နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများ

Views


 နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများ


စာမရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီဆောင်းပါးရေးဖြစ်အောင် စေ့ဆော်ခဲ့တဲ့ လူမှုကွန်ရက်က စိတ်မကောင်းစရာသတင်းတစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ ၤခေနဘသသု သုံးစွဲသူ တော်တော်များများ မြင်တွေ့ကြားသိပြီးဖြစ်မယ့် သတင်းလို့လည်း ယူဆမိပါတယ်။


ဒီသတင်းကတော့ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊  တမ္မကောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ကို PDF အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ CDM မလုပ်လို့၊ ကျောင်းမပိတ်ဘဲ ကလေးတွေကို  ပညာသင်ကြားပေးနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသတ်ခံလိုက်ရတဲ့ ဆရာမကြီးအတွက်  များစွာယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ PDF အဖွဲ့က ကျောင်းဆက်မတက်ဖို့ ခြိမ်းခြောက်စာပို့အပြီး တစ်ပတ်ခန့်အကြာမှာ ဆရာမကြီးဟာ ဖခင်နဲ့အတူ ကျောင်းကအပြန်မှာ ရန်ငြိုးရန်စမရှိဘဲ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ပါတယ်။ ဆရာမကြီးနဲ့ သူမရဲ့ဖခင်တို့ဟာ လက်အုပ်ချီတောင်းပန် နေတဲ့ကြားထဲက ဖခင်ကိုကြိုးတုပ် သမီးဖြစ်သူ  ဆရာမကြီးကို   လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဏီၤ တွေရဲ့လုပ်ရပ်ဟာ အလွန်ရိုင်းစိုင်းယုတ်မာပြီး ဘယ်လိုမှလက်ခံလို့မရတဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်များ ဖြစ်ပါတယ်။


 အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့ ငါနဲ့မတူငါ့ရန်သူအယူအဆ၊ ငါတို့ထောက်ခံတဲ့ ပါတီမဟုတ်ရင် အုပ်ချုပ်လို့မရစေရဘူးဆိုပြီး နိုင်ငံရေး အစွန်းရောက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ပညာအခြေခံ အားနည်းပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ အယူအဆလွဲမှားပြီး လိုက်ပါလုပ်ဆောင်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားများကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့လို အပြစ်မဲ့နိုင်ငံ့ဝန်ထမ်းကောင်းတွေ ကြွေလွင့်ခဲ့ရတာက ရင်နာစရာကောင်းလွန်းလှပါတယ်။




နိုင်ငံရေးရည်မှန်းချက်အတွက် တိုင်းပြည်ရဲ့ အနာဂတ်ပညာရေးကဏ္ဍကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ NUG၊ PDF အကြမ်းဖက်သမားများက ကျောင်းတွေမဖွင့်ဖို့၊ ကလေးသူငယ်တွေကျောင်းမတက်ဖို့၊   ဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်းတွေ CDM ပြုလုပ်ကြဖို့ အမျိုးမျိုးခြိမ်းခြောက်ဟန့်တားမှုတွေ ပြုလုပ်ခဲ့တဲ့ငြင်းမရနိုင်တဲ့ သက်သေ အထောက်အထားများစွာ ရှိပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ NUG၊ PDF နဲ့ NLD နိုင်ငံရေး အစွန်းရောက်များရဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုတွေအနေနဲ့ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှု  ၃၆၇  ကြိမ်၊ စာသင်ကျောင်းအနီးဝန်းကျင် ပစ်ခတ်တိုက်ခိုက်မှု ၁၂ ကြိမ်၊ စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။


ဒါ့အပြင် CDM မပြုလုပ်တဲ့ အကြောင်းပြချက်နဲ့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရက်ရက်စက်စက် လုပ်ခဲ့ကြလို့ သေဆုံးသူ ဆရာရှစ်ဦး၊ ဆရာမကိုးဦး၊ ပညာရေး ဝန်ထမ်းခြောက်ဦး ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူ ဆရာကိုးဦး၊ ဆရာမ ၁၄ ဦး၊ ပညာရေး ဝန်ထမ်းငါးဦး၊ စုစုပေါင်းသေဆုံး ၂၃ ဦး၊ ဒဏ်ရာရ ၂၈ ဦး ရှိနေပြီဖြစ်ပါတယ်။


ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို အစိုးရမီဒီယာများက သတင်းများထုတ်ပြန်ခဲ့သလို၊ အမြင်အမျိုးမျိုး ရှုထောင့် အဖုံဖုံကနေ လူမှုကွန်ရက်မှာ ဝေဖန်ရှုတ်ချပြီး ရေးသားနေကြတာတွေကိုလည်း တွေ့မြင်နေရပါတယ်။


