တစ်ကမ္ဘာလုံးပတ်ပြီး ပြဿနာရှာနိုင်သော်လည်း ပြဿနာများကို ဖြေရှင်းခြင်းငှာ မစွမ်းသာသူ အမေရိကန်

Views

 


တစ်ကမ္ဘာလုံးပတ်ပြီး ပြဿနာရှာနိုင်သော်လည်း ပြဿနာများကို ဖြေရှင်းခြင်းငှာ မစွမ်းသာသူ အမေရိကန်

ယမန်နေ့မှအဆက်

အကယ်၍ ယူကရိန်းပဋိပက္ခ ဆက်ဖြစ်နေပြီး ရေရှည်လွန်ဆွဲပွဲအဖြစ်ကို ပြောင်းသွားမယ်ဆိုရင် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ရေး လုပ်ဆောင်နေတဲ့ လက်ရှိ အာရှ-ပစိဖိတ် မဟာဗျူဟာအပေါ် ချိန်ခွင်လျှာပြန်ညှိမှုကို  ပြောင်းလဲနိုင်ပါတယ်။

လက်တွေ့နိုင်ငံရေး  ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း တရုတ်နဲ့အမေရိကန်တို့ကြား ဖြစ်ပွားနေတဲ့  ဝိရောဓိဟာ အင်အားချိန်ခွင်လျှာ ညှိတဲ့နေရာမှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေအပေါ် အခြေခံနေပြီး အမေရိကန်နဲ့ရုရှားတို့ကြား မဟာဗျူဟာမြောက် ဝိရောဓိဖြစ်မှုထက် ပိုလို့အရေးကြီးတာကို တွေ့ရပါတယ်။

အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်ကို ထိန်းချုပ်မယ့်  အမေရိကန်ရဲ့ မူဝါဒနဲ့ ဥရောပဒေသအတွင်း ရုရှားအနေနဲ့ အင်အားချည့်နဲ့လာအောင် အမေရိကန်က ဆက်လက် လုပ်ဆောင်လာနေမှုတွေဟာ ဒွန်တွဲနေပါတယ်။

အာရှဒေသမှာ    တရုတ်နဲ့ဂျပန်တို့ လက်တွဲပူးပေါင်း သွားမှာကို အမေရိကန်တို့က နည်းမျိုးစုံနဲ့ ဟန့်တားပိတ်ဆို့နေသလို ရုရှားနဲ့ဥရောပတို့ကြား   ချစ်ခင်ရင်းနှီးစွာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ အပြန်အလှန် ယုံကြည်မှုရသွားမှာကိုလည်း  လိုက်လံ တားမြစ်ဖို့ကြိုးပမ်းနေပါတယ်။

ဒီအတွက် အမေရိကန်တို့ကြိုးစားတဲ့ နည်းလမ်းကတော့   ကမ္ဘာ့အလယ်မှာ သင်းကွဲဖြစ်စေရေး  မူဝါဒချမှတ်ခြင်းပါပဲ။ ဒီနေရာမှာဆိုရင်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အနေနဲ့ တရုတ်နဲ့ရုရှားကို ထိပ်တိုက်တွေ့ဆုံဖို့ အမေရိကန်က ဘေးကနေမြှောက်ထိုးပင့်ကော် လုပ်ပေးပါတယ်။

သူပြောတဲ့အတိုင်းမလုပ်ရင် အရေးယူ ပိတ်ဆို့မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်လေ့ ရှိပါတယ်။ အမေရိကန်ဟာ ဒီလိုနည်းနဲ့ပဲ ဒေသအတွင်း သူ့ရဲ့တရားဝင် လွှမ်းမိုးမှုကို ဖော်ဆောင်လာတာပါ။

တကယ်တမ်းတော့ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ တစ်ဖက်သားကို စိတ်ဓာတ်တက်ကြွစေမယ့်အစား   သူတို့အတွက် ပျက်စီးမှုများကိုသာ   ဖြစ်ပေါ်စေတာကို သမိုင်းကြောင်းက သက်သေပြခဲ့ပြီးပါပြီ။

တရုတ်နိုင်ငံနဲ့  ရုရှားနိုင်ငံတို့ကတော့ တူညီတဲ့ စည်းကမ်းချက်တွေ၊ အခြေအနေတွေနဲ့အညီ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုနဲ့   လက်ခံမှုကိုရရှိဖို့ ကြိုးစားပမ်းစား လုပ်ဆောင်ကြပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ လက်ဝေခံဖြစ်နေတဲ့ အနောက်နိုင်ငံများကတော့ ပြင်းပြတဲ့ ရည်မှန်းချက်တွေရှိတဲ့ ခေတ်သစ်နိုင်ငံများက ထောက်ခံတဲ့  စိတ်ကူးအကြံဉာဏ်များကို သည်းမခံနိုင်ပါဘူး။

