်မှာ အမှန်တကယ် ဖြစ်နေသလိုမျိုး ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းများဖြစ်ပါတယ်။ PDF အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ပေမယ့် PDF လုပ်တယ်လို့မပြောဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်သလိုမျိုး မီဒီယာတွေပေါ်မှာတင်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ နံပါတ်(၂) အစိမ်းရောင်လေးနဲ့ ဝိုင်းပြထားတဲ့ “သတင်းအမှား”ဆိုတာကတော့ လက်တွေ့မြေပြင်မှာ ဖြစ်စဉ်အမှန်တကယ် ဖြစ်ခဲ့ပေမယ့် တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပိုပြောထားတဲ့ သတင်းဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ် အမှန်တွေကြားမှာ သတင်းဖတ်သူတွေကို ဇဝေဇဝါဖြစ်စေမယ့် သူတို့ဖြစ်စေချင်တဲ့ အကြောင်းအရာတွေ၊ အတွေးအခေါ်တွေကို ထည့်သွင်းရေးသားထားတဲ့ “သတင်းအမှား” များ ဖြစ်ပါတယ်။

ပြည်ဖျက်မီဒီယာများရဲ့ သတင်းအတု၊ သတင်းအမှားများကို Fact Check အဖွဲ့ရဲ့ စိစစ်ချက်အရ PDF အကြမ်းဖက်အဖွဲ့တွေဟာ NUG အဖွဲ့ရဲ့ စေခိုင်းချက်အတိုင်း “ငါနဲ့မတူငါ့ရန်သူ” ဆိုပြီး သူတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး အကြောင်းမဲ့သတ်ဖြတ်နေတာကို တွေ့ရပါတယ်။ ဒီလိုသတ်ဖြတ်ကြတဲ့ သတင်းတွေမှာလည်း အပြစ်မဲ့ပြည်သူတွေကို ဒလန်ဆိုပြီး စွပ်စွဲဖော်ပြထားကြောင်း တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကို ကြည့်ရမယ်ဆိုရင် အေးချမ်းစွာနေထိုင်တဲ့ ပြည်သူတွေဟာ ၎င်းတို့ရဲ့ လူမှုဘဝအဆင်ပြေဖို့ ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေချိန်မှာ ကြောက်စိတ်တွေ လွှမ်းမိုးလာအောင် PDF အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် သတ်ဖြတ်ပြနေကြတာကို မီဒီယာတွေကနေတစ်ဆင့် လှုံ့ဆော်ပေးနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတ်ဖြတ်မှုတွေဟာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ သီလရှင် မခွဲခြားတော့ဘဲ သူတို့ကိုမထောက်ခံတဲ့သူမှန်သမျှကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်နေကြခြင်း ဖြစ်ပါတယ်။ နယ်မြို့တွေမှာရှိတဲ့ ပြည်သူတွေဆိုရင် နေအိမ်များပါ မီးရှို့တဲ့အထိ PDF များက ရက်စက်ကြပါတယ်။ ဒီလို PDF များရဲ့ ရက်စက်မှုတွေကိုလည်း ဒေါ်လာစား မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများနဲ့ အောက်လုံးထိုးသမားတွေက အမြဲဖုံးကွယ်ထားကြပါတယ်။

ဒါကြောင့် ဒီလိုငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး လုပ်ကြံသတင်းအတု၊ သတင်းအမှားတွေကို သတင်းအဆင့် အတန်းမရှိစွာနဲ့ ထပ်ခါတလဲလဲ ရေးသားဖော်ပြနေတဲ့ မီဒီယာအမည်ခံ သတင်းဌာနများကို ပြည်ဖျက်မီဒီယာများ၊ ကျင့်ဝတ်သိက္ခာမရှိသော ဝါဒမှိုင်းတိုက်နေတဲ့ မီဒီယာများ၊ သတင်းရောင်းစားသူများ၊ လေလှိုင်းပေါ်က လူသတ်သမားများအဖြစ် သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အမှန်တော့ မီဒီယာအမည်တောင် ခံယူထိုက်သူတွေ မဟုတ်ပါဘူး။ တကယ့်မီဒီယာသမား စစ်စစ်တွေအတွက် သိက္ခာကျရပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က သတင်းအတု၊ သတင်းအမှားတွေကို ပြည်သူတွေယုံမှားပြီး အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲအောင်၊ ပြည်သူနဲ့ တပ်မတော်ကြား သွေးကွဲအောင်၊ အမြင်မကြည်အောင် လုပ်ဆောင်နေခြင်း ဖြစ်တဲ့အတွက် သတင်းဖတ်ရှုကြတဲ့ ပြည်သူများအနေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ Social Media ပေါ်ရှိ သတင်းတွေကို ချင့်ချိန်ပြီးယုံကြပါလို့ စေတနာရှေ့ထားပြီး ရေးသားတင်ပြလိုက်ရပါတယ်။  ။

ဆောင်းပါးရှင် - မင်းခန့်

Post a Comment

Previous Post Next Post