CDM မလုပ်လို့၊ စာသင်ကျောင်းဖွင့်လို့၊ ကလေးတွေကို စာသင်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာ၊ ဆရာမတွေကို သတ်ဖြတ်ခဲ့ကြခြင်းက ဖြစ်သင့်ပါရဲ့လား။


ရန်ငြိုးရန်စမရှိဘဲ လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သူတွေရဲ့ လုပ်ရပ်ကဓမ္မလား၊ အဓမ္မလား။ အသတ်ခံရသူတွေရဲ့  မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများရဲ့   ကြေကွဲဝမ်းနည်းမှုများ၊  နာကြည်းမုန်းတီးမှုများကိုရော ကိုယ်ချင်းစာနာမိကြပါရဲ့လားလို့ မေးလိုက်ချင်ပါတယ်။


စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အားလုံးမှာ မေ့ပျောက်လို့ မရနိုင်တဲ့ ကျောင်းသားဘဝ ဆိုတာရှိခဲ့ကြသလို အနာဂတ်ကိုထုဆစ်မယ့် လူငယ်တွေကို လေ့ကျင့်သင်ကြားပေးရာ၊ ပညာရည် နို့သောက်စို့ကြရာ ကွန်းခိုရိပ်တွေ၊ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ ဒီလိုနိုင်ငံရဲ့ အနာဂတ်နဲ့သက်ဆိုင်တဲ့ ဥယျာဉ်ကြီးတွေကို မီးရှို့ဖျက်ဆီးပြီး ဥယျာဉ်မှူးတွေကို သတ်ဖြတ်နေကြတာတွေ မြင်ရကြားရတော့ ကျွန်တော် နှလုံးသားကို သံချွန်နဲ့ထိုးဆွသလိုပဲ နာကျင်ခံစားရပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာ ကျွန်တော်တို့ရဲ့ မြန်မာ့ယဉ်ကျေးမှုမှာ အနန္တောအနန္တငါးပါးမှာ တစ်ပါးအပါအဝင်ဖြစ်သလို  ကျွန်တော်တို့ရဲ့  အနာဂတ် မျိုးဆက်သစ်ပန်း ကလေးတွေကို ဖူးပွင့်စေ မွှေးကြိုင်လန်းဆန်းစေသူတွေ ဖြစ်ပါတယ်။


မည်သည့်နိုင်ငံ၊  မည်သည့်လူ့အဖွဲ့အစည်းမှာမဆို နိုင်ငံရေးအရ အမြင်မတူတာ တွေ၊ သဘောထားကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ သို့သော်လည်း နိုင်ငံရေးခံစားချက်ကနေ အစွန်းရောက်အတွေးအခေါ်တွေ ဝင်လာပြီး ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို မိမိတို့ ကိုယ်တိုင်ဖျက်ဆီးနေကြတာကတော့ အင်မတန်ရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အခုဆိုရင် ဆရာ၊ ဆရာမတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်းတွေ မီးရှို့တာတင်မကတော့ဘဲ စာသင်ကျောင်းတွေကို စစ်စခန်းတွေဆောက်တာ၊ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်တဲ့ နေရာတွေအဖြစ် အသုံးပြုတာတွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်က မာရသိမ်စာသင်ကျောင်းမှာ မြင်တွေ့ခဲ့ရပါတယ်။


နိုင်ငံတကာဥပဒေစံနှုန်းတွေအရ ကြည့်မယ်ဆိုရင်လည်း ဒီလိုစာသင်ကျောင်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အကြမ်းဖက်နေကြတဲ့လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ  Protocols နှစ်ခုမှာ ကလေးသူငယ်တွေ၊ စာသင်ကျောင်းတွေနဲ့ ပညာသင်ကြားမှုကို ကာကွယ်ဖို့ "The two Additional Protocols to the Geneva Conventions outline further protections for children, schools, and education, including recognizing that receiving an education is a "fundamental guarantee" for children, even in situations of non-international armed conflict." ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာလည်း ကုလသမဂ္ဂကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (United Nations Committee on the Rights of the Child-OHCHR) က ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ၊ ဝင်ရောက်စီးနင်း သိမ်းပိုက်တာမျိုးတွေကို ကာကွယ်ဖို့ တိုက်တွန်းနှိုးဆော် ထားတာကို တွေ့ရပါတယ်။


ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ United Nations Childrens Fund (UNICEF)၊  United   Nations Educational, Scientific and Cultural Organization (UNESCO)၊ Office of the United Nations High Commissioner for Refugees (UNHCR) နဲ့အခြားသော နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ  ပူးပေါင်းပြီး တည်ထောင်ထားတဲ့ Global  Coalition  to  Protect Education  from  Attack-GCPEA ဆိုတဲ့  နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ရှိပါတယ်။ ဒီအဖွဲ့ကနေ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ စာသင်ကျောင်းများနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးပြုခြင်းကနေ ကာကွယ်ဖို့နဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ၊ ကျောင်းသား လူငယ်များနဲ့  ဆရာ၊ ဆရာမတွေကို တိုက်ခိုက်တာတွေကို ကာကွယ်ဖို့အတွက်  "Guidelines for Protecting Schools and Universities from Military Use During Armed Conflict" ကို ထုတ်ပြန်ထားပါတယ်။ ဒီလမ်းညွှန်ချက်တွေအရ ပညာရေးနဲ့ဆိုင်တဲ့ နေရာတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချလို့ မရသလို ကျောင်းအုပ်ချုပ်သူတွေကိုလည်း စာသင်ကျောင်းတွေကို စွန့်ခွာဖို့ ဖိအားပေး အကျပ်ကိုင်တာ၊ မက်လုံးပေးစည်းရုံးတာတွေတောင် လုပ်လို့မရပါဘူး။


ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၀၈ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Resolution 2427 မှာလည်း  လက်နက်ကိုင် ပဋိပက္ခကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရခြင်းကို ရှုတ်ချထားပါတယ်။ နောက်ပြီး လက်နက်ကိုင် တိုက်ခိုက်သူတွေအနေနဲ့ ကလေးသူငယ်များရဲ့ ပညာသင်ကြားခွင့်တွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ရပ်တွေကိုရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။  နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေ (International Humanitarian Law)  အရလည်း လက်နက်ကိုင် တိုက်ခိုက်သူတွေ အနေနဲ့ စာသင်ကျောင်းတွေကို အသုံးမပြုဖို့၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေ အနေနဲ့လည်း အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့တွေက   စာသင်ကျောင်းတွေကို အသုံးပြုတာကို   ထိထိရောက်ရောက် တားဆီးပေးဖို့၊  ကလေးများရဲ့ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်မပြုဖို့ တိုက်တွန်းထားတာကိုတွေ့ရပါတယ်။


အခုမြန်မာနိုင်ငံမှာ NUG၊ PDF အကြမ်းဖက်သမားတွေ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေက နိုင်ငံတကာစံနှုန်း တွေအရ လက်ခံနိုင်စရာ မရှိသလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ ယဉ်ကျေးမှုတွေအရလည်း လက်ခံလို့မရတဲ့  ကိစ္စတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ Nationwide Ceasefire Agreement (NCA) ၊ အခန်း (၃) မှာ စာသင်ကျောင်းတွေကို စစ်ဘက်ဆိုင်ရာအတွက် အသုံးမပြုဖို့၊ ကလေးသူငယ်များ ပညာသင်ကြားခွင့်ကို မနှောင့်ယှက်ဖို့၊ စာသင်ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို မဖျက်ဆီးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။


စာသင်ကျောင်းတွေကိုတိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ဆရာ၊ ဆရာမတွေကို သတ်ဖြတ်တာတွေကို  NUG၊ PDF အကြမ်းဖက်သမားတွေနဲ့ NCA ကိုမလိုက်နာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က လုပ်ဆောင်နေကြပါတယ်။ ဒီလိုအပြစ်မဲ့တဲ့ ဆရာ၊ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ NUG၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့  ဆိုးရွားတဲ့လုပ်ရပ်တွေက နိုင်ငံနဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ အပြုအမူတွေဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်း အပါအဝင် ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ မည်သည့် လူ့အဖွဲ့အစည်းကမှ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပါတယ်။


ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ CRPH၊ NUG၊ PDF နဲ့ NLD အစွန်းရောက်သမားများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံခြင်း မပြုလုပ်သင့်သလို နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ ပညာရေးကဏ္ဍ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆန့်ကျင်ရှုတ် ချတားဆီးပေးကြရန် လိုအပ်လှပါတယ်။   သူတို့ရဲ့  လုပ်ရပ်တွေကို သက်သေအထောက်အထားခိုင်လုံစွာနဲ့ UNCTED၊ INTERPOL၊ ASEAN POL အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ၊ အိမ်နီးချင်းနိုင်ငံများ၊ ပြည်တွင်းရှိ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ အာဏာပိုင်များထံ သတင်းအချက်အလက်များ ပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပေးပို့ထားတဲ့ အချက်အလက်တွေမှာ ပညာရေးကဏ္ဍသာမက NUG၊ PDF အဖွဲ့တွေရဲ့ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်အရ နိုင်ငံတစ်ဝန်း ပုံဖော်ဆောင်ရွက်နေတဲ့  အကြမ်းဖက် လုပ်ရပ်ပုံစံအမျိုးမျိုးဖြစ်တဲ့ အပြစ်မဲ့အရပ်သားတွေကို ရက်စက်စွာသတ်ဖြတ်မှုတွေ၊ မိုင်းထောင်ဖောက်ခွဲမှုတွေ၊ နိုင်ငံပိုင်နဲ့ ပုပ္ပလိကပိုင် အဆောက်အဦများကို ဖောက်ခွဲမီးရှို့ဖျက်ဆီးမှုတွေ ပါဝင်ပါတယ်။