ဒါ့အပြင် အနောက်နိုင်ငံများဟာ အဲဒီနိုင်ငံတွေရဲ့ ထူးခြားတဲ့ လက္ခဏာသွင်ပြင်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွေနဲ့ လူ့အဖွဲ့ အစည်းကို ထိန်းကျောင်းမှု နိုင်ငံရေးနည်းလမ်းတွေအပေါ် အခြေခံပြီး  သူတို့ကို လက်ခံနိုင်ခြင်းလည်း မရှိပါဘူး။

လက်တွေ့ဖြစ်တဲ့ စီးပွားရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိမှာကိုပဲ ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့်  ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ပြောင်းလဲမှုတွေကို ဖြစ်သွားစေပါပြီ။

တစ်ချိန်တည်းမှာပဲ ရုရှားရဲ့စွမ်းအင် တင်ပို့မှုဈေးကွက်က အာရှဒေသဆီကို ခြေဦးလှည့်လာပါပြီ။ ဒီနေရာမှာ စွမ်းအင် ပမာဏအများအပြား လိုအပ်ကာ ရနိုင်သမျှသော စွမ်းအင်တွေကို ရယူနေရတဲ့ တရုတ်နိုင်ငံ အတွက်ကတော့  အခွင့်အရေးကြီးတစ်ခု၊ သတင်းကောင်းတစ်ခု ဖြစ်လာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရုရှားနဲ့သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ၁ဝ နှစ်တာ သဘောတူညီချက်တွေကို မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါကြောင့်   အနောက်နိုင်ငံများရဲ့ အရေးယူပိတ်ဆို့မှုများဟာ နောက်ဆုံးမှာတော့ ရုရှားနဲ့တရုတ်တို့ကြား ဘဏ္ဍာရေးအရ ဆက်ဆံရေးကို  ပိုမိုနက်နဲခိုင်မာ လာစေပါလိမ့်မယ်။

ဒါ့အပြင် အနောက်နိုင်ငံများရဲ့အရေးယူ ပိတ်ဆို့မှုများကြောင့် ရုရှားအစိုးရဟာ သူ့ရဲ့စီးပွားရေးအတွက် ဈေးကွက်ဖြန့်ကြက်မှုကို  တခြားနေရာတွေဆီကို ပိုလို့တောင်ဦးတည် လာစေနိုင်ပါတယ်။

ရုရှားရဲ့ဥရောပအပေါ် တုံ့ပြန်တဲ့ စီးပွားရေးအရ တန်ပြန်ဆောင်ရွက်ချက်တွေဟာ တခြားသောနေရာတွေမှာ  စိုက်ပျိုးရေး  ထုတ်ကုန်များအတွက် အလွန်ကြီးမားတဲ့ ဈေးကွက်ကိုဖြစ်ပေါ်စေပါလိမ့်မယ်။

အဲဒီကနေမှတစ်ဆင့် စက်မှုထုတ်ကုန်များအတွက် ဈေးကွက်မှသည် မြန်နှုန်းမြင့် မီးရထားလမ်းများ တည်ဆောက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ စစ်ဘက်နည်းပညာ၊ ဂြိုဟ်တုလမ်းညွှန်စနစ်များ၊    ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေးများ၊ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍ၊   ကုန်ထုတ်လုပ်မှု၊ နျူကလီးယား စွမ်းအင်နဲ့ တခြားသော နယ်ပယ်တွေရဲ့ ဈေးကွက်များအထိ ကျယ်ပြန့်လာနိုင်ပါတယ်။

တရုတ်နဲ့ရုရှားတို့ကြားမှာ စီးပွားရေး အကျိုးထက်ပိုတဲ့  မဟာဗျူဟာမြောက် ဘုံလိုအပ်ချက်တွေ တူညီစွာရှိနေကတည်းကစလို့  နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အပြန်အလှန် အကျိုးစီးပွားနဲ့ လက်တွေ့ကျတဲ့ပူးပေါင်း ဆောင်ရွက်မှုဆီသို့ တိုးမြင့် လာနေပါတယ်။

အလားတူ တရုတ်နဲ့ရုရှားနိုင်ငံတို့ဟာ အရှေ့အာရှဒေသနဲ့ ဥရောပဒေသတို့မှာ အမေရိကန် ဦးဆောင်တဲ့  မဟာမိတ်အဖွဲ့ တွေရဲ့ ပူးပေါင်းအင်အားစု တွေနဲ့လည်း အသီးသီး ရင်ဆိုင်နေရပါတယ်။

အရှေ့တရုတ်ပင်လယ်အရေး၊ တောင်တရုတ်ပင်လယ် အရေးနဲ့ ယူကရိန်းအရေးတို့ဟာ ပဋိပက္ခဖြစ်ပွားစေတဲ့ အဓိက နေရာတွေပါပဲ။

