ထိုင်းက ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအပေါ် အခွန်ကောက်ခံမှုစည်းမျဉ်းများဖြေလျှော့ပေး

Views

 


ထိုင်းနိုင်ငံအစိုးရအဖွဲ့က ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ကောက်ခံမှု စည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း မတ် ၈ ရက်တွင် ထုတ်ပြန်သည်။


အရှေ့တောင်အာရှရှိ ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော  ထိုင်းနိုင်ငံအတွင်း ခရစ်တိုငွေကြေး ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လာပြီးနောက် အဆိုပါ လုပ်ငန်းများတွင် ကျယ်လာစေရေး ရည်ရွယ်၍    အခွန်ကောက်ခံမှုစည်းမျဉ်းများကို ဖြေလျှော့ပေးခြင်းဖြစ်သည်။


ဖြေလျှော့ပေးလိုက်သည့်   စည်းမျဉ်းအသစ်များအရ ခရစ်တိုငွေကြေးရောင်းဝယ်ဖောက်ကားသူများအနေဖြင့်  အခွန် အတွက်ပေးရမည့်ငွေကို နှစ်စဉ်အရှုံးဖြင့် ခုနှိမ်ခွင့်ရရှိမည်ဖြစ်သည်။


ထို့ပြင် တရားဝင်အသိအမှတ်ပြုငွေလဲဌာနများတွင် ခရစ်တိုငွေကြေးကို ရောင်းဝယ်ဖောက်ကားမှုအတွက်      ကျသင့်မည့် ဝန်ဆောင်မှုအပေါ်စည်းကျပ်ခွန် ၇ ရာခိုင်နှုန်းကိုလည်း   ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အာခွန်တမ်ပစ်တယာပိုင်ဆစ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။


ထိုကဲ့သို့အခွန်ကင်းလွတ်ခွင့်ပေးမှုသည် ယခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိအကျုံးဝင်မည်ဖြစ်ပြီး ကင်းလွတ်ခွင့်ရမည့် ဒစ်ဂျစ်တယ်ငွေကြေးတွင် ဗဟိုဘဏ်ကထုတ်လုပ်ရောင်းချမည့် ဒစ်ဂျစ်တယ်ငွေကြေးလည်း အပါအဝင်ဖြစ်သည်။


ထိုင်းနိုင်ငံ၌    ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်အတွင်း လျင်မြန်စွာမြင့်တက်လာခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါ လုပ်ငန်းမှ ရောင်းဝယ်ဖောက်ကားမှု ငွေကြေးတန်ဖိုး ဘတ် ၁၇၀၀၀၀ ကျော်သာရှိရာမှ ၂၀၂၁ ခုနှစ်အကုန်တွင် ဘတ် ၂ သန်းနီးပါးအထိ ရှိလာပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလတွင် ပြောထားသည်။


အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေးများအနက် ထိုင်းနိုင်ငံ၌ လူကြိုက်အများဆုံးနှင့် ရောင်းဝယ်ဖောက်ကားမှုအရှိဆုံး   ငွေကြေးမှာ ဘစ်ကွိုင်ခရစ်တိုငွေကြေးဖြစ်သည်။


အလားတူ အဆိုပါ လုပ်ငန်းဆောင်ရွက်ရေးအတွက် စတင်တည်ထောင်သည့် ကုမ္ပဏီများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ   ပါဝင်ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း အခွန်ကင်းလွတ်ခွင့်ပေးထားသည်။


အဆိုပါ ကုမ္ပဏီများတွင် နှစ်နှစ်ဆက်တိုက်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၂၀၃၂ ခုနှစ် ဇွန်လအထိ အခွန်ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post