ဖြစ်ရပ်မှန်အထောက်အထားတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဗီဒီယိုမှတ်တမ်းတွေပါဝင်တဲ့ CRPH၊ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ် သတင်းပေးပို့ချက်တွေကို မမြင်ချင်ယောင်ဆောင်၊ မသိချင် ယောင်ဆောင်နေတဲ့ နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများဟာ အကြမ်းဖက်ဝါဒကို အားပေး လက်ခံနေတယ်လို့ ယူဆရမလိုဖြစ်နေပါတယ်။


အထူးသဖြင့် ဥပဒေနဲ့အညီ အာဏာထိန်းပြီး အရေးပေါ်ကာလ နိုင်ငံကို ထိန်းကျောင်းပေးနေတဲ့ တပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံတချို့ရဲ့ NUG၊ PDF များကို အသိအမှတ်ပြုအားပေးလိုတဲ့ သဘောထားပြသနေခြင်းဟာ အကြမ်းဖက်ဝါဒ (Terrorism)ကို ပံ့ပိုးပေးနေသလို ဖြစ်နေပြီး  မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူမပြုသူများဖြစ်ပါတယ်။


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုတန်ဖိုးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးအချို့ဟာ NUG၊ PDF တို့ရဲ့ ငြင်းလို့ မရတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်ပြီး ဒီမိုကရေစီ လှုပ်ရှားသူများအဖြစ် ပုံဖော်နေမှုဟာ ဆရာမကြီး ဒေါ်လဲ့လဲ့တို့လို အပြစ်မဲ့ အသတ်ခံရသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ဆိုချင်ပါတယ်။


အစွန်းရောက် နိုင်ငံရေးသမားတွေက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများ တည်ငြိမ်အေးချမ်းရေးကို မျက်ကွယ်ပြုပြီး ကိုယ့်ပါတီ   အာဏာပြန်လည်ရရှိဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့အနာဂတ် လူငယ်တွေ  ဘဝပေါင်းမြောက်မြားစွာ စတေးပြီး အသုံးချခံနေရတာက နိုင်ငံတော် အတွက် အင်မတန်မှ ဆုံးရှုံးမှုကြီးမားပါတယ်။ သူတို့ရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ကြောင့် ပြည်သူအများစုရဲ့ တည်ငြိမ်အေးချမ်းမှုပျက်စီးပြီး မိသားစုဘဝပေါင်းမြောက်မြားစွာ ထိခိုက်ပျက်စီးမှုများကလည်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပါတယ်။


ဒီလိုလုပ်ရပ်တွေကို ဘယ်သူတွေက ပြုလုပ်နေသလဲ၊ ဘယ်သူတွေက စေခိုင်းနေသလဲဆိုတာ မေးစရာမလိုလောက်အောင် မြင်တွေ့ကြားသိနေကြရပါတယ်။   သက်သေအထောက်အထားမှတ်တမ်းများ အခိုင်အမာ ရှိနေပြီး သက်ဆိုင်ရာများကို ပေးပို့ထားပြီးလည်း ဖြစ်ပါတယ်။


ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကို အမှန်တကယ် တည်ငြိမ်အေးချမ်းစေလိုတယ်ဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့  အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်တွေကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့  အကြမ်းဖက်လမ်းစဉ်နဲ့ လုပ်ဆောင်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ အကြမ်းဖက် သမားများကို ဝိုင်းဝန်းဆန့်ကျင် တားဆီးပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။   ။


Reference


 THE GENEVA  CONVENTIONS  


   OF 12 AUGUST 1949


 UN Committee on the Rights of


   the Child (CRC), General comment


  No. 12 (2009): The right of the


   child to be heard, 20 July 2009,


  CRC/C/GC/12


 Guidelines for Protecting Schools


    and Universities from Military Use


   During Armed Conflict, GCPEA,


   2014


 UN Security Council Resolution


   2427 (Children and Armed Con-


  flict), 9 July 2018

Post a Comment

Previous Post Next Post