ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုအား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Views

 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုအား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုအား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)ရှေ့သို့ မော်တော် ယာဉ် ၁ စီးဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ၁ ဦးမှာ ကားအတွင်း စောင့်နေခဲ့ပြီး ကျန်အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ သေနတ်ကိုင်ဆောင်၍ ဘဏ်အတွင်း ဝင်ရောက်ကာ ငွေကျပ် သိန်း ၁၀၀၀ ခန့်အား လုယက်ယူဆောင် ထွက်ပြေးခဲ့သည့်ဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် သီပေါမြို့နယ်၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် သို့ ယာဉ်အမှတ် YGN 3E/ 4798 နံပါတ်တပ်ဆင်ထားသည့် TOYOTA GAIA အမျိုးအစား အဖြူရောင် ယာဉ်ဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်လာကာ အမျိုးသား ၁ ဦးက ၎င်းလက်အတွင်း အသင့်ကိုင်ဆောင်လာသည့် ပစ္စတိုသေနတ်ဖြင့် ဘဏ်လုံခြုံရေးနှင့် ဘဏ် အတွင်း ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ကာ ကြမ်းပြင်ပေါ်သို့ မှောက် ခိုင်းထား၍ ကျန်အမျိုးသား ၂ ဦးက ဓားများ ကိုယ်စီကိုင်ဆောင်ကာ ဘဏ်ငွေသွင်းကောင်တာ စားပွဲပေါ်ရှိ ငွေကျပ် ၁၉၅၅ သိန်းအား အသင့်ယူဆောင်လာသည့် လက်ဆွဲဆာလာအိတ်အတွင်း ထည့်၍ ငွေများအားယူဆောင်ကာ ကျောက်မဲမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်လှစ်စုံစမ်း စစ်ဆေးခဲ့ပါသည်။

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ ပိတ်ဆို့ ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ သီပေါမြို့ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်သူများသည် လုယက်ရာတွင် အသုံးပြုခဲ့သည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်အား ယာဉ်အမှတ် YGN 3E/4798 နံပါတ်အစား SHN 3G/7275 နံပါတ်အား ပြောင်းလဲတပ်ဆင်၍ သီပေါမြို့မှ ကျောက်မဲမြို့သို့ ကျောက်မဲတိုးဂိတ်အား ဖြတ်သန်းမောင်းနှင်ထွက်ခွာသွားကြောင်း ဖော်ထုတ်သိရှိရ သဖြင့် အဆိုပါယာဉ်အား နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ လုပ်ပါကျေးရွာအနီး လမ်းဘေးတွင် ရပ်တန့်လျက် တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

ဆက်လက်၍ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကွင်းဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စီးနင်းမောင်းနှင်အသုံးပြုခဲ့ပြီး လုယက်မှုကျူးလွန်ရာတွင် မသင်္ကာတရားခံဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သာစည်ရွာသစ်ကျေးရွာနေ တရားခံ သော်ဇင်အုံး(၃၂)နှစ် (ဘ)ဦးဇော်ဇော်မင်းအား ပုသိမ်ကြီး မြို့နယ်၊ မင်္ဂလာကျေးရွာ၌ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါသည်။

တရားခံ သော်ဇင်အုံး၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် သီပေါမြို့နယ်ရှိ ကမ္ဘောဇဘဏ် လုယက်မှုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်လုယက်ခဲ့ခြင်းမရှိသော်လည်း လုယက်ရန် စီစဉ်နေသည့် အချိန်တွင် ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် လုယက်မှုကျူးလွန်ရာတွင် မပါဝင် ခဲ့ကြောင်းနှင့် လုယက်မှုအား ၎င်း၏ သူငယ်ချင်းများဖြစ်သည့် ငွေလင်းထွန်း၊ ပြည့်စုံဝင်းဆင်နှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့ ၃ ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။