အဲဒီလိုပဋိပက္ခဖြစ်ပွားရခြင်းရဲ့အဓိက ပြဿနာကတော့ စစ်အင်အားကြီး နိုင်ငံတွေအဖြစ်သာမက ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတွေ အဖြစ်နဲ့ သမိုင်းပေါင်းများစွာကို ဖြတ်သန်းလာခဲ့တဲ့ တရုတ်နိုင်ငံအပြင်  ရုရှားနိုင်ငံတို့ဟာ    သူတို့ရဲ့ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတို့မှာ  အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ချမှတ်ပေးတဲ့ အတိုင်းလျှောက်လှမ်းဖို့ လက်မခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကျော်ကနေစလို့ မကြာသေးခင်အချိန်ကအထိ အမေရိကန်အနေနဲ့  ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ချမ်းသာ ကြွယ်ဝမှုများအတွက် အပြုသဘောဆောင်တဲ့  အခြေအနေတွေကို ဖန်တီးနိုင်မယ့် စွမ်းဆောင်ရည်နဲ့ ပြင်းပြတဲ့ စိတ်ဓာတ်တို့ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာတာကို ကျွန်တော်တို့အနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။

အဲဒါနဲ့ဆန့်ကျင်ဘက် အနေနဲ့ အမေရိကန်ဟာ အနာဂတ် အခြေအနေတွေကို ပိုမိုဆိုးဝါးစေတဲ့ ပဋိပက္ခများကို ပိုတိုးလို့ သာ ဖန်တီးခဲ့တာကိုလည်း မြင်တွေ့လာရပါတယ်။

အမေရိကန်ဟာ အာရှနဲ့ဥရောပဒေသအတွင်း ပဋိပက္ခ မီးမွှေးဖို့အတွက် တောင်တရုတ်ပင်လယ်၊ တျောင်းယုကျွန်းစုနဲ့ ယူကရိန်းနိုင်ငံတို့ကို အသုံးပြုကာ ဥရောပဒေသအတွင်း ရောင်စုံလူထုဆူပူ အုံကြွမှုတွေ ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် တစ်ဆက်တည်းမှာပဲ အရှေ့အလယ်ပိုင်း၊   အနောက်အာရှဒေသနဲ့ မြောက်အာဖရိက ဒေသတို့မှာ အာရပ် နွေဦးတော်လှန်ရေးကို ဖန်တီးကာ အခြေအနေတွေကို ဆိုးဝါးအောင် လုပ်ဆောင်ခဲ့တာ အားလုံးအသိပါပဲ။

ဒါပေမဲ့လည်း အဲဒီအခြေအနေတွေကို ကုစားခြင်းငှာ   မစွမ်းသာခဲ့ဘူးဆိုတာကိုတော့  မကြာသေးခင်ကမှဖြစ်ပျက်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ တပ်တွေ အာဖဂန်နစ္စတန်ကနေ ဒရောသောပါး ဆုတ်ခွာပြီး အဲဒီနိုင်ငံကို တာလီဘန်တို့လက် ပြန်အပ်ခဲ့ရတဲ့ဖြစ်စဉ်က သက်သေခံနေပါတယ်။

အမေရိကန်ဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆို ရောက်အောင်သွားပြီး ရောက်ရာ နိုင်ငံတွေရဲ့ပြည်တွင်းရေးတွေမှာ ကြားဝင်စွက်ဖက်ကာ ပြဿနာတွေကို ဖန်တီးလေ့ရှိပါတယ်။

ပြဿနာတွေကို ဖန်တီးနိုင်သလောက်လည်း    သူဖန်တီးတဲ့ပြဿနာတွေကို သူကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း မရှိသလို ပြဿနာဖြစ်ပွားရာ မူလနိုင်ငံတွေမှာ ဖရိုဖရဲနဲ့   ဝရုန်းသုန်းကားဖြစ်မှုတွေအပြင် စစ်ပွဲတွေနဲ့ အနိဋ္ဌာရုံတွေကိုသာ  ကြီးစိုးစေ ခဲ့ပါတယ်။

ဒီအတွက်ကြောင့်   အမေရိကန်ရဲ့ ပြဿနာရှာပြီး မဖြေရှင်းနိုင်မှုကိုရပ်တန့်ဖို့ အတွက်ဆိုရင် ရုရှားနဲ့တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံ ဆက်ဆံရေးသာမက    ဒေသအသီးသီးမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘရာဇီးနဲ့ တောင်အာဖရိကတို့လို နိုင်ငံတွေက အခုထက်ပိုတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် ထွက်ပေါ်လာနေဆဲဖြစ်တဲ့ ဈေးကွက်တွေမှာသာမက သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ နိုင်ငံပါလို့ ဆက်လက်ခေါ်ဆိုနိုင်စေမယ့် နိုင်ငံတွေရဲ့ အများနဲ့သက်ဆိုင်တဲ့ နယ်ပယ်နဲ့နိုင်ငံရေး ကဏ္ဍနယ်ပယ်တွေမှာပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ မဖြစ်မနေ လိုအပ်လှပါတယ်။

Ref: Global Times Global Times သတင်းစာ အတွေးအမြင်ကဏ္ဍတွင်   ဖော်ပြထားသော ဆောင်းပါးရှင် ဂျန်ကာလိုအီလီယာဗာလိုရီ ၏ Ukraine crisis: US stirs up trouble globally but unable to solve problems အတွေးအမြင် ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။

Post a Comment

Previous Post Next Post