သော်ဇင်အုံး၏ထွက်ဆိုချက်အရ အထူးအမှုစစ်အဖွဲ့သည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ရပ်ကွက်နေ ငွေလင်းထွန်း(၂၈)နှစ် (ဘ)ဦးတင်စိုး နှင့် ၎င်း၏ရည်းစားဖြစ်သူ ဘူတာရပ်ကွက်နေ နှင်းနှင်းဦး(၃၀)နှစ်(ဘ)ဦးမြင့်မောင်တို့ ၂ ဦးအား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၄၇ လမ်းနှင့် ၄၈ လမ်းကြား၊ (၁၀၅)လမ်းရှိ “ထွန်း”တည်းခိုခန်းအရှေ့၌လည်းကောင်း၊ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်နေ ပြည့်စုံဝင်းဆင် (၂၉)နှစ် (ဘ)ဦးမာဆင်းနှင့် ဇနီးဖြစ်သူ မဆိုင်းပန်နူး(ခ)မြတ်နိုး (၂၇)နှစ် (ဘ)ဦးခမ်းအောင်တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး အဝေးပြေး ယာဉ်ရပ်နားသည့်နေရာ၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်း ၅ လုံးနှင့် Tablet ၁ လုံး၊ မြန်မာငွေစက္ကူရောရာ ၆၈ သိန်း၊ အလေးချိန် ၁ ကျပ် ၆ ပဲ ၁ ရွေးခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၆ ပဲ ၅ ရွေးရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၃ ပဲ ၇ ရွေးရှိ လက်စွပ် ၁ ကွင်း၊ မှတ်ပုံတင် ၅ ခု၊ KBZ ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လက်ပတ်နာရီ ၁ လုံး၊ လက်ကိုင်ကျောပိုး အိတ် ၉ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး မျိုးမင်းဟန်(ခ)ပလောင်(၂၆)နှစ် (ဘ)ဦးမောင်တင်အား နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုးကားလမ်းဘေးရှိ “ရဲလင်းထွန်း” လေ/ဂဟေဆက်ဆိုင်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ဘူတာ ရပ်ကွက်ရှိ နှင်းနှင်းဦး ဖွင့်လှစ်ထားသည့် “ထွန်းတောက်”စက်ချုပ်ဆိုင်နှင့် ခြံဝင်းအတွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းစက်ချုပ်ဆိုင်နှင့် ခြံစည်းရိုးကြား၌ မြေကျင်းတူး၍ မြှုပ်နှံထားသော စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ် ၁၇၀ သိန်း၊ စက်ချုပ်ဆိုင်အတွင်းမှ ပိုက်ဆံအိတ် ၁ လုံးနှင့် ရွှေဘောက်ချာ ၂ ရွက်တို့အားလည်းကောင်း၊ ဘူတာရပ်ကွက်နေ ပြည့်စုံဝင်းဆင်၏ နေအိမ်အနောက် ဘက်ခြံစည်းရိုးထောင့်တွင် မြေကျင်းတူး၍ မြှုပ်နှံထားသော ကော်ပုံးအတွင်းမှ ငွေကျပ် ၃၄၀ သိန်း၊ ရွှေဘောက်ချာ ၄ ရွက်နှင့် နေအိမ်ရှေ့ရှိ သစ်ပင်အနီး၌ မြေကျင်းတူး၍ မြှုပ်နှံထားသော ကော်ပုံး အတွင်းမှ ငွေကျပ် ၃၃၅ သိန်းကိုလည်းကောင်း၊ နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်တွင် တရားခံ ပြည့်စုံဝင်းဆင်က လုယက်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားပြီး ရပ်စောက်မြို့နယ်၊ နောင်ဘို ကျေးရွာရှိ ငွေလင်းထွန်း၏အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်သန်း ပိုင် “မိသားစု” ထမင်းဆိုင်၌ သိမ်းဆည်း ထားရှိသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးအားလည်းကောင်း သိမ်းဆည်းရရှိခဲ့ပါသည်။

တရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၇ ရက်နေ့တွင် မန္တလေး-လားရှိုးပြည်ထောင်စု လမ်းမကြီးဘေး မိုင်တိုင်အမှတ် ၈၈ မိုင်နှင့် ၈၈ မိုင် ၁ ဖာလုံအကြားရှိ ချောက်ကမ်းပါးအတွင်း၌ လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၂ တောင့်နှင့် YGN 3E-4798 နံပါတ်ပါ ယာဉ်နံပါတ်ပြားတစ်ခုအား လည်းကောင်း၊ လုယက်ရာမှ ရရှိသည့်ငွေများဖြင့် နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက် အသုံးပြုပေးချေခဲ့သည့် ငွေကျပ်သိန်းပေါင်း (၁၆၇)သိန်းအားလည်းကောင်း၊ လုယက်ရာမှရရှိခဲ့သည့် ငွေကျပ် ၁,၀၆၅,၅၀ဝ ကျပ်ဖြင့် ဝယ်ယူထားသည့် ရွှေဆွဲကြိုး တစ်ကုံးအားလည်းကောင်း အသီးသီး ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လောင်းကစားများ ပြုလုပ်ကာ ငွေကြေးလိုအပ်ချက်အရ လုယက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြည့်စုံဝင်းဆင် သည် လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ) မြတ်နိုး၏ မောင်ဖြစ်သူ SSP/SSA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဝင် စိုင်းလီ(စိစစ်ဆဲ)ထံမှ Online မှတစ်ဆင့် ချိတ်ဆက်ကာ ငွေလင်းထွန်းနှင့်အတူ ကျသင့်ငွေ ၁၆၅၀၀၀၀ ကျပ်အား တဝက်စီ စိုက်ထုတ်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊

တရားခံ ပြည့်စုံဝင်းဆင်၊ ငွေလင်းထွန်း၊ မျိုးမြင့်ဟန်(ခ)ပလောင်တို့သည် ကျောက်မဲမြို့၊ ဈေးရှေ့ဘက်ရှိ တည်းခိုခန်း ၂ ခုတွင် တည်းခိုနေထိုင်ခဲ့ပြီး လုယက်မည့်ဘဏ်အား ၆ ရက်ခန့် အချိန် ယူကာ အခြေအနေလေ့လာစောင့်ကြည့်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် တွင် ၎င်းတို့ ၃ ဦးသည် သီပေါမြို့သို့ ထွက်ခွာလာခဲ့ပြီး သီပေါမြို့ပြည်သူ့ ဆေးရုံအနီး ယာဉ်အား ရပ်ကာ ဘဏ်တွင် လူရှင်း၊ မရှင်းစောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဘဏ်သို့ သွားရောက်ခဲ့ပြီး ပြည့်စုံဝင်းဆင်မှ ဘဏ်ရှေ့ရှိ ဘဏ်လုံခြုံရေးအား ငွေထုတ်ပုံထုတ်နည်း အား အာရုံလွှဲမေးမြန်းနေစဉ် ငွေလင်းထွန်းနှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့က နောက်မှဝင်ရောက် လာကာ ငွေလင်းထွန်းမှ ဘဏ်လုံခြုံရေးအား သေနတ်ဖြင့် ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက် ကာ ဘဏ်ဝန်ထမ်းများနှင့် ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ပြီး အသင့် ယူဆောင်လာသော ခရီးဆောင်အိတ် ၂ လုံးဖြင့် ငွေများထားရှိသည့် အခန်းသို့ ဝင်ရောက်ကာ ငွေများအား ထည့်သွင်း၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သီပေါမြို့မှ နောင်ချိုမြို့သို့ မောင်းနှင် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအား ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့မှ တစ်ဦးလျှင် ငွေကျပ်သိန်း ၆၇၀ စီနှင့် မျိုးမြင့်ဟန်(ခ) ပလောင်အား ငွေကျပ် သိန်း ၃၅၀ ကျပ်တို့ အသီးသီးခွဲဝေခဲ့ကြကြောင်းနှင့် ငွေလင်းထွန်း၏ရည်းစားဖြစ်သူ နှင်းနှင်းဦးနှင့် ပြည့်စုံဝင်းဆင်၏ ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ)မြတ်နိုးတို့သည် ဘဏ်လုယက်မှုကျူးလွန်ခဲ့ကြသည်ကို သိရှိရသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သည့်အပြင် လုယက်ရာမှ ရရှိခဲ့သည့် ငွေများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် ၎င်းငွေများဖြင့် ရွှေထည်ပစ္စည်းနှင့် အခြားဆက်စပ် ပစ္စည်းများဝယ်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဆက်လက်၍ အထူးအမှုစစ်အဖွဲ့သည် ဖမ်းဆီးရမိသည့်တရားခံများအား အသေးစိတ်ထပ်မံ စစ်ဆေးဖော်ထုတ်ခဲ့ရာ တရားခံဖြစ်သူ ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့သည် နဂါး(ခ) သန့်ဇင်ထွန်း နှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာတွင် ပြည့်စုံဝင်းဆင်မှ ဦးဆောင်စီစဉ်ကြီးကြပ်ပြီး မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်ပေးကာ ငွေလင်းထွန်းက သေနတ်ကိုင်ဆောင်ကာ နဂါး(ခ)သန့်ဇင်ထွန်းနှင့်အတူ ဘဏ်အတွင်း ဝင်ရောက်လုယက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာမှ ငွေကျပ် ၁၂၉၈.၈၁၅ သိန်းရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးမှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့ပါသည်။

၎င်းတို့ ၂ ဦး၏ထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ နဂါး(ခ)သန့်ဇင်ထွန်း အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နောင်ချို မြို့နယ်၊ ဘူတာရပ်ကွက်(ရှမ်းကုန်း)၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံဖြစ်သူ ငွေလင်းထွန်းနှင့် ပြည့်စုံဝင်းဆင်တို့ ၂ ဦးက လုယက်ရာမှ ရရှိသည့်ငွေများဖြင့် နောင်ချိုမြို့နယ်အတွင်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် အသုံးပြုပေးချေခဲ့သည့် ငွေကျပ်သိန်းပေါင်း (၁၄၀)သိန်းတို့အား ပြန်လည်သိမ်းဆည်းရရှိခဲ့ပါသည်။

အထက်ပါလုယက်မှုဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူ တရားခံ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၁၂၂၀ သိန်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲသီး တစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ Tablet ၁ လုံး၊ ရွှေဘောက်ချာ ၆ ရွက်နှင့် ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ၁ စီးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေး ဖော်ထုတ် သိမ်းဆည်း၍ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။   

Post a Comment

Previous Post Next Post